BNA Author

BNA Author

Photo - Monywa Revolution

ဆားလင်းကြီးအစပ်လေကြောင်းတိုက်ခိုက်ခံရလို့ တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာရှိတဲ့ တော်လှန်ရေးတပ်စခန်းတခုကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ကို ဖေဖော်ဝါရီလ၁၂ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်က မုံရွာ နမခ တပ်အတွင်းကနေ ပျံတက်လာတဲ့ Gyrocopter ၃ စီးနဲ့ စခန်းကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။  အဲဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး နေရာတင် ကျဆုံးခဲ့ရသလို အခြားထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ​Monywa Revolution အဖွဲ့ကတော့ စစ်ကော်မရှင်တပ်ရဲ့ အခုလို အစုလိုက်အပြုံလိုက် သေကျေအောင် တိုက်ခိုက်မှုဟာ ယုတ်မာရက်စက်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုံ့ချထားပါတယ်။ အဲဒီကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် Monywa Revolutionက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး ကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း လေကြောင်းရန်ကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

တလအတွင်းလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၂၀ ကျော်သေဆုံး

အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီ​လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

စစ်တပ်သုံးခရီးသည်တင်လေယာဉ်အရေး NAC တာဝန်ပျက်ကွက်ကြောင်း ဒိန်းမတ်အတည်ပြု

​Air KBZ နဲ့ KT Group ဆီကို လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ်တွေကို အာဏာသိမ်းစစ်တပ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာနဲ့ပတ်သက်ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ NAC ကုမ္ပဏီဟာ လူ့အခွင့်အရေးစံနှုန်းတွေ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒိန်းမတ်နိုင်ငံက အတည်ပြုလိုက်ပါတယ်။ ​ဒိန်းမတ်နိုင်ငံအဆင့် တိုင်ကြားရေးဌာန (NCP Denmark) ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ လေယာဉ်အငှားကုမ္ပဏီ Nordic Aviation Capital (NAC) ဟာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ OECD လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာပါ။ အထူးသဖြင့် NAC အနေနဲ့ Air KBZ လိုမျိုး သူတို့ရဲ့ စီးပွားဖက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ထည့်မတွက်ဘဲ ဆိုးကျိုးတွေကို တားဆီးဖို့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ​မြန်မာစစ်တပ်ဟာ Air KBZ နဲ့ KT Group ဆီကနေ လွှဲပြောင်းယူခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ် ၄ စီးကို လေတပ်ရဲ့ လေယာဉ်အမှတ်စဉ်တွေဖြစ်တဲ့ ၀၀၀၃၊ ၀၀၀၄၊ ၀၀၀၅ နဲ့ ၀MD၁၁ ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့တာပါ။ အဲဒီ လေယာဉ်တွေကို တပ်ဖွဲ့ဝင်တွေ ပို့ဆောင်တာ၊ လက်နက်ခဲယမ်း သယ်ယူတာ၊ ကင်းထောက်တာနဲ့ စစ်ခေါင်းဆောင်တွေအပါအဝင် အထူးပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေမှာ အမှန်တကယ် အသုံးပြုနေတာဖြစ်တယ်လို့ အတည်ပြုချက်တွေ အရ သိရပါတယ်။ ​Justice For Myanmar (JFM) ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး NAC နဲ့ သူ့ရဲ့မိခင်ကုမ္ပဏီတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ တာဝန်မဲ့တဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

Photo - Army Military Force

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေးမှာ ကလေးငယ်တွေကို အသုံးချမှုအပေါ် ဝေဖန်ခံရ

