Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၀။ ထိုင်းနိုင်ငံမှာ လာမယ့်ဖေဖော်ဝါရီလ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ပြင်းထန်တဲ့နွေရာသီမုန်တိုင်း (Summer Storm) ကျရောက်နိုင်ပြီး ခရိုင်ပေါင်း ၁၈ ခုမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန (TMD) က ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံဟာ လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစတင်ပြီး နွေရာသီကို တရားဝင်ကူးပြောင်းတော့မှာပါ။ အခုလို ရာသီကူးပြောင်းချိန်အတွင်း ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်အထိ ထိုင်းနိုင်ငံအထက်ပိုင်းမှာ မိုးသက်လေပြင်းကျတာ၊ လျှပ်စီးလက်တာတွေနဲ့အတူ အချို့နေရာတွေမှာ မိုးသီးကြွေတာတွေအထိ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ၂၀ ရက်မှာဆိုရင် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့တောင်ပိုင်းရှိ ခရိုင် ၁၈ ခုမှာ မိုးရွာဖို့အလားအလာရှိနေပါတယ်။ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ လန်ပွန်၊ လန်ပန်းနဲ့ တာ့ခ်ခရိုင်တို့မှာ မိုးရွာဖို့ ၁၀ ရာခိုင်နှုန်းရှိပြီး တောင်ပေါ်ဒေသတွေမှာ အေးမြမှုကိုခံစားရနိုင်ပါတယ်။ ဒါ့အပြင် ချောင်ဘူရီ၊ ရယောင်း၊ ကျန်သဘူရီနဲ့ ထရတ်ခရိုင်တို့မှာလည်း နေ့အပူချိန်ပြင်းတာကြောင့် မိုးရွာဖို့ အလားအလာ ရှိနေတာပါ။ တောင်ပိုင်းက ဆူရတ်သနီ၊ နခွန်စီသမာရတ်၊ ပတ်သလုံ၊ ယဲလာ၊ နာရသီဝပ်နဲ့ ပတ္တနီခရိုင်တို့မှာလည်း မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ နေ့အပူချိန်ဟာ အမြင့်ဆုံး ၃၆ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိနိုင်ပြီး ရာသီဥတုပူပြင်းမှာဖြစ်ပါတယ်။ ထိုင်းပင်လယ်ကွေ့အောက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာခန့်ရှိနိုင်ပြီး မိုးသက်လေပြင်းကျချိန်မှာ လှိုင်းပိုကြီးနိုင်တာကြောင့် ရေလုပ်သားတွေနဲ့ သင်္ဘောငယ်တွေသတိပြုကြဖို့ ထပ်မံအသိပေးထားပါတယ်။ ရာသီဥတု ရုတ်တရက်ပြောင်းလဲတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိုဂရုစိုက်ကြဖို့နဲ့ လေပြင်းဘေးကနေ ကင်းဝေးစေဖို့ အဆောက်အအုံတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ ခိုင်ခံ့မှု ရှိ၊ မရှိ စစ်ဆေးထားကြဖို့ လိုအပ်တယ်လို့ ထိုင်းမိုးဇလ (TMD) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၀။ ထိုင်းရှေ့တန်းစခန်းတွေကို နှောင့်ယှက်ဖို့ ကမ္ဘောဒီးယားစစ်တပ်က ၃ ရက်ဆက်တိုက်တောမီးရှို့တိုက်ခိုက်ခဲ့ရာကနေ လေကြောင်းပြောင်းပြီး ကမ္ဘောဒီးယားဘက်ခြမ်းက တပ်စုမှူးနေအိမ်နဲ့ စစ်စခန်းအချို့ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကတည်းက စတင်ရှို့ခဲ့တဲ့ဒီမီးဟာ လက်ရှိအချိန်အထိ ထိန်းချုပ်လို့မရသေးဘဲ ကမ္ဘောဒီးယားဘက်ခြမ်းက နေအိမ်တွေနဲ့ ဆီဆိုင်တွေအနီးအထိ ကူးစက်နေတာပါ။ အဲဒီမီးရှို့ခဲ့တဲ့ ကမ္ဘောဒီးယားတပ်သားသစ်တွေက "တကယ်ကြီး လောင်နေပြီ၊အန္တရာယ်ရှိပြီ" လို့ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီတောမီးကြောင့် ပရယ်ဝိဟီယားပြည်နယ်က ကမ္ဘောဒီးယားတပ်စုမှူးနေအိမ်ဟာ လုံးဝပြာကျသွားခဲ့ပြီး စစ်စခန်းတွေအနီးကိုပါ မီးကူးစက်လာတာကြောင့် စစ်သားတွေဟာ ပျာယာခတ်ပြီး မီးငြှိမ်းသတ်နေကြရပါတယ်။ အစပိုင်းမှာ ထိုင်းဘက်ကိုနှောင့်ယှက်ဖို့ ကြုံးဝါးခဲ့ပေမယ့် အခုအခါမှာတော့ မီးကို မငြှိမ်းသတ်နိုင်တော့တာကြောင့် မိုးရွာချပေးဖို့ နတ်ဒေဝါတွေကိုပါ ကမ္ဘောဒီးယားစစ်သားတွေက ပြန်လည်ရှိခိုးဆုတောင်းနေရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ အခုနှစ်အတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်မှာ စစ်ရေးတင်းမာမှုတွေရှိနေစဉ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ အခုလို တောမီးရှို့ပြီး နှောင့်ယှက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေကြောင့် နယ်စပ်ဒေသက အရပ်သားပြည်သူတွေမှာလည်း မီးဘေးအန္တရာယ်အပြင် မီးခိုးငွေ့ညစ်ညမ်းမှုဒဏ်တွေကိုပါနှစ်ဖက်စလုံးက ခံစားနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီတောမီးဟာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာကိုပါ ပိုမိုဆိုးရွားစေတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်ကလည်း နယ်စပ်တစ်လျှောက် မီးရှို့မှုတွေကိုထိန်းသိမ်းဖို့ ကမ္ဘောဒီးယားဘက်ကို တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။ လက်ရှိမှာတော့ မီးလောင်ကျွမ်းခဲ့တဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေနဲ့ နေအိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေဘက်က သတင်းအမှောင်ချထားဆဲ ဖြစ်ပါတယ်။
