BNA Author

BNA Author

ဓာတ်ပုံ - အမှတ် ၁ စစ်ဒေသ

​ကန့်ဘလူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော်သုံ့ပန်းအဖြစ်ဖမ်းမိ

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၁၀၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။ အဲ​ဒီစစ်ဆင်ရေးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုဖေဖော်ဝါရီလအထိအာရက္ခတပ်တော် (AA)၊PDF၊ ပကဖတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ကန့်ဘလူခရိုင်အတွင်းက ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောလင်းဘက်က ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ​တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ ခလရ ၃၀၅၊ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အားတွေကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာပါ။ အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်ဆန် ၂ သောင်းကျော်နဲ့ ဗုံးသီး ၅၀၀ ကျော် ပါဝင်ပြီး စစ်သုံးပစ္စည်းအများအပြားကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Photo-MTC/MDF

ULA/AAနဲ့ MTC/MDFတို့ တရားဝင်တွေ့ဆုံဆွေးနွေး

Border News Agency ချင်း၊ ဖေဖော်ဝါရီ ၁၀။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နဲ့ မာရနယ်မြေကောင်စီ/မာရကာကွယ်ရေးတပ်ဖွဲ့​(MTC/MDF)နဲ့  ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။  အဲဒီလိုဆွေးနွေးရာမှာ နှစ်ဖက်အဖွဲ့အစည်းကြား မဟာမိတ်စိတ်ဓာတ်ထက်ပိုတဲ့ ယုံကြည်မှု၊ နားလည်မှုတွေအပေါ် အခြေခံကာ ရှေ့ဆက်လက်တွဲသွားကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲ​ဒီတွေ့ဆုံပွဲမှာ ULA/AA ဘက်က ဖော်ဖော်ရွေရွေကြိုဆိုဂရုစိုက်ပေးခဲ့မှုအပေါ် MTC/MDF ဘက်က လေးစားကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို၊ အနာဂတ်မှာလည်း ပိုမိုခိုင်မာတဲ့လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်သွားဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ​နှစ်ဖက်ခေါင်းဆောင်တွေဟာ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အခုလိုတရားဝင်တွေ့ဆုံမှုကနေတဆင့် မိတ်ဖက်အဖွဲ့အစည်းတွေကြား ဆက်ဆံရေးပိုမိုတိုးတက်လာမယ့် အလားအလာရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

​ဒူးသထူခရိုင်မှာ လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲပြုလုပ်

​ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်မှာ ၇ လကြာ ဖွင့်လှစ်ခဲ့တဲ့ လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီသင်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက စတင်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို ဗဟိုနဲ့ ခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူတွေ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံမိဘပြည်သူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ​အဲဒီ သင်တန်းဆင်းသွားတဲ့ ကျန်းမာရေးလုပ်သားတွေဟာ မိမိတို့နယ်မြေအသီးသီးမှာ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပြန်လည်တာဝန်ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ထိုင်းတပ်မတော်