ထိုင်း​-ကမ္ဘောဒီးယားနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်က ကလေးငယ်တွေကို အသုံးပြုပြီး နယ်စပ်အရေးကိစ္စတွေမှာ ထိုင်းနိုင်ငံအပေါ် ဖိအားပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ထိုင်းစစ်တပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။ ​ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေးမိချေးခရိုင်အတွင်းကို ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့အာဆီယံလေ့လာရေးအဖွဲ့ (AOT) ရောက်ရှိလာချိန်မှာ ကမ္ဘောဒီးယားဘက်က အသက် ၅ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ် ၃၀ ခန့်ကို စုရုံးစေခဲ့တာပါ။ အဲဒီလိုလုပ်ဆောင်တာဟာ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ နိုင်ငံတကာရှေ့မှောက်မှာ ပုံဖော်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ​အဲဒီအပြင် ကမ္ဘောဒီးယားစစ်တပ် တာဝန်ရှိသူတွေက ထိုင်းဘက်ကဆူးကြိုးခွေတွေနဲ့ ကွန်တိန်နာတွေ အသုံးပြုပြီး နယ်မြေကျူးကျော်ထားတယ်လို့ စွပ်စွဲပြောဆိုခဲ့ပေမယ့် ဒီအချက်အလက်တွေဟာ အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးထားတာလို့ ထိုင်းဘက်က ပြန်လည်တုံ့ပြန်ထားပါတယ်။ အဲ​ဒီလှုပ်ရှားမှုကို ကမ္ဘောဒီးယား အမှတ် ၅ စစ်ဒေသမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က တိုက်ရိုက်ကြီးကြပ်ခဲ့တာဖြစ်ပြီး နယ်နိမိတ်အငြင်းပွားမှုမှာ အလေးသာစေဖို့အတွက် လူသားချင်းစာနာမှုကိစ္စကို နိုင်ငံရေးအရ အသုံးချတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

Photo - Mae Sai Police Station

၁၀၂ ကြိမ်မြောက် ထိုင်း-မြန်မာ နယ်စပ်ကော်မတီအစည်းအဝေး မယ်ဆိုင်မှာကျင်းပ

​ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊မယ်ဆိုင်မြို့မှာ ၁၀၂ ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (TBC) အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ​နှစ်နိုင်ငံ TBC ဥက္ကဋ္ဌတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတားပေါ်မှာ အပြန်အလှန်တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါတယ်။ ​အဲဒီနောက် မယ်ဆိုင်မြို့ရှိ မဲခေါင်ဒေသဟိုတယ်မှာ တနာရီခွဲကြာ ဆွေးနွေးခဲ့ကြပြီး နယ်စပ်တစ်လျှောက်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား တိုင်ပင်ခဲ့ကြပါတယ်။ ​အထူးသဖြင့် နယ်စပ်မှုခင်းနှိမ်နင်းရေး၊ ရေဘေးစီမံခန့်ခွဲမှုနဲ့ မယ်ဆိုင်မြစ်အတွင်း ဓာတုညစ်ညမ်းမှု တားဆီးရေးတွေကိုအလေးပေးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ​အဲဒီအစည်းအဝေးဟာ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ပြီး နယ်စပ်နေပြည်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့ လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးဖို့ ရည်ရွယ်တာလို့လည်းဆိုပါတယ်။

​ချင်းရိုင်နယ်စပ်မှာ စိတ်ကြွဆေးပြား ၉ သိန်းနဲ့ ဆိုင်ကယ် ၂ စီးကို ဖာမိူင်းတပ်ဖွဲ့ ဖမ်းဆီးရမိ

​ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊မယ်ဖာလောင်မြို့နယ်မှာ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့စိတ်ကြွဆေးပြား ၉ သိန်းနီးပါးကို ဖေဖော်ဝါရီလ၁၁ ရက်၊ညနေပိုင်းမှာ ဖာမိူင်းတပ်ဖွဲ့ (Pha Muang Force) က ဖမ်းဆီးရမိခဲ့ပါတယ်။ ​မယ်စလောင်နော့ကျေးရွာအုပ်စု ဘန်တတ်-ဘန်အာဘဲ လမ်းမှာ တာဝန်ရှိသူတွေ ကင်းလှည့်နေတုန်း မသင်္ကာစရာ Honda Wave ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးရာကနေ အခုလို ဖမ်းမိခဲ့တာပါ။ ​အဲဒီဆေးဝါးသယ်လာသူ ၂ ဦးကတော့ ဆိုင်ကယ်တွေကို ထားပစ်ခဲ့ပြီး အမှောင်ထုကို အခွင့်ကောင်းယူကာ တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ​ဆိုင်ကယ်ပေါ်မှာ တင်လာတဲ့ ဆာလာအိတ် ၄ အိတ်ထဲကနေ စိတ်ကြွဆေးပြား ၉ သိန်းတိတိ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရားခံတွေကို မိဖို့အတွက် မယ်ဖာလောင်ရဲစခန်းက ဆက်လက်စုံစမ်းနေပါတယ်။ ဖာမိူင်းတပ်ဖွဲ့ရဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲအရ ပြီးခဲ့တဲ့ ၄ လကျော်အတွင်း နယ်စပ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၂၁၆ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။ ​အဲဒီကာလအတွင်း စိတ်ကြွဆေးပြား ၁၁၅ သန်းကျော်၊ အိုက်စ် ၂,၃၀၀ ကီလိုကျော်နဲ့ တခြားမူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့သလို ဖမ်းဆီးချိန်အတွင်း ပစ်ခတ်မှု ၃၂ ကြိမ်ဖြစ်ပွားခဲ့လို့ မူးယစ်ဂိုဏ်းဝင် ၁၆ ဦး သေဆုံးခဲ့ပါတယ်။ ​အဲဒီမူးယစ်ဆေးဝါးတွေသာ ဘန်ကောက်အထိ ရောက်သွားမယ်ဆိုရင် စီးပွားရေးအရ ထိခိုက်နစ်နာမှုတန်ဖိုး ဘတ် ၂၂,၈၀၀ သန်းကျော်အထိ ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

