သတင်း

​မောင်တောဒေသနွေစပါးစိုက်ပျိုးမှု အောင်မြင်နေပေမယ့်သွင်းအားစုနဲ့ စက်ကိရိယာအကူအညီတွေလိုအပ်နေ

​အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့မောင်တောဒေသအတွင်း ခုနှစ်နွေစပါးစိုက်ပျိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုမိုဖြစ်ထွန်းအောင်မြင်နေ​ပေမယ့် သွင်းအားစုနဲ့ စက်ကိရိယာအကူအညီတွေ လိုအပ်နေကြတယ်လို့ တောင်သူတွေကဆိုကြပါတယ်။ ​အာရက္ခဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် မောင်တောမြို့နယ်ရှိ ဆည်တွေနဲ့ ရေချိုတောင်ကျချောင်းတွေအနီးရှိ မြေနေရာတွေကိုအဓိကထားကာ ခု ၂၀၂၆ ခုနှစ်အတွင်း အားတက်သရော စိုက်ပျိုးနေကြတာဖြစ်တယ်လို့ဆိုကြပါတယ်။ အဲဒါကြောင့် စိုက်ပျိုးရေးတိုးချဲ့ဖို့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ နွေစပါးစိုက်တောင်သူတွေကဆိုကြပါတယ်။ "နွေစပါးတိုးချဲ့ဖို့အတွက်ဆိုရင် အဓိက မြေဆီ၊မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ လိုအပ်ပါတယ်။နောက်ထပ် ဧကပြတ်အောင် တိုးချဲ့စိုက်ပျိုးလို့ရပေမယ့် လယ်ထွန်စက်နဲ့ လုပ်အားခစရိတ်တွေ အခက်အခဲရှိနေပါတယ်။ဒါကြောင့် အကူအညီတွေလိုပါတယ်။"လို့ မောင်တောမြို့နယ်ရှိ နွေစပါးစိုက်တောင်သူတဦးက Border News Agency ကိုပြောပါတယ်။  အဲဒီ မောင်တောမြို့နယ်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ​လမ်းညွှန်မှုနဲ့အတူ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ စိုက်ပျိုးရေးကဏ္ဍပြန်လည်ဦးမော့လာစေဖို့ အတွက်ရွယ်ရည်ပြီးစိုက်ပျိုးနေကြတာလို့ဒေသခံတွေကဆိုကြပါတယ်။ အဲဒါကြောင့် တိုက်ပွဲတွေငြိမ်သက်လာရင် စိုက်ပျိုးရေးတွေပိုမိုတိုးချဲ့လုပ်ကိုင်ချင်တယ်လို့ တောင်သူတွေကဆိုကြပါတယ်။ ​"တိုင်းပြည်အေးချမ်းလာရင် နွေစပါးတင်မကဘဲ မိုးစပါးပါ ဒီထက်ပိုပြီးတိုးချဲ့လုပ်ကိုင်ချင်ပါတယ်။ အခုလောလောဆယ်တော့ ဒီနွေစပါးစိုက်ခင်းတွေကိုပဲ ရှိတာလေးနဲ့အကောင်းဆုံးဖြစ်အောင် ပြုပြင်လုပ်ကိုင်နေရတာပါ။"လို့ တောင်သူတဦးကဆိုပါတယ်။ အာရက္ခဒေသတွင်း ရိက္ခာဖူလုံရေးအတွက် အရေးပါတဲ့ နွေစပါးစိုက်ပျိုးမှု ပိုမိုအောင်မြင်လာစေဖို့ ခေတ်မီစိုက်ပျိုးရေးနည်းပညာတွေနဲ့စက်ကိရိယာအကူအညီတွေအကူအညီတွေလိုအပ်နေတာလို့ဆိုကြပါတယ်။ အဲဒါကြောင့် မောင်တောဒေသ နွေစပါးပိုပြီးဖြစ်ထွန်းအောင်မြင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အကူအညီတွေပေးဖို့ တောင်သူတွေကတောင်းဆိုနေကြပါတယ်။

