သတင်း

အစိုးရတာဝန်ပြီးဆုံးသွားတဲ့ ပရော်ဖက်ဆာယူနွတ်စ် မူလတာဝန်တွေပြန်လည်ထမ်းဆောင်

Border News Agency  ​ဒါကာ၊ ဖေဖော်ဝါရီ ၂၂ ။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ယာယီအစိုးရအဖွဲ့ကို ၁၈ လကြာ တာဝန်ယူဦးဆောင်ခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ပရော်ဖက်ဆာ မူဟာမတ်ဒ်ယူနွတ်စ်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်ဖို့ Yunus Centre ကို ပြန်လည်ရောက်ရှိလာပါတယ်။ ​ဒီကနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Telecom Bhaban ကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာယူနွတ်စ်ကို လုပ်ဖော်ကိုင်ဖက်တွေက နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။  အဲဒီနောက်မှာတော့ သူဟာ Grameen အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေကို ချက်ချင်းပြုလုပ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်ဟာ အခုလကုန်ပိုင်းမှာတော့ သူ့ရဲ့မူလနေအိမ်ကိုပါ ပြန်လည်ပြောင်းရွှေ့နေထိုင်သွားဖို့ ရှိနေပါတယ်။ ​ပရော်ဖက်ဆာယူနွတ်စ် ပြန်လည်ထမ်းဆောင်မယ့် မူလတာဝန်တွေကတော့ သူကိုယ်တိုင်တည်ထောင်ထားတဲ့ Yunus Centre ရဲ့ ဥက္ကဋ္ဌတာဝန်၊ Grameen အဖွဲ့အစည်းတွေရဲ့ အကြံပေးနဲ့ ဦးဆောင်သူတာဝန်တွေ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့ အမြတ်ထက်လူမှုအကျိုးပြုကို ရှေ့တန်းတင်တဲ့ လူမှုစီးပွားရေး (Social Business) လုပ်ငန်းတွေကို ပြန်လည်ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Read more

တောင်စောင်းထိုးကျတဲ့ယာဉ်ပေါ်မှ လူနာ ၂ ဦးကို ထိုင်းစစ်တပ်ကယ်ဆယ်

Border News Agency ​နခွန်စီသမာရတ်၊ ဖေဖော်ဝါရီ ၂၂။ ​ထိုင်းနိုင်ငံ၊ နခွန်စီသမာရတ်ခရိုင်အတွင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ဒီနေ့နေ့လည်က ဘက်ဟိုးတင်ဆောင်လာတဲ့ ခြောက်ဘီးကားတစီး ဘရိတ်ပေါက်ပြီး တောင်စောင်းကနေထိုးကျတိမ်းမှောက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ ​အဲဒီအချိန်မှာ ခရီးစဉ်တခုကနေပြန်လာတဲ့ အမှတ် ၄၃ စစ်နယ်မြေက စစ်တပ်သင်တန်းဆရာ ၁၁ ဦးဟာ အခင်းဖြစ်နေရာကို တွေ့ရှိခဲ့တာကြောင့် ဝင်ရောက်ကူညီခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော် ထုတ်ပြန်ပါတယ်။  အဲဒီ ကားအတွင်းမှာ လူ ၂ ဦးညပ်မိပြီး ဒဏ်ရာပြင်းထန်နေတာကြောင့် စစ်တပ်တပ်ဖွဲ့ဝင်တွေက ရှေးဦးသူနာပြုစုတာတွေ လုပ်ဆောင်ပေးခဲ့သလို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး ကားအတွင်းကနေအချိန်မီ ထုတ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီ ဒဏ်ရာရရှိသူတွေကို လိုအပ်တဲ့ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လူနာတင်ကားနဲ့ ဆေးရုံကိုပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

