Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၁။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားပြည်သူတွေအပါအဝင် ဆက်စပ်ပါဝင်သူအားလုံး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရရှိစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က စက်တင်ဘာလ ၂၁ ရက်နေ့၊ဒီနေ့ထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ လူ့အခွင့်အရေးတွေကို အပြည့်အဝ ခံစားနိုင်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တာကြောင့် ရှည်ကြာတည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လူ့အခွင့်အရေးကို လေးစားကာကွယ်မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါဖော်ပြချက်တွေအတိုင်း လူသားအားလုံးရဲ့ မွေးရာပါအခွင့်အရေးတွေကို အသိအမှတ်ပြုတာဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ခုနှစ်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “Invest in Peace: For Everyone, Everywhere, Everyday” ဆိုတဲ့ အချက်နဲ့အညီ လူတိုင်း၊နေရာတိုင်းနဲ့ နေ့ရက်တိုင်းမှာ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဖော်ဆောင်ကြရမယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသအပါအဝင် တော်လှန်ရေးတပ်တော်ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပြီး စာသင်ကျောင်း၊ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေနေ့စဉ်နဲ့အမျှ ထိခိုက်၊သေဆုံးမှုတွေမြင့်တက်နေပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေဟာအသက်အန္တရာယ်စိုးရိမ်နေကြရပြီး အရေးပေါ် စားနပ်ရိက္ခာနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်အရေအတွက်လည်း တနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေတာဖြစ်ပါတယ်။