Read more

စစ်ရေးလေ့ကျင့်ဖို့ အမေရိကန်ရဲ့ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ စစ်လက်နက်တွေ ထိုင်းကိုရောက်ရှိ

​အာရှ - ပစိဖိတ်ဒေသမှာ အကြီးဆုံးဖြစ်တဲ့ Cobra Gold 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် အမေရိကန်တပ်မတော်ရဲ့ ခေတ်မီတိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်ကိရိယာတွေဟာ ဖေဖော်ဝါရီလ၂၀ ရက်၊ မနေ့က ထိုင်းနိုင်ငံ၊ ဆာတာဟစ်ရေတပ်အခြေစိုက်စခန်းကို ဆိုက်ရောက်လာခဲ့ပါတယ်။ အခုရောက်ရှိလာတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ နာမည်ကျော် AH-64E Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ M777 အမြောက်ကြီးတွေအပြင် သံချပ်ကာလူနာတင်ယာဉ်တွေနဲ့ ဘီးတပ်သံချပ်ကာယာဉ် အမျိုးမျိုးလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီအပြင် စစ်ဘက်သုံး ထောက်ပံ့ရေးယာဉ်တွေနဲ့ ဆက်သွယ်ရေးကိရိယာ အမြောက်အများကိုလည်း ဆာတာဟစ်ဆိပ်ကမ်းမှာ ချမှတ်ခဲ့ပြီးနောက်၊သတ်မှတ်ထားတဲ့ စစ်ရေးလေ့ကျင့်ရေးကွင်းတွေဆီကို ဆက်လက်ပို့ဆောင်သွားမယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ​ဒီနှစ်ကျင်းပမယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေအပြင် တခြားမဟာမိတ်နိုင်ငံပေါင်းစုံက စစ်သည်တော်တွေလည်း ပါဝင်တက်ရောက်ကြမယ့် နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုကြီးတခုလည်း ဖြစ်ပါတယ်။ ​အဲဒီလေ့ကျင့်မှုမှာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေသာမက လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လေ့ကျင့်ခန်းတွေကိုပါ ထည့်သွင်းပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Read more

စစ်ဘေးဒဏ်ကနေ ငတ်မွတ်မှုဒဏ်ဆီသို့ ဦးတည်လာနေတဲ့ မောင်တော

​အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲအပြီး နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်နဲ့ ဝင်ငွေတွေလုံးဝပြတ်တောက်သွားတာကြောင့် အခြေခံလူတန်းစားတွေဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေကြရပါတယ်။ ​အဲဒီလို စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူ တချို့ဟာ တောင်းရမ်းစားသောက်ပြီးတော့ပဲ ခက်ခဲစွာ အသက်ဆက်နေကြရတာ ဖြစ်ပါတယ်။ ​မိသားစုထမင်းတနပ် အဆင်ပြေဖို့အတွက် ကိုယ့်ရဲ့ရင်သွေးငယ်တွေကိုပါ လမ်းဘေးခေါ်ထုတ်ပြီး တောင်းရမ်းခိုင်းနေရတဲ့ မြင်ကွင်းတွေဟာ မြို့ပေါ်မှာ နေ့စဉ်နဲ့အမျှ ပိုပြီးများပြားလာနေတာပါ။ ​မောင်တောဒေသဟာ စစ်ဘေးဒဏ်ကနေ ငတ်မွတ်မှုဒဏ်ဆီကို ကူးပြောင်းရောက်ရှိနေတာကြောင့် ဒီအခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ အရေးပေါ် ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

Read more

ဗိုလ်နဂါးရဲ့BNRA အဖွဲ့ဝင် ၅ ဦး လက်နက်တွေနဲ့အတူ စစ်ကော်မရှင်ဆီအလင်းဝင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးတပ်ဦး (BNRA) အဖွဲ့က ဒုတိယအဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၅ ဦးဟာ ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီအလင်းဝင်လာသူတွေထဲမှာ BNRA ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်တဦး၊တတိယတာဝန်ခံတဦးနဲ့ အဖွဲ့ဝင် ၃ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်နက်မျိုးစုံ ၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတခုထံ လာရောက်ဆက်သွယ်ခဲ့ကြတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါး (ခ) နိုင်လင်း အလင်းဝင်သွားပြီးနောက်ပိုင်း အခုလို ထပ်မံဝင်ရောက်လာကြတာလည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဝင် ၅ ဦးကို နယ်မြေခံတပ်ဌာနချုပ်က တာဝန်ရှိသူတွေက လက်ခံထားပြီး လိုအပ်တဲ့ စိစစ်မှုတွေနဲ့ ထောက်ပံ့မှုတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