Read more

ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကို မတ်လကုန်ထိထပ်တိုးပေး

Border News Agency  ​ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၂။ ​ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းတိုးရမယ့် နောက်ဆုံးရက်ကို လာမယ့်မတ်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်ပါတယ်။ အဲ​ဒါဟာ မူလသတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၄ ရက်အတွင်းမှာ အလုပ်လုပ်ကိုင်ခွင့် လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတဲ့ အလုပ်သမား ၃ သိန်းကျော်ရှိနေတာကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရက်တိုးပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ရက်တိုးပေးလိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ အထောက်အထားမဲ့ဖြစ်မသွားစေဖို့နဲ့ လုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ အဲဒီအပြင် မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး စခန်း ၅ ခုမှာ စတင်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ CI လုပ်မယ့် အလုပ်သမားတွေအနေနဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီခရိုင်တွေမှာရှိတဲ့ စခန်းတွေကို သွားရောက်လျှောက်ထားနိုင်မှာပါ။ ​CI စာအုပ်အတွက် ကုန်ကျစရိတ် ၂,၄၇၀ ဘတ်ကို 7 - Eleven ဆိုင်တွေမှာ ကြိုတင်ငွေသွင်းရမှာဖြစ်ပြီး ရရှိလာတဲ့ ပြေစာနဲ့အတူ မိမိတို့အဆင်ပြေမယ့် ရက်စွဲနဲ့စခန်းတွေကို ရွေးချယ်သွားရောက်ရမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ သတ်မှတ်ကုန်ကျစရိတ်ထက် ပိုမိုပေးဆောင်ရတာမျိုးမရှိစေဖို့နဲ့ ပွဲစားတွေကြောင့် မလိုအပ်ဘဲ ငွေကုန်ကြေးကျမများစေဖို့ သတိပြုကြဖို့လည်း အလုပ်သမားရေးဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။

Read more

အာဖဂန်နယ်စပ်ကို ပါကစ္စတန်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဆယ်ကျော်သေဆုံး

Border News Agency ပါကစ္စတန်၊​ ဖေဖော်ဝါရီ ၂၂ ။ ​ပါကစ္စတန်တပ်မတော်ဟာ ဖေဖော်ဝါရီ ၂၂ ရက်၊ ဒီနေ့အစောပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက လက်နက်ကိုင်စခန်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။ ​ပါကစ္စတန်ဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်အရာရှိတဦးအပါအဝင် စစ်သည်တွေသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တာဖြစ်ပြီး နယ်စပ်ရှိ TTP နဲ့ IS အဖွဲ့ခွဲစခန်း ၇ ခုကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဗုံးကြဲမှုဟာဘာသာရေးစာသင်ကျောင်းနဲ့ လူနေအိမ်တွေကို ထိမှန်ခဲ့တာဖြစ်လို့ ဒါဟာအပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ​ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် နန်ဂါဟာပြည်နယ်တခုတည်းမှာတင် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရပြီး အခုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နှစ်ကမှရရှိထားတဲ့ နှစ်နိုင်ငံကြားပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကိုပါ ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်တလျှောက် စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။

Read more

ခရီးသည်တင်ကားကို စစ်ကော်မရှင်တပ်ပစ်ခတ်လို့ ယာဉ်မောင်းတဦးသေဆုံး

Border News Agency  မုံရွာ၊ ဖေဖော်ဝါရီ ၂၂။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ခရီးသည်တင်ယာဉ်တစီးလမ်းမှားဝင်မိရာမှ စစ်ကော်မရှင်တပ်က တားဆီးစစ်ဆေးတာမရှိဘဲ ပစ်ခတ်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖေဖော်ဝါရီလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် ဆားလင်းကြီးရွာသား ယာဉ်မောင်းအမျိုးသားတဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီခရီးသည် ၄ ဦးနဲ့ ယာဉ်မောင်းအကူ ၆ ဦး လိုက်ပါလာတဲ့ ရွှေပီနောင်းယာဉ်ငယ်ကားအသင်းက ကားတစီးဟာ သမုန်းကုန်းလမ်းခွဲမှ ပေါက်ငယ်တောအတက်မှာလမ်းမှားကွေ့မိပြီး သာစည်ထောင်ရှေ့ကိုရောက်သွားချိန် စစ်ကော်မရှင်တပ်ကပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ခရီးသည်တင်ကားမှန်းသိရှိချိန်မှာလည်း ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ဝိုင်းဝန်းထုရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပုံမှန်သွားနေကြရွာခံတွေတောင် လမ်းမှားတတ်လို့ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းချိုးလမ်းကွေ့တွေကို သတိထားသွားလာကြဖို့ ဒေသခံတဦးက တိုက်တွန်းပြောဆိုထားပါတယ်။

Read more

​အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေမှာ ဝါးနဲ့ဓနိ ဝယ်လိုအားကျဆင်းနေ

