Shin Myat Phyu

Shin Myat Phyu

ဓာတ်ပုံ - လူမှုကွန်ရက်

တွန်းဇံမြို့နယ်ရှိလူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်

Border News Agency တွန်းဇံ၊ ဖေဖော်ဝါရီ ၂၃။ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိလူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံမြို့နယ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီ တပ်သားသစ်စုဆောင်းတာကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး စုဆောင်းသွားမယ်လို့ ဆိုပါတယ်။ တွန်းဇံမြို့နယ်ကောင်စီကဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပထမအကြိမ် Zoom အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။ တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်တွေနဲ့ တွန်းဇံမြို့ကိုရောက်ရှိလာတဲ့ အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြားရှိလူငယ်တွေကို အဓိကထားစုဆောင်းမှာလို့ ဆိုပါတယ်။ အဲဒါကြောင့် တွန်းဇံမြို့နယ်အတွင်းနေထိုင်ကြတဲ့ လူငယ်တွေနဲ့ ပြင်ပမှရောက်လာကြတဲ့ လူငယ်တွေကို CDF - တွန်းဇံဇိုတပ်ဖွဲ့နဲ့ CC တပ်ပေါင်းစုအတွက် တပ်သားစုဆောင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

Photo - N. Biren Singh

​အိန္ဒိယအစိုးရက မြန်မာနယ်စပ်မှာ FMR ကိုရပ်ဆိုင်းပြီး Biometric စနစ်နဲ့စစ်ဆေးမယ်

Border News Agency ​အိန္ဒိယ၊ ဖေဖော်ဝါရီ ၂၃ ။ ​အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတလျှောက်မှာ ကာလရှည်ကြာကျင့်သုံးခဲ့တဲ့ လွတ်လပ်စွာကူးသန်းသွားလာခွင့် (FMR) စနစ်ကို အပြီးတိုင်ရပ်ဆိုင်းပါတယ်။ အဲဒါကြောင့် နယ်စပ်လုံခြုံရေးအတွက် Biometric နည်းပညာသုံးစစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်တော့မှာလို့ မဏိပူရ်ပြည်နယ်ရဲ့ဝန်ကြီးချုပ် N. Biren Singh က တရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။ အဲဒီ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီနဲ့ ပြည်ထဲရေးဝန်ကြီးအာမစ်ရှာတို့ ဦးဆောင်တဲ့ အိန္ဒိယအစိုးရဟာ အိန္ဒိယ - မြန်မာနယ်စပ်တလျှောက်မှာ ခြံစည်းရိုးခတ်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးအပြီးသတ်ဖို့ တွန်းအားပေးနေပါတယ်။ ကာလရှည်ကြာစွာ လျစ်လျူရှုခံထားရတဲ့ နယ်စပ်လုံခြုံရေးဟာ အခုအခါမှာတော့ အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတဲ့အဆင့်မှာရှိနေပြီး ခြံစည်းရိုးခတ်တာကြောင့် တရားမဝင်ဝင်ရောက်မှုတွေကို ထိရောက်စွာတားဆီးနိုင်မှာဖြစ်တယ်လို့ အစိုးရကရှုမြင်နေပါတယ်။ FMR စနစ်ကို ရပ်ဆိုင်းလိုက်တဲ့အတွက် နယ်စပ်ဖြတ်ကျော်မယ့်သူတိုင်းဟာ ပြည်ဝင်ခွင့်ဗီဇာရယူရတော့မှာဖြစ်သလို ဝင်ရောက်လာသူတွေရဲ့ လက်ဗွေနဲ့မျက်နှာသွင်ပြင်ဆိုင်ရာ (Biometric) အချက်အလက်တွေကိုလည်း စနစ်တကျ မှတ်တမ်းတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းဟာ နယ်စပ်ဒေသတွေမှာ ခိုအောင်းနေနိုင်တဲ့ တရားမဝင်ဝင်ရောက်လာသူတွေကို တိတိကျကျစိစစ်ဖော်ထုတ်နိုင်ဖို့အတွက် အဓိကကျတဲ့လုပ်ငန်းစဉ်တခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။  မဏိပူရ်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တရားမဝင်လူဝင်မှုကြီးကြပ်ရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒေသခံပြည်သူတွေက နယ်စပ်ကိုအသေပိတ်ဖို့နဲ့ စနစ်တကျစောင့်ကြည့်ဖို့ အစဉ်တစိုက်တောင်းဆိုခဲ့ကြတာပါ။ အခုလို အစိုးရရဲ့လုပ်ဆောင်ချက်ဟာ ဒေသခံမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု၊ အခွင့်အရေးနဲ့ နောင်လာနောက်သားတွေရဲ့ အနာဂတ်လုံခြုံရေးကို ကာကွယ်ပေးရာရောက်တယ်လို့ မဏိပူရ်ပြည်သူတွေက ယုံကြည်နေကြပါတယ်။ ​မဏိပူရ်ပြည်သူတွေဟာ ဒီလုပ်ငန်းစဉ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ မျှော်လင့်နေကြပြီး အစိုးရအနေနဲ့လည်း တရားမဝင်ဝင်ရောက်လာသူတွေကိုဖော်ထုတ်ကာ ဥပဒေနဲ့အညီအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - Ratchamanu Task force

