Shin Myat Phyu

Shin Myat Phyu

ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ အာရက္ခပြည်သူ့အစိုးရ တရားဝင်ဆက်ဆံရေးထူထောင်မယ်

Border News Agency  ​ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၂၆။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာခါလီလူရာမန်ဆီကို အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဂုဏ်ပြုသဝဏ်လွှာတစ်စောင် တရားဝင်ပေးပို့လိုက်ပါတယ်။ ​ဒါဟာ အာရက္ခပြည်အတွင်းက နယ်စပ်ဒေသတွေကို AA က ထိန်းချုပ်ထားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရဆီကို ပထမဆုံးအကြိမ် တရားဝင်ဆက်သွယ်လိုက်တာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာပါ။ ​ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ သဝဏ်လွှာထဲမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်ကြား မိတ်ဖက်ဆက်ဆံရေး လမ်းကြောင်းသစ်တခုကို အတူတကွပုံဖော်သွားဖို့ အသင့်ရှိနေကြောင်း ကမ်းလှမ်းထားပါတယ်။ ​ဒါ့အပြင် ဒေသတွင်းကမူဆလင်ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျကျ၊ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်လိုတယ်လို့ ဆိုပါတယ်။ ​ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း မူဆလင်အရေးနဲ့ပတ်သက်ပြီး စစ်ကော်မရှင်တပ်ရော၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ပါနှစ်ဖက်စလုံး ဆက်သွယ်ပြောဆိုမှုတွေရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် BSS သတင်းဌာနက ဖော်ပြပါတယ်။ ​အခုလို AA ဘက်က တရားဝင်စာပေးပို့လာမှုဟာ ရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်ကြား တရားဝင်ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ ခြေလှမ်းစလိုက်တာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမီးလောင်

Border News Agency  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆။ ​ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် ငမိုးရိပ်လမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံမှာ ဖေဖော်ဝါရီလ ၂၆ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသုံးအဆောင်ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  ​အဲဒီမီးဟာ စက်ရုံရှေ့မှာစုပုံထားတဲ့ ဖော့ဘူးတွေနဲ့စက္ကူပုံးတွေကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တနာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရသလို ပင်မစက်ရုံထဲကိုတော့ မီးမကူးအောင် တားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ​ဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး Level 1 အဆင့်နဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့လို့ မွန်းတည့် ၁၂ နာရီကျော်မှာတော့ မီးလုံးဝငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ​ဝါးတရာစက်မှုဇုန်အတွင်းမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၁၈ ရက်နေ့ကလည်း အခြားစက်ရုံတစ်ရုံ Level 2 အဆင့်အထိ မီးလောင်ခဲ့သေးတာကြောင့် အခုဆိုရင် တပတ်အတွင်းမှာတင် စက်ရုံမီးလောင်မှု နှစ်ကြိမ်ရှိလာပါပြီ။ ​အဲဒါကြောင့် လတ်တလောမှာတော့ မီးစတင်လောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အတိအကျကို သိရှိနိုင်ဖို့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့

​မဲဆောက်မှာအလုပ်သမားပါမစ်မရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာ ၅ ဦး ဖမ်းဆီးခံရ

Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၂၆။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ နေရာနှစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က လဝကနဲ့အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ မဲဆောက်မြို့၊ ချစ်ဝနာလမ်းရှိ "နိုရာ" အမည်ရှိအစားအသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၄၅ နှစ်နဲ့ ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ဦးကို ပါမစ်မရှိဘဲ အလုပ်လုပ်နေတာကြောင့် ဖမ်းဆီးခဲ့တာပါ။ ​အဲဒီနောက် ချစ်ဝနာလမ်းထဲမှာပဲရှိတဲ့ အမည်မဖော်ထားတဲ့ အလုပ်သမားအေဂျင်စီရုံးတခုကို ထပ်မံစစ်ဆေးခဲ့ရာမှာလည်း အလုပ်သမားပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ​အဲဒီဖမ်းဆီးခံရသူ ၅ ဦးလုံးဟာ အလုပ်သမားလက်မှတ် ဒါမှမဟုတ် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေကြတာဖြစ်လို့ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ ​လတ်တလောမှာတော့ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်ထားပြီး နယ်စပ်ဒေသတွေမှာ အခုလိုစစ်ဆေးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo - PR Kanchanaburi