အပစ်ရပ်ထားပေမယ့်ကမ္ဘောဒီးယားဘက်ကသတင်းမှားတွေဖြန့်နေတယ်လို့ထိုင်းတပ်မတော်ပြော

​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၀။ ​ထိုင်းနဲ့ကမ္ဘောဒီးယားအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရထားတာ တလကျော်ရှိပြီဖြစ်ပေမယ့် ကမ္ဘောဒီးယားဘက်က နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး အချက်အလက်အမှားတွေ တင်ပြနေတယ်လို့ ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း သုဝါရီက ဖေဖော်ဝါရီလ ၉ ရက်၊ မနေ့ကပြောဆိုလိုက်ပါတယ်။ ​ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့နှစ်နိုင်ငံအထူးနယ်စပ်ကော်မရှင် (GBC) အစည်းအဝေး ဆုံးဖြတ်ချက်အရ နှစ်ဖက်တပ်တွေ အပစ်ရပ်ခဲ့ကြတာပါ။ ထိုင်းဘက်ကတော့ အင်အားတိုးချဲ့မှု မလုပ်ဘဲ မြေမြှုပ်မိုင်းရှင်းလင်းရေးတွေကိုပဲ အဓိကလုပ်ဆောင်နေပေမယ့် ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းတပ်တွေ ကျူးကျော်ဝင်ရောက်နေတယ်လို့ အခြေအမြစ်မရှိ စွပ်စွဲနေတယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ပရယ်ဝိဟာအပါအဝင် ရှေးဟောင်းရဲတိုက်တွေကို ထိုင်းဘက်က တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့လည်း အဲဒီအဆောက်အအုံတွေကို ကမ္ဘောဒီးယားဘက်က စစ်စခန်းအဖြစ်သုံးပြီး ထိုင်းဘက်ကို အရင်စတင်တိုက်ခိုက်ခဲ့တာလို့ အထောက်အထားနဲ့တကွ ပြန်လည်ရှင်းလင်းထားပါတယ်။ နယ်စပ်တစ်လျှောက်ကအွန်လိုင်းလိမ်လည်မှု (Scam) လုပ်ငန်းတွေကိုလည်း ဆက်လက်နှိမ်နင်းသွားမယ်လို့ သိရပါတယ်။ အဲဒီ​နယ်စပ်မျဉ်းတိုင်းတာသတ်မှတ်ရေး (JBC) လုပ်ငန်းတွေ မစခင်မှာ နယ်စပ်ဒေသတင်းမာမှုတွေ တကယ်လျော့ကျသွားတာ ရှိ၊မရှိနဲ့ မြေမြှုပ်မိုင်း ကင်းစင်မှု ရှိ၊ မရှိကို အရင်ဆုံး စစ်ဆေးသွားမှာဖြစ်တယ်လို့ ထိုင်းတပ်မတော်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ ပေါက်မြို့

​ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် ​အကူအညီလိုအပ်နေ

​Border News Agency ပေါက်၊ ဖေဖော်ဝါရီ ၁၀။ ​မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် ​အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။  အဲဒီ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေဟာ ပြည်သူတွေနေအိမ်ကရိက္ခာတွေခိုးယူသယ်ဆောင်နေတာကြောင့် ကျေးရွာဆယ့်တရွာက ဒေသခံငါးထောင်ခန့်ဟာသုံးပတ်ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်ဘဲ အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ် ဇုန်-၁ နဲ့ ဇုန်-၃ နယ်မြေတွေထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် အိမ်ထောင်စု တထောင့်တရာ့ရှစ်ဆယ်ခြောက်စုက ပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေထဲမှာ ဒီနေ့အထိ တိမ်းရှောင်နေကြရတာပါ။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး သက်ဆိုင်ရာ နယ်မြေခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ကာ အရေးပေါ် ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ​အဲဒီ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပြီး တောတောင်တွေထဲမှာ ရေရှည်နေထိုင်ရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဓာတ်ပုံ - ရွှေဗန့်ဂျီ သပိတ်အင်အားစု

စစ်ကိုင်းနဲ့မကွေးရှိ ရွာသုံးဆယ်ကျော်မှာ စစ်ကော်မရှင်တပ်ဝါဒဖြန့်မှုတိုက်ဖျက်ရေး ပညာပေး

​Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၀။ ​စစ်ကော်မရှင်ရဲ့ သတင်းအမှားနဲ့ ဝါဒဖြန့်ချိမှုတွေကို ပြည်သူတွေ သတိထားနိုင်ဖို့အတွက်ရွှေဗန့်ဂျီ သပိတ်အင်အားစုက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းရှိ ကျေးရွာပေါင်းသုံးဆယ်ကျော်မှာ ပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ အဲ​ဒီလက်ကမ်းစာစောင်တွေကို ဆားလင်းကြီး၊ရေစကြိုနဲ့ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး စစ်ကော်မရှင်က ပြည်သူအချင်းချင်း ယုံကြည်မှုပျက်ပြားစေဖို့နဲ့ တော်လှန်ရေးအပေါ် သံသယဖြစ်အောင် ဘယ်လိုလှည့်စားနေသလဲဆိုတာတွေကို ရှင်းပြထားပါတယ်။ ​အဲဒီအပြင် ပြည်သူတွေအနေနဲ့ သတင်းတခုကို ကြားလိုက်တာနဲ့ ချက်ချင်းမယုံဘဲ မူရင်းအရင်းအမြစ်ကို သေချာစစ်ဆေးဖို့နဲ့ လှည့်စားတဲ့ စကားလုံးတွေကို ခွဲခြားသိမြင်ဖို့ လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