​ရွှေကုက္ကိုလ်မှထွက်ပြေးလာတဲ့ တရုတ်၂၀ ဦးသောင်ရင်းမြစ်ကိုဖြတ်ကူးချိန်ဖမ်းခံရ

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၂၃။ ​မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေကုက္ကိုလ်ကျားဖြန့် (Online Scam) လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၂၀ ဦးကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းမှာဖေဖော်ဝါရီလ ၂၃ ရက်၊ဒီနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။  အဲဒီ ​ထိုင်းတော်ဝင်ကြည်းတပ်ရဲ့ ရာ့ချ်မနူး အထူးစစ်ကြောင်း (Ratchamanu Task Force) ဟာ နယ်စပ်ကင်းလှည့်နေစဉ်အတွင်း မဲဆောက်မြို့နယ်၊ မဲပတိုက်နယ်ရှိ ဘန်ဝမ်ကောကျေးရွာအနီးမှာ အထုတ်အပိုးတွေမြှောက်ကိုင်ပြီး သောင်ရင်းမြစ်ကိုဖြတ်ကျော်လာတဲ့လူတစုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ ထိုင်းဘက်အခြမ်း ရောက်ရှိလာချိန်မှာ တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေစစ်ဆေးခဲ့တာပါ။ အဲဒီလို​စစ်ဆေးခဲ့တာကြောင့် ဖမ်းဆီးရမိသူ ၂၀ ဦးထဲက ၄ ဦးမှာသာ နိုင်ငံကူးလက်မှတ် (Passport) ရှိပြီး ကျန် ၁၆ ဦးမှာတော့ ခရီးသွားလာခွင့်အထောက်အထားမရှိဘူးလို့ သိရပါတယ်။ သူတို့အားလုံးဟာ တရားဝင်နယ်စပ်ဂိတ်ကမဟုတ်ဘဲ သဘာဝအတားအဆီးကိုဖြတ်ကျော်ကာ တရားမဝင်ခိုးဝင်မှုနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ ​အဲဒီ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဆီလွှဲပြောင်းပေးအပ်ထားပါတယ်။ အဲဒီ မဲဆောက်မြို့နယ် ဝမ်ကောကျေးရွာနဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းက ရွှေကုက္ကိုလ်ကျားဖြန့်လုပ်ငန်းတွေကနေ အခုလိုနိုင်ငံခြားသားတွေ တရားမဝင်ခိုးဝင်ထွက်ပြေးမှုတွေဟာ ဆက်တိုက်ဆိုသလိုရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

Photo - Royal Thai Army

​ထိုင်း၊ ထာ့လီမြို့မှာမူးယစ်ဆေးဝါးတွေနဲ့အတူ ဆိုင်ကယ်သမားတဦး ဖမ်းဆီးရမိ

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၂၃ ။ ​ထိုင်းနိုင်ငံ၊ လွယ်ပြည်နယ်၊ ထာ့လီမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်က မူးယစ်ဆေးဝါးတွေနဲ့အတူ  ထွက်ပြေးဖို့ကြိုးစားတဲ့လူငယ်တဦးကို ထိုင်းအထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီ ​အထူးအမှတ် ၂၁၀၂ ခြေလျင်တပ်ရင်းက နောင်ဖွန်းကျေးရွာအနီးမှာ လုံခြုံရေးအရစစ်ဆေးရေးဂိတ်ဖွင့်ပြီးစစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာတဲ့လူငယ်တဦးကို ရပ်တန့်စစ်ဆေးဖို့အချက်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီလူငယ်ဟာရပ်တန့်တာမရှိဘဲ စစ်ဆေးရေးဂိတ်က အတားအဆီးတွေကိုတိုက်မိပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ဆိုင်ကယ်လဲကျသွားချိန်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီနောက် သူ့ကိုရှာဖွေစစ်ဆေးခဲ့ရာမှာ ဘောင်းဘီအိတ်ထဲမှာ ဝှက်ထားတဲ့စိတ်ကြွဆေးပြား ၁၂၇ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လူငယ်ကိုဥပဒေအရအရေးယူနိုင်ဖို့ ထာ့လီရဲစခန်းကို ပေးပို့ထားတယ်လို့ဆိုပါတယ်။