ထိုင်းမှာ မြန်မာလုပ်သား ၆၀ နီးပါးတင်လာတဲ့မှောင်ခိုကားတိမ်းမှောက်လို့၂၀ ကျော် ဒဏ်ရာရ

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်းမှာ ဖေဖော်ဝါရီလ၂၆ ရက်၊ ဒီနေ့မနက် ၇ နာရီအချိန်ခန့်ကအထောက်အထားမဲ့ မြန်မာလုပ်သား ၆၀ နီးပါးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးရာကနေ လမ်းဘေးကိုအရှိန်လွန်တိမ်းမှောက်သွားခဲ့ပါတယ်။ ​ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မသင်္ကာဖွယ် Mitsubishi ပစ်ကပ်ကားကို တားဆီးစစ်ဆေးဖို့ ကြိုးစားခဲ့ပေမယ့် ကားမောင်းသမားက ရပ်တန့်တာမရှိဘဲ ဆိုင်းယော့ခ်ဘက်ကနေ ကန်ချနပူရီမြို့ထဲကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးခဲ့တာပါ။ အဲဒီလိုမောင်းပြေးစဉ် ဝမ်ဒုန်းတိုက်နယ်၊ နောင်ဆမ်ဖရန်ကျေးရွာအနီးမှာ ကားတိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါလာတဲ့ မြန်မာလုပ်သားတွေဟာ လမ်းမပေါ်ကို လွင့်စင်ပြန့်ကျဲသွားခဲ့ရာမှာ စုစုပေါင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ အဲဒီ ဒဏ်ရာရသူတွေကိုတော့ ဒေသခံဖိထပ်ကန် ကယ်ဆယ်ရေးအဖွဲ့က ပဟွန်ဖွန်ဖယူဟာသေနာ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာမရဘဲကျန်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ဥပဒေအရအရေးယူဖို့ ကန်ချနပူရီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီ ​ကားမောင်းသမားက အခင်းဖြစ်ပြီးနောက် အသင့်စောင့်နေတဲ့ ဗန်ကားတစီးနဲ့ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဒါဟာစနစ်တကျချိတ်ဆက်လုပ်ဆောင်တဲ့ မှောင်ခိုဂိုဏ်းတခုဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကယူဆနေကြောင်း ကန်ချနပူရီခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ထိုင်းဘုရင့်တပ်မတော်

မြန်မာဘက်လွှင့်တဲ့ တရားမဝင်ဖုန်းလိုင်းစက်တွေကို ထိုင်းစစ်တပ်ဝင်သိမ်း

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ​ထိုင်း - မြန်မာနယ်စပ် ကန်ချနပူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လွှင့်ထုတ်ပေးနေတဲ့ စက်ပစ္စည်းတွေကို အာဏာပိုင်တွေကဝင်ရောက်သိမ်းဆည်းလိုက်တယ်လို့ ထိုင်းဘုရင့်တပ်မတော်က ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။  ထိုင်းစစ်တပ်စူရသီတပ်ဖွဲ့ နဲ့ ဆက်သွယ်ရေးကော်မရှင် (NBTC) တို့ ပူးပေါင်းပြီး စံခလဘူရီမြို့နယ်ထဲက ပုဂ္ဂလိကဖုန်းလိုင်းလွှင့်စင်တခုကို ဝင်ရောက်စစ်ဆေးခဲ့ရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာပါ။ ​အဲဒီဖုန်းလိုင်းလွှင့်စင်ဟာ ထိုင်းအစိုးရဆီက ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းကို တိုက်ရိုက်အချက်ပြလှိုင်းတွေ လွှင့်ထုတ်ပေးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ​အဲဒီသိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ အင်တင်နာတိုင် ၄ တိုင်၊ ရေဒီယိုအချက်ပြထိန်းချုပ်စက် ၆ လုံးနဲ့ လစ်သီယမ်ဘက်ထရီတွေအပါအဝင် အရေးကြီးဆက်သွယ်ရေးပစ္စည်း အမြောက်အမြား ပါဝင်ပါတယ်။ ​အဲဒီ ဒီပစ္စည်းတွေကို သက်သေအဖြစ်သိမ်းဆည်းထားပြီး ပတ်သက်သူတွေကို အရေးယူဖို့ပြင်ဆင်နေသလို တရားမဝင် လွှင့်တင်ထားတဲ့ ဖုန်းတိုင်တွေကိုလည်း ဆက်လက်ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - စစ်ကော်မရှင်