Read more

​ထိုင်းစစ်တပ်ကိုနှောင့်ယှက်ဖို့ တောမီးရှို့ရာမှ ကမ္ဘောဒီးယားစခန်းနဲ့တရုတ်ကာစီနိုတန်းလျားပါ မီးလောင်

​Border News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၂၀။ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်၊ အိုစမတ် (O Smach) ဒေသရှေ့တန်းမျက်နှာစာမှာ ကမ္ဘောဒီးယားစစ်သားတွေက ထိုင်းစစ်တပ်ကိုနှောင့်ယှက်ဖို့ တောမီးတမင်ရှို့ခဲ့ရာကနေ မီးကူးစက်မှုတွေဖြစ်ပြီး သူတို့ရဲ့စောင့်ကြည့်ရေးစခန်းနဲ့ အနီးနားရှိ တရုတ်ကာစီနို အလုပ်သမားတန်းလျားတွေ မီးလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီ နယ်စပ်မျဉ်းအနီးရှိ ကမ္ဘောဒီးယားစစ်တပ်ရဲ့ စောင့်ကြည့်ရေးစခန်း (Observation Base) မှာ ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီတောမီးဟာ ကမ္ဘောဒီးယားစစ်တပ်ဘက်ကနေ ရှေ့တန်းမှာရှိနေတဲ့ ထိုင်းစစ်သားတွေကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့နဲ့ ခြိမ်းခြောက်ဖို့အတွက် တမင်ရည်ရွယ်ရှို့ခဲ့တာလို့ စစ်ဘက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ​ဒါပေမယ့် လေကြောင်းအခြေအနေကြောင့် မီးကိုထိန်းချုပ်လို့မရဘဲ ကမ္ဘောဒီးယားစစ်တပ်ရဲ့စောင့်ကြည့်ရေးစခန်းကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပြီး စခန်းတခုလုံးပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီအပြင် မီးဟာဆက်လက်ပြန့်နှံ့သွားခဲ့ရာ အိုစမတ်ဒေသရှိတရုတ်လုပ်ငန်းရှင်တွေရဲ့ ကာစီနိုဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတန်းလျားကိုပါ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ စစ်ဘက်သတင်းက အတည်ပြုထားပါတယ်။ ​အခုမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်တပ်ဘက်က စတင်ရှို့ခဲ့တာလို့ ခိုင်လုံတဲ့သတင်းတွေကဆိုထားပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။ အဲဒီနေရာဟာ ထိုင်းနိုင်ငံ၊ ဆူရင်ခရိုင်၊ ကပ္ပချန်းမြို့နယ်နယ်စပ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။

Read more

​ဖိလစ်ပိုင်မှာ မြေပြိုမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၇ ဦး သေဆုံး