Border News Agency  မောင်တော၊ ဖေဖော်ဝါရီ ၂၂။ ​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ လူနေထိုင်မှုနှုန်းဟာ ပုံမှန်ထက်ထက်ဝက်ကျော်လောက်အထိ လျော့နည်းနေသေးတာကြောင့် အခြေခံအိမ်ဆောက်ပစ္စည်းတွေဖြစ်တဲ့ ဝါးနဲ့ဓနိအရောင်းအဝယ်ဈေးကွက် ကျဆင်းနေတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးအခြေအနေတွေကလည်း လုံးဝငြိမ်သက်သွားတာမျိုး မရှိသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ ငွေအကုန်အကျခံပြီး နေအိမ်တွေကိုပြန်လည်ပြုပြင်တာမျိုး မလုပ်နိုင်ကြသေးတာကြောင့် အခုလိုဝယ်လိုအား နည်းပါးနေတာလို့ သိရပါတယ်။ ​"နယ်မြေထဲမှာ လူနေထိုင်မှုကထက်ဝက်အောက်ကို ကျဆင်းနေတယ်။ ဒီလိုအခြေအနေမှာ ဝါးနဲ့ဓနိတွေ ဘယ်လိုလုပ် အရောင်းသွက်မှာလဲ။ စစ်ရေးကလည်း မပြတ်သေးတော့ ဘယ်သူမှငွေကုန်ခံပြီး အိမ်မပြင်နိုင်ကြသေးဘူး။ ဒါကြောင့် ဝယ်လိုအားကထိုးကျနေတာပါ။" လို့ ဝါးကုန်သည်တဦးက Border News Agency ကိုပြောပါတယ်။ ​အရင်အခြားဒေသတွေကနေ ဝါးနဲ့ဓနိတွေအမြောက်အမြား ဝင်ရောက်ခဲ့ပေမယ့် အခုအခါမှာတော့လမ်းပန်းဆက်သွယ်ရေးနဲ့ စစ်ရေးအခြေအနေတွေကြောင့် နီးစပ်ရာဒေသထွက်ဝါးအချို့သာ ဝင်ရောက်နိုင်တော့တာ ဖြစ်ပါတယ်။ ​ဒေသတွင်းကို ဝါးတွေဝင်ရောက်မှုရှိနေပေမယ့် ဝယ်ယူသူနည်းပါးနေပြီး ဝါးဈေးနှုန်းတွေကလည်း တနေရာနဲ့တနေရာ သိသိသာသာကွာဟချက်တွေ ရှိနေတယ်လို့ ဆိုကြပါတယ်။ ​"အခုကအရင်လိုတခြားဒေသက ဝါးတွေမလာတော့ဘူး။ စစ်ရေးကြောင့်လည်း ပါတယ်။ လက်ရှိမှာတော့ နီးစပ်ရာတောတောင်တွေကထွက်တဲ့ ဝါးတွေပဲနယ်မြေထဲကို ဝင်လာပါတယ်။ ဓနိ (အုန်း) ကတော့ ဘေးမြို့နယ်တွေဘက်ကနေ လာပါတယ်" လို့ ကုန်သည်တဦးက ဆိုပါတယ်။ အာရက္ခဒေသက ဝါးဈေးနှုန်းတွေဟာ ၁၂ တောင် တလုံးကို ၆၅၀ ကျပ်ကနေ ၁,၂၀၀ ကျပ်အထိရှိနေပြီး ၁၀ တောင် တလုံးကို ၅၅၀ ကျပ်ကနေ ၁,၁၀၀ ကျပ်အထိ ဒေသအလိုက်ဈေးနှုန်းတွေ ကွာခြားနေပါတယ်။ အဲ​ဒီမြို့နယ်အချင်းချင်း ၁၆ မိုင်လောက်ပဲ ဝေးပေမယ့်ဈေးနှုန်းတွေ နှစ်ဆနီးပါးကွာဟနေရတာဟာ သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ အလုပ်သမားခတွေ မြင့်မားနေတာကြောင့်ဖြစ်တယ်လို့ ကုန်သည်တွေကဆိုကြပါတယ်။ ​အဲဒီလိုဒေသတခုနဲ့တခုအတွင်း အခြေခံအိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ အဆမတန်ကွာဟနေတာဟာ ပြည်သူတွေအတွက်ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအနေနဲ့ ကုန်စည်စီးဆင်းမှု၊ ဈေးနှုန်းတည်ငြိမ်ရေးကို စနစ်တကျကြပ်မတ်ထိန်းညှိပေးဖို့ လိုအပ်နေတယ်လို့လည်း ဒေသခံတွေနဲ့ ကုန်သည်တွေက ထောက်ပြနေကြပါတယ်။