​စစ်ခေါင်းဆောင်နဲ့ ထိုင်းလေတပ်ဦးစီးချုပ်တို့ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဖို့ဆွေးနွေး

Border News Agency  နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆။ ​အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha တို့ဦးဆောင်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ​ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရေးကိစ္စတွေအပြင် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လေတပ်အချင်းချင်း အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်တွေ သွားရောက်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ အဲဒီဆွေးနွေးမှုအတွင်း စစ်ခေါင်းဆောင်ဘက်က သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေတွေနဲ့ မကြာခင်မှာ လွှတ်တော်ကျင်းပသွားမယ့် အစီအစဉ်တွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ​ဒါ့အပြင် တပ်မတော်နှစ်ရပ်အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ လေ့ကျင့်ရေးလုပ်ငန်းတွေကို ဆက်လက်တိုးမြှင့်သွားဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေဖို့အတွက်လည်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ​ဒီတွေ့ဆုံပွဲကို စစ်ခေါင်းဆောင်ဘက်က ရဲဝင်းဦး၊ ထွန်းအောင်တို့နဲ့အတူ ထိုင်းစစ်သံမှူးတို့လည်း တက်ရောက်ခဲ့ကြတာပါ။

Photo - We Love Paletwa

ပလက်ဝမှာ မီးလောင်ပျက်စီးသွားတဲ့ နေအိမ် ၁၀ လုံးအတွက် HDCO ထောက်ပံ့

Border News Agency ပလက်ဝ၊ ဖေဖော်ဝါရီ ၂၆။ ​ချင်းပြည်၊ ပလက်ဝမြို့နယ်က တွီကင်းဝကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံး ပျက်စီးသွားခဲ့ရပါတယ်။ ​အဲဒီလိုအခက်အခဲဖြစ်နေတဲ့ မီးဘေးသင့်အိမ်ထောင်စုတွေအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကနေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အရေးပေါ်ပစ္စည်းတွေ သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။ ​အဲဒီ ထောက်ပံ့ပေးခဲ့တဲ့အထဲမှာတော့ အိုးခွက်ပန်းကန်တွေ၊ ခြင်ထောင်၊ တာပေါ်လင်စနဲ့ အရေးပေါ်အမိုးအကာပစ္စည်းတွေအပြင် တခြားလူသုံးကုန်ပစ္စည်း စုစုပေါင်း ၁၆ မျိုး ပါဝင်တယ်လို့ သိရပါတယ်။ ​ဒီမီးလောင်မှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၁ ရက်နေ့ ညနေပိုင်းက နေအိမ်တလုံးမှာရေနွေးတည်ရာကနေ ဝါးထရံကို မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ နေအိမ်တွေဆုံးရှုံးသွားလို့ နေထိုင်ရေးခက်ခဲနေတဲ့ ဒေသခံတွေအတွက် အခုလို HDCO ရဲ့ ကူညီမှုတွေက အချိန်ကိုက်ဖြစ်ပြီး အများကြီးအထောက်အကူဖြစ်စေပါတယ်။