​မှော်ဘီမှာဆီဘောက်ဆာကားအတွင်း ဆီဂျိုးရှင်းလင်းသူ ၂ ဦး အောက်ဆီဂျင်ပြတ်ကာသေဆုံး

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀။ ​ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဆီဘောက်ဆာကားအတွင်းဝင်ရောက်ပြီး ဆီဂျိုးရှင်းလင်းရေးလုပ်တဲ့အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ကာသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီမှော်ဘီမြို့နယ်၊ဘွက်ကြီးကျေးရွာအနီး ဖေဖော်ဝါရီလ ၉ ရက်ဉည ၆ နာရီကျော်မှာ မြို့ရှောင်လမ်းမှာရှိတဲ့ ဂါလန် ၇,၅၀၀ ဆံ့ ဆီဘောက်ဆာကားအတွင်းဝင်ရောက်ရှင်းလင်းစဉ် အခုလို ဖြစ်ပွားခဲ့တာပါ။ အဲဒီ ​အမျိုးသား ၂ ဦး ကားအတွင်း သတိမေ့နေကြောင်း သတင်းရတာကြောင့် မှော်ဘီမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သွားရောက်ကူညီခဲ့ပေမယ့် ည ၆ နာရီ ၅၅ မိနစ်အချိန်မှာတော့ သေဆုံးလျက် ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ ​အဲဒီသေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းယာဉ်နဲ့ မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

​ရွေးကောက်ပွဲမှာ PR စနစ်ကြောင့် ပါတီစုံစနစ်အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

​Border News Agency  နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀။ ​ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးခဲ့တာကြောင့် ပါတီစုံစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ​ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ ​ရွေးကောက်ပွဲမှာပြည်သူတွေစနစ်တကျ မဲပေးခဲ့ကြတာဟာ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေကို ထောက်ခံတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ အဲဒီအပြင် ပါတီငယ်တွေနဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေလွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်ဖို့အတွက် PR စနစ်ကို ကျင့်သုံးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​ အဲဒီရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတဝှမ်း ယှဉ်ပြိုင်တဲ့ပါတီ ၆ ပါတီ ရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီထဲက ပါတီ ၃၁ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တဦးတို့ ရွေးကောက်ခံခဲ့ရတာပါ။ ​ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တွေပိုမိုပါဝင်လာတာကို တွေ့ရပြီး ရလဒ်အပေါ်သံသယရှိရင် ရွေးကောက်ပွဲကော်မရှင်ကို လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြနိုင်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ ​အဲဒီအပြင် မကြာခင်ကာလအတွင်းမှာ လွှတ်တော်ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

​မောင်တောအောင်ဗလဟိန္ဒူရွာမှာ နေအိမ်တွေပြန်လည်တည်ဆောက်ဖို့အကူအညီတွေလိုအပ်နေ

မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်းရွှေဇားကျေးရွာအုပ်စုအတွင်းက အောင်ဗလဟိန္ဒူရွာမှာ နေအိမ်ငါးလုံး မီးရှို့ခံခဲ့ရပြီး ဟိန္ဒူအမျိုးသားငါးဦးကို စစ်ကော်မရှင်တပ်နဲ့ သူတို့စစ်သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေသတ်ဖြတ်ခဲ့ရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ နေအိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုတွေဟာလက်ရှိမှာ သူတပါးအိမ်မှာကပ်ခိုနေထိုင်နေရသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာမို့ နေအိမ်ပြန်ဆောက်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုကြပါတယ်။ "ကျွန်မတို့အိမ်မီးလောင်သွားတော့ဘာပစ္စည်းမှမယူနိုင်ခဲ့ပါဘူး။ဖုန်းတွေ၊ရွှေငွေတွေနဲ့အိမ်ထောင်စုစာရင်းပါမီးထဲပါသွားတယ်။ အိမ်မှာကလေးနှစ်ယောက်၊ ယောက္ခမနဲ့အမျိုးသားအပါအဝင်မိသားစုခုနှစ်ဦးရှိပါတယ်။ အခုသူများအိမ်မှာကပ်နေရတာအရမ်းဒုက္ခရောက်ပါတယ်။ဒီနေ့အထိ အိမ်ကိုပြန်မပြုပြင်နိုင်သေးလို့အကူအညီတွေ လိုအပ်နေပါတယ်။" လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ မမိုးမိုးက Border News Agency ကို ပြောပါတယ်။ ​မောင်တောတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ARSA အဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေမှာ အဝတ်တထည်ကိုယ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်လို့ဆိုကြပါတယ်။ ​"ကျွန်မတို့အိမ်ဘက်ကနေ အာဆာ (ARSA) အဖွဲ့ဝင်တရာလောက်ဝင်လာကြတယ်။ နေအိမ်တွေကိုမီးရှို့တော့ကျွန်မတို့ ဘာမှမယူနိုင်ဘဲထွက်ပြေးခဲ့ရတယ်။ထမင်းတောင်မစားခဲ့ရပါဘူး။မိသားစုဝင်တွေ အကုန်လုံး အသက်လုပြီး ပြေးခဲ့ရတာပါ" လို့ မမိုးမိုးက ဆက်ပြောပါတယ်။ အဲဒီလိုနေအိမ်တွေ ဆုံးရှုံးသွားတဲ့အတွက် ဒေသခံတွေဟာ အရင်ကလို ကြက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ ဝင်ငွေပြတ်တောက်နေတယ်လို့ဆိုကြပါတယ်။ အဲဒီအပြင် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်ဝယ်ယူဖို့တောင် အခက်အခဲဖြစ်နေပြီး ဘယ်အဖွဲ့အစည်းဆီကမှအကူအညီ မရသေးဘူးလို့ ဆိုကြပါတယ်။ ​အဲဒီအပြင် ARSA အကြမ်းဖက်အဖွဲ့နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ မီးရှို့မှုကို ခံခဲ့ရတဲ့ အောင်ဗလ (ရခိုင်) ကျေးရွာက နေအိမ်တရာ့ငါးဆယ်ကျော်မှ ဒေသခံတွေဟာ အမိုးအကာမလုံခြုံတဲ့ကြားက ဖြစ်သလို ပြန်လည်ပြုပြင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