Read moreBorder News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၂၀။ ကေအဲန်ယူ - ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်ကော်မရှင်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီလယ်ဒိုမြို့နယ်၊ တလင်းကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထိန်တောအခြေစိုက်စစ်ကော်မရှင်တပ်က ဖျံဒရုန်းနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီလိုတိုက်ခိုက်လို့ စောဇော်မင်းနောင်၊ စောဖိုးထက်နဲ့စောမောင်ဆဲတို့ရဲ့ နေအိမ် ၃ လုံးပျက်စီးခဲ့သလို စောဖီးကောက်ရဲ့ နွားတဲတလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတာပါ။ အဲဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရသလို ပြည်သူတွေဟာလည်း ထိတ်လန့်ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေထိုင်နေကြရပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၂၀။ မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့ ပြည့်ဝအမြောက်တပ် အမတ - ၃၇၁ က တပ်သားတဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါခရိုင်တပ်ရင်းတခုဖြစ်တဲ့ ထီးလင်း YRA ပြည်သူ့တော်လှန်ရေးတပ်ရင်းထံ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၁၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီတပ်သား သန့်ဇင်အောင်ဟာ သူနဲ့အတူ MA-1 သေနတ် တလက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည်ဆန် ၇၀ ကိုပါ ယူဆောင်လာခဲ့တာပါ။ တပ်သားသန့်ဇင်အောင်ဟာ အလင်းဝင်ဖို့အတွက်တော်လှန်ရေးအဖွဲ့တွေနဲ့ ကြိုတင်ချိတ်ဆက်ထားတာမျိုးမရှိဘဲ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက တပ်ကနေစတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ကြိုတင်ချိတ်ဆက်မှု မရှိတာကြောင့် လမ်းခရီးမှာ ၅ ရက်ကြာ အခက်အခဲတွေကြားက ဖြတ်သန်းခဲ့ရပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့မနက်ပိုင်းမှာမှ YRA ထီးလင်းအဖွဲ့ရဲ့ တပ်စခန်းတခုကိုရောက်ရှိပြီး အလင်းဝင်နိုင်ခဲ့တာလို့ဆိုပါတယ်။
Read moreBorder News Agency ကျောက်တော်၊ ဖေဖော်ဝါရီ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်က မူဆလင်ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။ အဲဒီ မူဆလင်ကျေးရွာတချို့မှာ ၅ နှစ်အောက် ကလေးငယ်တွေအပါအဝင် ဒေသခံတွေဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတာကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၁၈ ရက်အထိ ကွင်းဆင်းဆေးကုသပေးခဲတာပါ။ ရောဂါဖြစ်ပွားနေတဲ့ ဆင်အိုးချိုင်နဲ့ ပေါက်တောပလောင်ကျေးရွာတွေမှာ အခုလိုကွင်းဆင်းကုသပေးခဲ့တာဖြစ်ပြီး ပေါက်တောပလောင်ရွာက ၅ နှစ်အောက် ကလေးငယ်တဦးကတော့ ရောဂါကြောင့် ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ လူနာတွေကိုဆေးကုသပေးတာအပြင် ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးတာတွေကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့်ဖြစ်ပွားတာမို့ ရေကြိုချက်သောက်ဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ကြဖို့ကိုလည်း အထူးသတိပေးထားပါတယ်။