Read more

ထိုင်းမှာ အိုက်စ်မူးယစ်ဆေးဝါး ၁၂ ထုပ်နဲ့အတူ အမျိုးသားတဦး ဖမ်းဆီးခံရ

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၂၂။ ​ထိုင်းနိုင်ငံ၊ လွေးခရိုင်၊ ပါ့ချွန်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်၊ ဒီနေ့မနက်က အိုက်စ် (Ice) မူးယစ်ဆေးဝါးတွေလက်ဝယ်ထားရှိတဲ့အမျိုးသားတဦးကို အထူးအဖွဲ့စုံက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ​နယ်မြေခံခြေလျင်တပ်ရင်း၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဟွေပိချိုင်ကျေးရွာရှိ ပစ်မှတ်ထားတဲ့ နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေခဲ့တာပါ။ အဲဒီအိမ်ရဲ့ တဲအိမ်လေးထဲမှာရှိနေတဲ့ ကူနာကွန်ဆိုသူကိုစစ်ဆေးရာမှာ သူလွယ်ထားတဲ့ အညိုရောင်လွယ်အိတ်ထဲကနေ အိုက်စ် မူးယစ်ဆေးဝါး ၁၂ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီအမျိုးသားက ဒီမူးယစ်ဆေးတွေဟာ သူ့ပစ္စည်းဖြစ်ကြောင်းဝန်ခံထားလို့ ရဲတပ်ဖွဲ့က သူ့ကို မူးယစ်ဆေးဝါးတွေနဲ့အတူသိမ်းဆည်းပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ပါ့ချွန်းမြို့နယ် ရဲစခန်းကိုပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

Read more

​မြောက်ဦးလေကြောင်းတိုက်ခိုက်ခံရမှု ဒဏ်ရာရသူထဲက အမျိုးသမီးတဦး ထပ်မံသေဆုံး

Border News Agency ​မြောက်ဦး၊ ဖေဖော်ဝါရီ ၂၂။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရသွားခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီ ​သေဆုံးသွားသူဟာ စစ်တွေဘက်ကနေ မြောက်ဦးမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ ဒေါ်အောင်မစိန်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့ မနက်ပိုင်းမှာပဲ ဆေးကုသနေရင်းဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့တာပါ။  သူမဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကော်မရှင်တပ် စစ်ဘေးရှောင်တွေခိုလှုံတဲ့နေရာကို ပေါင် ၅၀၀ ဗုံးနဲ့လေကြောင်းတိုက်ခိုက်ခံရစဉ် ကျောကုန်းနဲ့ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာလို့ ဆိုပါတယ်။ ​အဲဒီလေကြောင်းတိုက်ခိုက်မှုတုန်းက ဒေါ်အောင်မစိန်ရဲ့ အသက် ၂ လသားအရွယ် မြေးဖြစ်သူ ကလေးငယ်လည်း သေဆုံးခဲ့ရသလို တခြားအရပ်သားပြည်သူ ၇ ဦးလည်း ဒဏ်ရာရသွားခဲ့ကြတာပါ။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို နေ့စဥ်နဲ့အမျှလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်တွေကို အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။

Read more

CDF-Asho နဲ့ ACDF တို့ ပူးပေါင်းပြီးချင်းအမျိုးသားနေ့ကျင်းပ

​၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) နဲ့အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းပြီး CDF-Asho ရဲ့ နောက်တန်းစခန်းတခုမှာဖေဖော်ဝါရီလ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ​အခမ်းအနားမှာ ချင်းအမျိုးသားအလံတော်နဲ့ ကျဆုံးသွားတဲ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခဲ့ကြသလို အဖွဲ့နှစ်ဖွဲ့ရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ချက်ကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။ အဲဒီအပြင် တက်ရောက်လာတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေကို CDF-Asho နဲ့ ACDF က ရဲဘော်၊ စစ်မေတွေက ချင်းရိုးရာဝါးညှပ်အကတွေ၊ တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြပါတယ်။ ​ဒီပွဲဟာ ချင်းအမျိုးသားရေးကို ရှေးရှုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှုကို ပြသဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Read more

ကိုးကန့်မှာ တရုတ်နှစ်သစ်ကူးပွဲကျင်းပ

​ရှမ်းပြည်မြောက်ပိုင်း၊ တုံချိန်မြို့နယ် အားကစားရုံမှာ ကိုးကန့်တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖေဖော်ဝါရီလ၂၀ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲ​ဒီအခမ်းအနားကို အထူးဒေသစစ်ဘက်နဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေ၊ အားကစားသမားတွေနဲ့ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြတာပါ။ အထူးဒေသအတွင်းရှိ ပြည်သူတွေရဲ့ ယဉ်ကျေးမှုဘဝ ကြွယ်ဝလာစေဖို့၊စည်းလုံးညီညွတ်မှု အားကောင်းစေဖို့နဲ့ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပြီး ဒီပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Read more
Page 43 of 275 1 42 43 44 275

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here