Photo - People’s Defense Comrade

ဟုမ္မလင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၇ ဦး သေဆုံး

Border News Agency  ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂၃။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပဲနုပ်ဆွပ်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade က ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေ ၃ နာရီအချိန်မှာ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ပဲနုပ်ဆွပ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးထဲမှာလည်း အခြေအနေစိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ နေ့လည် ၁ နာရီဝန်းကျင်မှာလည်း ကျွန်းလှမြို့နယ်အနောက်ခြမ်း၊ သဖန်းဆိပ်ဆည်အနီးကို ၅ ကြိမ်တိုင်တိုင်လေကြောင်းတိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၄ စီးဟာ ဟုမ္မလင်းလေတပ် (ဟလခ) သို့ ရောက်ရှိနေပြီး  ဟုမ္မလင်းနဲ့ဖောင်းပြင်နယ်အတွင်းရှိ မိဘပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့နဲ့ လူစုလူဝေးနေရာတွေကို ရှောင်ကြဉ်ဖို့ PDC က အသိပေးထားပါတယ်။

Photo - TariqueRahman.info

​ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် စစ်ဌာနချုပ်ရှိဝန်ကြီးချုပ်ရုံးမှာ ပထမဆုံးအကြိမ်ရုံးထိုင်

Border News Agency ​ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် တာရက်ခ်ရာမန်ဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မှာ ဒါကာစစ်တပ်နယ်မြေထဲက လက်နက်ကိုင်တပ်ဖွဲ့များဌာနချုပ်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးခန်းကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ရုံးထိုင်ခဲ့ပါတယ်။ ​ဝန်ကြီးချုပ်ဟာ မနက် ၉ နာရီမှာ ရုံးကိုရောက်ရှိလာတာဖြစ်ပြီး တပ်ဖွဲ့အသီးသီးက အကြီးအကဲတွေက သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်က တပ်ဖွဲ့အကြီးအကဲတွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ​ဒါ့အပြင် ဝန်ကြီးချုပ်ဟာ ရာထူးတိုးမြှင့်ခံရတဲ့ ကြည်းတပ်အရာရှိကြီးနှစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မီရ်မွတ်ရှ်ဖီကာ ရာမန် နဲ့ ဗိုလ်ချုပ် ကိုင်ဆာရာရှစ်ချောင်ဒရီတို့ကို အဆင့်တံဆိပ်တွေ ကိုယ်တိုင်တပ်ဆင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ တပ်ရင်း

ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ နယ်မြေအတွင်း ညဘက်သွားလာခွင့်တားမြစ်

Border News Agency ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၂၃။ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃နယ်မြေအတွင်း သွားလာလှုပ်ရှားနေထိုင်ကြတဲ့ပြည်သူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ  ညဘက်သွားလာခွင့်တားမြစ်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီဂန့်ဂေါခရိုင် တပ်ရင်း ၁၃ လှုပ်ရှားနယ်မြေဖြစ်တဲ့လမ်းတွေကို ည ၈နာရီမှ မနက် ၆ နာရီအတွင်း လုံခြုံရေးအခြေအနေအရ လုံးဝဖြတ်သန်းသွားလာခွင့်မပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်လိုက်တာပါ။ ဆော၊ ကျောက်ထု၊ မင်းတပ်လမ်းတွေကို လုံခြုံရေးအခြေအနေအရ စစ်ဆေးနေလို့ ပြည်သူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ အသိပေးထားပါတယ်။ ကန့်သတ်ထားတဲ့နယ်မြေကို ခုအချိန်မှာ ဂန့်ဂေါခရိုင်အတွင်းမှ တပ်ရင်းတပ်ဖွဲ့တွေမှလွဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို သက်ဆိုင်ရာခရီးသွားလာခွင့် (MO) ပါမှသာ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ဆိုပါတယ်။ အရေးပေါ်ကိစ္စတွေနဲ့သွားလာလိုရင် ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ ဆီကိုအကြောင်းကြားမှ ခွင့်ပြုမှာဖြစ်ပြီး ကန့်သတ်ထားတဲ့ အချိန်မှာအကြောင်းမကြားပဲသွားလာခဲ့ရင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