​Border News Agency မာတီစီးတီး၊ ဖေဖော်ဝါရီ ၂၀ ​ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအိုအိုရီယမ်တယ် (Davao Oriental) ပြည်နယ်၊ မာတီစီးတီး (Mati City) မှာ ဖေဖော်ဝါရီလ၂၀ ရက်၊ ဒီနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ်တလုံးမြေပိသွားတာကြောင့် မိသားစုတစုလုံးသေဆုံးသွားခဲ့တယ်လို့ မာတီစီးတီးမီးသတ်စခန်းက ထုတ်ပြန်ထားပါတယ်။ အဲဒီမြေပြိုမှုအတွင်း သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် အမျိုးသားတဦး၊ အသက် ၃၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၁၃ နှစ်နဲ့ ၅ နှစ်အရွယ် သမီးငယ်နှစ်ဦးတို့ဖြစ်ပြီး မိသားစုဝင် စုစုပေါင်း ၄ ဦးစလုံး သေဆုံးသွားခဲ့တာပါ။ ​အဲဒီမိသားစုဟာ မာတီစီးတီးရှိ Upper Salazar အရပ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး မနက်အစောပိုင်း အိပ်ပျော်နေတဲ့အချိန်မှာ နေအိမ်နောက်ဘက်က တောင်စောင်းပြိုကျပြီး မြေပိခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီအပြင် ဒါဗာအိုဒေသ (Davao Region) အတွင်းမှာ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေဆက်တိုက်ဖြစ်ပွားနေပြီး မာတီစီးတီးက ၄ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအပြင် မွန်ကာယို (Monkayo) မြို့မှာလည်း ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းကမြေပြိုမှုကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ရာ လက်ရှိမှာသေဆုံးသူ စုစုပေါင်း ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ​မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာကို ချက်ချင်းသွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ကြပေမယ့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုသာ ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအပြင် ​လက်ရှိမှာလည်း ဒေသတွင်းမိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် တောင်စောင်းအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို အထူးသတိပြုကြဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတိပေးထားပါတယ်။

Read more

ချင်းရိုင်မှာမြန်မာ ၈ ဦးနဲ့အတူ သယ်ဆောင်လာသူတဦးကိုဖမ်းဆီးရမိ

​Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၂၀ ။ ထိုင်း - မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်က အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ကားအတွင်းပြည့်ကျပ်စွာတင်ဆောင်လာတဲ့ ဘတ်မှူးကိုင်ဆောင်ထားသူ အမျိုးသားတဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ​အဲဒီ လဝကရဲတပ်ဖွဲ့ဟာ သတင်းပေးပို့ချက်အရ စောင့်ဆိုင်းစစ်ဆေးနေစဉ်အတွင်း မယ်ဆိုင်မြို့နယ်၊ ဝေယန်ဖန်ခမ်းကျေးရွာအနီးမှာ နီဆန်း (Nissan) အနီရောင်ကားတစီးကို တားဆီးနိုင်ခဲ့ပါတယ်။  အဲဒီနောက် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ နှစ်အရွယ်နိုင်ကွန်းနဲ့အတူ ကားထဲမှာပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာအမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ​အဲဒီ ယာဉ်မောင်းဖြစ်သူက သူ့ရဲ့အလုပ်ရှင်တဦးဟာ ချစ်ကြည်ရေးတံတား ၁ အနီးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ချင်းရိုင်မြို့ထဲပို့ဆောင်ပေးဖို့ စေခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ ​အဲဒီအပြင် သူကပို့ဆောင်ခအဖြစ် တဦးကို ဘတ် ၅၀ ပဲ ရရှိတယ်လို့ ထွက်ဆိုထားပေမယ့် လဝကရဲ့ စုံစမ်းချက်အရ ပွဲစားခဟာ တဦးကို ဘတ် ၈,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ​အဲဒါကြောင့် ယာဉ်မောင်းဖြစ်သူကို တရားမဝင်ကူညီသယ်ဆောင်မှုနဲ့ အရေးယူထားပြီး ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၈ ဦးကိုတော့ နေရပ်ပြန်ပို့ဖို့အတွက် စီစဉ်နေတယ်လို့သိရပါတယ်။ ​အဲဒီလုပ်ငန်းစဉ်နောက်ကွယ်က ကြိုးကိုင်သူ နိုင်တန် ဆိုသူကိုလည်း အာဏာပိုင်တွေက ဆက်လက်ရှာဖွေနေပါတယ်။ ဖေဖော်ဝါရီလအတွင်း ထိုင်း - မြန်မာနယ်စပ်တလျှောက် တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ရာနဲ့ချီ ရှိနေပြီလို့ သိရပါတယ်။