Photo - SMART Soldiers Strong ARMY

ပဋိပက္ခနယ်မြေက ပြည်သူကိုကယ်ထုတ်ရေး  Cobra Gold မှာ သုံးနိုင်ငံ ပူးပေါင်းလေ့ကျင့်

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ​Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ထိုင်း၊ ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်မက်ဖြစ်ပွားရာ နယ်မြေတွေထဲကနေ အရပ်သားတွေကို ဘေးကင်းအောင် စနစ်တကျ ကယ်ထုတ်နိုင်ဖို့ (NEO) လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ ​အဲဒီလေ့ကျင့်ခန်းမှာ ထိုင်းကြည်းတပ်ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက လေတပ်၊ ရေတပ်တွေနဲ့ ပူးပေါင်းပြီး လူစုလူဝေးကို ထိန်းချုပ်တာ၊ စိစစ်တာနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပို့ဆောင်ပေးတာတွေကို ဆက်တိုက်လေ့ကျင့်ခဲ့တာပါ။ ​ဒါဟာ လူတွေကိုရွှေ့ပြောင်းပေးရုံတင်မဟုတ်ဘဲ အလွန်ဖိအားများတဲ့ အခြေအနေတွေအောက်မှာ မိတ်ဖက်နိုင်ငံတွေအချင်းချင်း ဘယ်လောက်အချိတ်အဆက်မိမိနဲ့ တိတိကျကျပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတာကို စမ်းသပ်တာလည်း ဖြစ်ပါတယ်။ ​အဲဒီ အစီအစဉ်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ခဲ့ကြပြီး မနက်ဖြန်မှာတော့ရယောင်းခရိုင်က အမှတ် ၂၀၁ စစ်ဘက်လေဆိပ်မှာ အမေရိကန်နဲ့ ဂျပန် သံအမတ်ကြီးတွေရှေ့မှာ လက်တွေ့စစ်ရေးပြသသွားမှာပါ။ ​အခုလို ကြိုတင်ပြင်ဆင်လေ့ကျင့်တာဟာ ဘယ်လိုအရေးပေါ်အခြေအနေမျိုးမှာမဆို ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့နဲ့ ဒေသတွင်းစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာစေဖို့ ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)

ခင်ဦးမှာ အိမ်တွေမီးရှို့တဲ့ စစ်ကော်မရှင်တပ်ဗိုလ်မီးရှို့ကိုကိုတိုက်ပွဲအတွင်း သေဆုံး

Border News Agency  ​ခင်ဦး၊ ဖေဖော်ဝါရီ ၂၅။ ​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူ့နေအိမ်တွေကိုလိုက်မီးရှို့နေတဲ့ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ဗိုလ်တဦးသေဆုံးကာ လက်နက်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖေဖော်ဝါရီလ ၂၅ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီခင်ဦးဆေးရုံကနေထွက်လာတဲ့ စစ်ကော်မရှင်တပ် အင်အား ၄၀ လောက်ဟာ ခင်ဦး - ရေဦး လမ်းတလျှောက်က အိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ ဆန်စက်တွေကိုအကြောင်းမဲ့ လိုက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ကို မြို့နယ်ပကဖ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နာရီပိုင်းအကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ​ဒီတိုက်ပွဲအတွင်းမှာ မီးရှို့ကိုကို လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဗိုလ်ကျော်ကိုကိုဦးသေဆုံးသွားပြီး နောက်ထပ်စစ်သားတဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ဗိုလ်ရဲ့ရုပ်အလောင်းကိုတော့ ဒီနေ့နေ့လယ်ပိုင်းမှာပဲ ခင်ဦးသုသာန်မှာ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။ ​တိုက်ပွဲအပြီးမှာ တော်လှန်ရေးအဖွဲ့တွေဘက်က MA - 1 သေနတ်တလက် သိမ်းဆည်းရရှိခဲ့ပြီး ပကဖ ရဲဘော်တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ ခင်ဦးနယ်ထဲမှာ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြရပြီး ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ ခုခံစစ်တွေဆက်လုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - AA

ယိုးငူလေကြောင်းတိုက်ခိုက်ခံမှု ကလေး ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်လို့သေဆုံး၊ ဒဏ်ရာရရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအသက် ၁၃ နှစ်အရွယ် မောင်ပြည့်ငြိမ်းစိုး၊ အသက် ၁၄ နှစ်အရွယ် မမိုးသဇင်၊ အသက် ၇ နှစ်အရွယ် မမျိုးသက်နွယ် နဲ့ အသက် ၁၃ နှစ်အရွယ် မအိမြတ်ဝေ တို့ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် အသက် ၆ နှစ်အရွယ် မမြတ်စန္ဒာစိုး၊ အသက် ၄ နှစ်အရွယ် မခိုင်စန္ဒာလင်း နဲ့ အသက် ၇ နှစ်နှစ်အရွယ်မသွယ်သွယ်ဖြိုး တို့ ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  အဲဒီလို လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊ စျေးတွေ၊ စစ်သုံ့ပန်းထားရှိတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် အရပ်သားတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။

Page 3 of 38 1 2 3 4 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here