ဂိုဏ်းချုပ်အယ်လ်မန်ချို အသတ်ခံရပြီးနောက် မက္ကဆီကိုမှာတိုက်ပွဲတွေပြင်းထန်

Border News Agency  ​မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၃ ။ ​မက္ကဆီကိုနိုင်ငံရဲ့သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းချုပ် အယ်လ်မန်ချို (El Mencho) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က စစ်တပ်ရဲ့စီးနင်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ အဲဒီလို အသတ်ခံရပြီးနာရီပိုင်းအတွင်းမှာတင် သူ့ရဲ့နောက်လိုက်တွေက ပြည်နယ်အတော်များများမှာ လက်စားချေတိုက်ခိုက်တာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ အဲဒီ​လက်နက်ကိုင်ဂိုဏ်းဝင်တွေဟာ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့တာ၊ မော်တော်ကားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ထိတ်လန့်မှုတွေဖြစ်ပေါ်နေပြီး Air Canada၊ United Airlines နဲ့ Aeromexico အစရှိတဲ့ လေကြောင်းလိုင်းတွေဟာ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။ ​CJNG ဂိုဏ်းဝင်တဦးရဲ့အဆိုအရ အခုတိုက်ခိုက်မှုတွေဟာ ခေါင်းဆောင်အသတ်ခံရတာကိုမကျေနပ်လို့ အစိုးရကိုလက်စားချေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်နေရာကိုလုယူဖို့အတွက် ဂိုဏ်းအတွင်းအုပ်စုအချင်းချင်းကြား  သတ်ဖြတ်မှုတွေ ထပ်မံဖြစ်လာဦးမယ်လို့ သတိပေးထားပါတယ်။

Photo - MVRF

ပခုက္ကူခရိုင် အမှတ်၆တပ်ရင်းရဲ့ စစ်ရေးစွမ်းရည်မြှင့်သင်တန်းဆင်းပွဲ

Border News Agency ​မြိုင်၊ ဖေဖော်ဝါရီ ၂၃။ ​မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF) ပခုက္ကူခရိုင်၊ အမှတ် ၆ တပ်ရင်းမှာ စစ်ရေးစွမ်းရည်မြှင့်စုဖွဲ့လေ့ကျင့်မှု ရက်တိုသင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။ ​အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် စစ်စည်းကမ်းကောင်းမွန်တဲ့တပ်အဖြစ်တည်ရှိနိုင်ဖို့ စုဖွဲ့လေ့ကျင့်မှုတွေကို နှစ်စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီသင်တန်းဆင်းရဲဘော်တွေဟာ စစ်ရေးလေ့ကျင့်မှုတွေကို တာဝန်ယူမှုအပြည့်နဲ့ ဆောင်ရွက်ခဲ့ကြပြီး တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းအနေနဲ့ လက်ရှိစိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံပြီး သစ္စာ၊ စည်းကမ်း၊ တာဝန်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ဝန်းရံပေးနေကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။

ဓာတ်ပုံ - ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ

​ပေါက်မြို့နယ်ပကဖ အဖွဲ့ဝင် ၁၅ ဦးကို တပ်ပြေးအဖြစ်ကြေညာ

Border News Agency ​မကွေး၊ ဖေဖော်ဝါရီ ၂၃ ။ ​မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ - တိုက်ခိုက်ရေးမှ အဖွဲ့ဝင် ၁၅ ဦးကို တပ်ကင်းကွာရက်ကျော်လွန်တဲ့အထိ တပ်တွင်းတာဝန်မထမ်းဆောင်တာကြောင့် တပ်ပြေးတရားခံတွေအဖြစ် ကြေညာလိုက်တယ်လို့ ဖေဖော်ဝါရီလ၂၂ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ​သတ်မှတ်ထားတဲ့ ခွင့်ရက်တွေထက်ကျော်လွန်ပြီးနောက် တပ်ရင်းသို့ပြန်ပြီးသတင်းပို့တာမရှိတာမို့ ​အဲဒီရဲဘော် ၁၅ ဦးကို တပ်ပြေးတွေအဖြစ်သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီရဲဘော်တွေကိုတွေ့ရင် ပေါက်မြို့နယ်ပကဖအဖွဲ့ဆီသို့ အကြောင်းကြားပေးဖို့မေတ္တာရပ်ခံထားပြီး ကာယကံရှင် ရဲဘော်တွေအနေနဲ့ တာဝန်ပြန်ထမ်းဆောင်ချင်ရင်လည်း ပြန်ပြီဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

Page 6 of 38 1 5 6 7 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here