Read more

ကာလီဖိုးနီးယားမှာ ဆီးနှင်းတောင်ပြိုကျလို့ လူ ၈ ဦးသေဆုံး

Border News Agency ကာလီဖိုးနီးယား၊ ဖေဖော်ဝါရီ ၂၀။ ​ကာလီဖိုးနီးယားပြည်နယ်ရဲ့ ခေတ်သစ်သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးဆီးနှင်းတောင်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က ဖေဖော်ဝါရီလ ၁၉ ရက်၊ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ​မိုးလေဝသပညာရှင်တွေနဲ့ နီဗားဒါးခရိုင်ရဲအရာရှိ Shannan Moon တွေက ဒီနှစ်အတွင်း အပြင်းထန်ဆုံးဆီးနှင်းမုန်တိုင်း ကျရောက်မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်ကတည်းက ကြိုတင်သတိပေးထားခဲ့တာပါ။ အဲဒီနှင်းမုန်တိုင်းဟာ ကာလီဖိုးနီးယားပြည်နယ်၊ Truckee မြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ​ဒါပေမယ့် Blackbird Mountain Guides ကုမ္ပဏီက လမ်းပြ ၄ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးကို Donner Pass အထက်ရှိတောင်စောင်းဆီကို ပို့ဆောင်ခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မထင်မှတ်ဘဲဆီးနှင်းတောင်ပြိုကျမှု (Avalanche) ဖြစ်ပွားလို့ အဖွဲ့ဝင်တွေ ဆီးနှင်းအောက်မှာ ပိတ်မိခဲ့တာပါ။ ​နှင်းမုန်တိုင်းပြင်းထန်တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ နှင်းလျှောစီးကာ ၆ နာရီကြာခက်ခဲစွာ ခရီးနှင်ခဲ့ရပါတယ်။ အဲဒီနောက် ညနေ ၅ နာရီခွဲမှာတော့ အသက်ရှင်ကျန်ရစ်သူ ၆ ဦးဆီကိုရောက်ရှိခဲ့ပြီး ၂ ဦးကို ဆေးရုံကိုပို့ဆောင်ထားရကာ ပျောက်ဆုံးနေသူ ၉ ဦး ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒီအပြင် သေဆုံးသူ ၈ ဦးရှိခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ ရာသီဥတုဆိုးရွားတဲ့အတွက် တောင်ပေါ်ကနေမသယ်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီ ​ဆိုးရွားတဲ့ဆီးနှင်းတောင်ပြိုကျမှုတခုလည်း ဆွစ်ဇာလန်နိုင်ငံ (Swiss Alps) မှာ ဖြစ်ခဲ့ပါတယ်။ ပြိုကျလာတဲ့ဆီးနှင်းထုကြီးက မောင်းနှင်လာတဲ့ရထားတစင်းကို တိုက်ရိုက်ရိုက်ခတ်ခဲ့တဲ့ ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်နေပါတယ်။ ​နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က လမ်းပြကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေကို စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒီအပြင် Placer ခရိုင်ရဲအရာရှိ Wayne Woo ကလည်း မုန်တိုင်းမပြီးမချင်း တောင်တန်းဒေသဆီကို လာရောက်တာမျိုးမလုပ်ကြဖို့ အလေးအနက်သတိပေးထားပါတယ်။