​Photo - MGR Online

မဲခေါင်မြစ်ထဲမှာ စိတ်ကြွဆေးပြား ၂.၃ သန်းကျော်ကို ထိုင်းရေတပ်ဖမ်းဆီး

​ထိုင်း-လာအိုနယ်စပ်၊ နောင်ခိုင်ခရိုင်၊ ဖွန်ဖိဆိုင်းမြို့နယ်ထဲက မဲခေါင်မြစ်ကိုဖြတ်ပြီး တရားမဝင် မှောင်ခိုသွင်းလာတဲ့ စိတ်ကြွဆေးပြား ၂,၃၇၀,၀၀၀ (၂.၃ သန်းကျော်) ကို ထိုင်းရေတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ​အဲဒီဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မဲခေါင်မြစ်ကင်းစောင့်တပ်ဖွဲ့ (MRU) တပ်မှူး ရေတပ်ဗိုလ်ချုပ် Narong Emdee နဲ့ နောင်ခိုင်ခရိုင် တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၁၂ ရက်၊ဒီနေ့မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်ခဲ့တာပါ။ ​အဲဒီမူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်လာမယ်လို့ ကြိုတင်သတင်းရထားတဲ့အတွက် ဖွန်ဖိဆိုင်း ရေတပ်စခန်းက အရာရှိတွေဟာ မဲခေါင်မြစ်တလျှောက် စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အဲဒီလူနှစ်ယောက်ပါလာတဲ့ တံရှည်လှေတစ်စီးဟာ ​ဖေဖော်ဝါရီလ ၁၁ ရက်၊ည သန်းခေါင်ကျော်အချိန်မှာ မြစ်လယ်ကနေ ကမ်းခြေကို အင်ဂျင်ပိတ်ပြီး တိတ်တဆိတ် လှော်ခတ်ဝင်ရောက်လာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေအပြင် သယ်ဆောင်ဖို့ စောင့်နေတဲ့ Mitsubishi ကားတစီးနဲ့ ဆိုင်ကယ်တစီးတို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ​အဲဒီမူးယစ်ဆေးဝါးတွေကို နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းအထိမှောင်ခိုပို့ဆောင်ဖို့ ရည်ရွယ်ထားပုံရတယ်လို့ ရေတပ်ဗိုလ်ချုပ် Narong Emdee က ပြောပါတယ်။ ​အဲဒီဆေးတွေကို လောလောဆယ်မှာတော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒီမူးယစ်ဆေးဝါး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိဖို့အတွက် ဆက်လက်နှိမ်နင်းသွားမယ်လို့ သိရပါတယ်။

​ဒီပဲယင်းဘုတ္ထန်းကျေးရွာလေကြောင်းတိုက်ခိုက်ခံရလို့တဦးသေဆုံးပြီးနေအိမ်သုံးဆယ်ပျက်စီး

​စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္ထန်းကျေးရွာကို ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၉ နာရီခွဲအချိန်က စစ်ကော်မရှင်တပ် တိုက်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  ​အဲဒီလိုတိုက်ခိုက်လို့ ဘုတ္ထန်းကျေးရွာကအသက် ၃၇နှစ်အရွယ်အမျိုးသားတဦး သေဆုံးခဲ့ရပြီး ပြည်သူပိုင်နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲဒီအပြင် နေအိမ် ၁၀ လုံးကတော့ ဗုံးဒဏ်ကြောင့်လုံးဝပျက်စီးသွားခဲ့သလို တခြားနေအိမ် ၁၆လုံးလည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားခဲ့တာကြောင့် စုစုပေါင်း အိမ်ခြေ ၂၉လုံးအထိ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Page 32 of 142 1 31 32 33 142

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here