တောင်ကုတ်နဲ့သံတွဲမှာ နီပါးဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှလက်ကမ်းစာစောင်ဖြန့်ဝေ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်ခရိုင်နဲ့ သံတွဲခရိုင်တွေမှာ  သေဆုံးနိုင်ခြေ မြင့်မားတဲ့နီပါး(Nipah Virus )ဗိုင်းရပ်စ် အထူးသတိပြု လက်ကမ်းစာစောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ လိုက်လံဖြန့်ဝေပေးနေပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပါတီတာဝန်တွေစုပေါင်းပြီး (နီပါးဗိုင်းရပ်စ်) ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အများပြည်သူလမ်းတွေ၊ ဈေး၊ ကားဂိတ်၊ ဘုတ်ဆိပ်၊ လမ်းခွဆုံနေရာတွေမှာ ဖြန့်ဝေပေးနေတာပါ။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ အသိပညာပေး(ဗီနိုင်း) ဆိုင်းဘုတ်ထောင်တာတွေ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ စတဲ့အသိပညာပေးလုပ်ငန်းတွေကို ဌာနဆိုင်ရာနဲ့ ပူးပေါင်းအောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် ပေါ့ပေါ့ဆဆမနေဖို့နဲ့ ရောဂါကူးစက်ပြန့်ပွားလာရင် အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက်ကြောင့် နီပါးဗိုင်းရပ်စ်အန္တရာယ်ကို အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေမှ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့လည်း အာရက္ခဒေသအတွင်းရှိ ပြည်သူတွေ နီပါးဗိုင်းရပ်စ် (Nipah Virus)နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပီးလုပ်ငန်းတွေကို ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီနီပါး(Nipah)ဗိုင်းရပ်စ်ရောဂါအတွက် ကုသဆေးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သေဆုံးနိုင်ခြေမြင့်မားတာကြောင့် အထူးသတိပြုကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။ ရောဂါကူးစက်ခံရသူဟာ သေဆုံးနှုန်း ၄၀ အထက်ရှိပြီး ကူးစက်ခံရပြီးနောက် ရောဂါစပျိုးချိန်ဟာ ပုံမှန်အားနဲ့ ၄ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး အကြာဆုံးအနေနဲ့ ၄၅ ရက်အထိရှိနိုင်တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူတွေအနေနဲ့လည်း နီပါးဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာတွေဖြစ်ပေါ်ပါက အနီးအနားရှိကျန်းမာရေးဌာနကိုအမြန်ဆုံးဆက်သွယ်အကြောင်းကြားကြဖို့နဲ့ ကျန်းမာရေးဌာနမှထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

Page 34 of 142 1 33 34 35 142

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here