Read more

စင်ကာပူသင်္ဘောတွေ မီးလောင်လို့ မြန်မာသင်္ဘောသား ၂ ဦးအပါအဝင် ၃ ဦးသေဆုံး

Border News Agency စင်ကာပူ၊ ဖေဖော်ဝါရီ ၂၀။ စင်ကာပူအခြေစိုက်ကုန်တင်သင်္ဘောနဲ့ ခရီးသည်တင်သင်္ဘောတို့ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှာ တပတ်အတွင်းမြန်မာသင်္ဘောသား ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့မှာထုတ်ပြန်ပါတယ်။ စင်ကာပူအလံတင် Bulk Carrier အမျိုးအစား Mandy သင်္ဘောဟာ တရုတ်နိုင်ငံ၊ ယန်တိုင်ဆိပ်ကမ်းအနီးမှာ ဖေဖော်ဝါရီလ ၁၇ ရက်၊ ည ၇ နာရီ ၃၅ မိနစ်မှာ အင်ဂျင်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။  အဲဒီလို အင်ဂျင်ခန်းပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်မှာရှိတဲ့ သင်္ဘောသား ၂၅ ဦးထဲက မြန်မာနိုင်ငံသား ၂ ဦး သေဆုံးခဲ့ရပြီး အခြားမြန်မာသင်္ဘောသားတဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီသင်္ဘောကို Pacific Rim Shipmanagement က စီမံခန့်ခွဲနေတာဖြစ်ပြီး လက်ရှိမှာတရုတ်နဲ့ စင်ကာပူအာဏာပိုင်တွေ ပူးပေါင်းစုံစမ်းနေကြပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ ၂၀ ရက်၊ မနက် ၄ နာရီမှာလည်း စင်ကာပူကို ဦးတည်လာတဲ့ "World Legacy" ခရီးသည်တင်သင်္ဘောတစင်း မီးလောင်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ MPA က အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲဒီသင်္ဘောပေါ်မှာ ခရီးသည်နဲ့သင်္ဘောသား စုစုပေါင်း ၃၈၈ ဦး လိုက်ပါလာတာဖြစ်ပြီး သေဆုံးသွားတဲ့ သင်္ဘောသားတဦးကတော့ အင်ဒိုနီးရှားနိုင်ငံသား ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ခရီးသည် ၄ ဦးကိုတော့ ဆေးရုံကိုပို့ဆောင်ထားရပါတယ်။ အဲ​ဒီမီးလောင်ပေါက်ကွဲမှုဟာ သင်္ဘောရဲ့ ၉ ထပ်မြောက် (Deck 9) မှာရှိတဲ့ အနားယူဆောင် (Lounge area) ကနေ စတင်ခဲ့တာပါ။ မီးကို အချိန်မီထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ Raffles Reserved ကျောက်ဆူးရပ်နားစခန်းအနီးမှာ ဆိုက်ကပ်ထားတယ်လို့ဆိုပါတယ်။ ​စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်က သေဆုံးသွားတဲ့မြန်မာသင်္ဘောသားမိသားစုတွေနဲ့ ထပ်တူဝမ်းနည်းရကြောင်းနဲ့ လိုအပ်တဲ့အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ အဲဒီသင်္ဘောနှစ်စင်းစလုံး တည်ငြိမ်မှုရှိနေပြီဖြစ်ပေမဲ့ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ ဆက်လက်စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်လို့သိရပါတယ်။

Read more

လယ်ဒိုမှာအသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်ကော်မရှင်တပ်က မူးယစ်ဆေးဝါး ဖြန့်ဖြူးခိုင်းနေ

Border News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၂၀။ ​အာဏာသိမ်းစစ်တပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုအသုံးချပြီး လယ်ဒိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ကေအဲန်ယူ - ဗဟိုက ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကမူးယစ်ဆေးဝါး (WY) အပြား ၁၀၀ ခန့် သယ်ဆောင်လာတဲ့ အသက် ၁၆ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေး ၂ ဦးကို ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။ ​အဲဒီကလေး ၂ ဦးဟာကျောက်တံခါးမြို့ ဈေးပိုင်းမှာနေထိုင်သူတွေဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ ခိုင်းစေမှုကြောင့် လယ်ဒိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးဖို့ လာရောက်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ ​စစ်ကော်မတရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားနည်းလာစေဖို့အတွက် စစ်ရေးနည်းလမ်းတင်မကဘဲ အကျိုးအမြတ်နဲ့ ဆွဲဆောင်တာ၊ တော်လှန်ရေးပုံရိပ်တွေ ညှိုးနွမ်းအောင်သတင်းတု၊ သတင်းမှားတွေထုတ်လွှင့်နေတယ်လို့ဆိုပါတယ်။ အဲဒီအပြင် ဒေသခံလူထုရဲ့ အကျင့်စာရိတ္တပျက်ပြားအောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်လာခဲ့တာဟာ ကရင့်တော်လှန်ရေး အဆက်ဆက်မှာ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။

Read more
Page 46 of 275 1 45 46 47 275

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here