Read moreအာရက္ခဒေသမှာရှိတဲ့ မွတ်ဆလင်တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်၊ဒီနေ့မနက် အာရုံတက်ချိန်ကစပြီး ရာမဒန်ဥပုဒ်ကာလကို စတင်လိုက်ပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။ အဲဒိီရာမဒန်ဥပုဒ်ကာလကို ဖေဖော်ဝါရီလ ၁၉ ရက်ကနေ မတ်လ ၁၆ ရက်နေ့အထိ ရက်ပေါင်း ၃၀ ကြာ ဥပုဒ်ဆောက်တည်ကြမှာ ဖြစ်ပါတယ်။ "ရခိုင်ကမွတ်ဆလင်အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ လမြင်တဲ့အတိုင်း ဒီနေ့ကစပြီး ရာမဒန်ဥပုဒ်ကာလ စတင်ကြတာပါ။တချို့ကတော့မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန်မှ စတင်ကြမှာဖြစ်တယ်။" ဘူးသီးတောင်မြို့ရှိမွတ်ဆလင်လူကြီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီ ဥပုဒ်ဆောက်တည်သူတွေဟာ မနက်အာရုံမှာအစတ္တာရီ စားသောက်ပြီးချိန်ကစလို့ တနေကုန် အစာရေစာ လုံးဝမစားသော က်ကြသလို တံတွေးတောင် မျိုချတာမျိုးမလုပ်ဘဲ တင်းတင်းကျပ်ကျပ် ဥပုဒ်ဆောက်တည်ကြရတာ ဖြစ်ပါတယ်။ ဗလီဝတ်ပြုပြီးချိန် ညနေ ၆ နာရီမှာတော့ အစ္စတာရီ ညစာအဖြစ် ဇီလာဘီ၊ ဆော်နာပူ၊ စမူဇာ စတဲ့ မွတ်ဆလင်ရိုးရာ အစားအစာတွေအပြင် ကျောက်ကြော၊အုန်းသီး၊ ဖရဲသီး၊ ဖာလူဒါနဲ့ အအေးမျိုးစုံ၊ သစ်သီးဝလံတွေကို စားသောက်ပြီး ဝါဖြေကြတာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး တလပြည့်မြောက်တဲ့နေ့မှာတော့ မွတ်ဆလင်တွေရဲ့ အီးဒ်ပွဲတော်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျင်းပပြုလုပ်သွားကြမှာ ဖြစ်ပါတယ်လို့ မူဆလင်လူမျိုးတွေကဆိုကြပါတယ်။
Read moreBorder News Agency တောင်ကိုးရီးယား၊ ဖေဖော်ဝါရီ ၁၉။ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) ကို ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အလုပ်ကြမ်းနဲ့တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေကသိရပါတယ်။ အဲဒီ ယွန်းဆော့ယောဟာ စစ်တပ်ကိုအသုံးပြုပြီး လွှတ်တော်ကိုပိတ်ဆို့တာ၊ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးဖို့ကြိုးပမ်းတာတွေအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် သူနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟျွန်းကိုလည်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးအပြင်ဘက်မှာ လူထုအုပ်စုနှစ်စုကအပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။ ဒီမိုကရေစီကို ဖျက်ဆီးသူတွေကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့တောင်းဆိုပြီး အောင်ပွဲခံသူတွေရှိသလို တချို့ကလည်း ဒီစီရင်ချက်ဟာ နိုင်ငံရေးအရလက်စားချေတာဆိုပြီး "ယွန်းကို နောက်တစ်ကြိမ် အလိုရှိတယ်" လို့ ကြွေးကြော်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။ ယွန်းဆော့ယောဟာ တောင်ကိုရီးယား ဒီမိုကရေစီခေတ်မှာ ပုန်ကန်မှုနဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျတဲ့ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ရှေ့နေအဖွဲ့က ဒီစီရင်ချက်ကိုလက်မခံဘဲ အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ စန္ဒပူရီခရိုင်၊ ပေါင်နမ်ရွန်မြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၅ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၆ ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီဖမ်းဆီးမှုကို စန္ဒပူရီနဲ့ ထရတ် နယ်စပ်ကာကွယ်ရေးဌာနချုပ် (CPCT) က ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ တရားခံတွေနဲ့အတူ လက်ကိုင်ဖုန်း ၂၇၀ လုံး၊ SIM ကတ်တွေနဲ့ နိုင်ငံခြားငွေစက္ကူမျိုးစုံကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တာပါ။ ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ပါရတ်ရတ်တနချိုင်းဖန်ရဲ့ ပြောကြားချက်အရ ဖမ်းဆီးရမိသူတွေဟာ ကမ္ဘောဒီးယားအခြေစိုက်ကျားဖြန့် (Cyber Scam) ဂိုဏ်းဝင်တွေဖြစ်ပြီး နယ်စပ်ဒေသကိုအခြေပြုကာ ကမ္ဘာတဝှမ်းကိုစနစ်တကျလိမ်လည်လှည့်ဖြားနေသူတွေဖြစ်တယ်လို့ သိရပါတယ်။ အခုလို လုပ်ရပ်တွေဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေအကြား ပူးပေါင်းနှိမ်နင်းကြဖို့ကိုလည်း ထိုင်းရေတပ်က တိုက်တွန်းထားပါတယ်။ အဲဒီ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနဆီ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency (BNA) ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ ဖိကျစ်ခရိုင်၊ ဝချိရဘာရမီမြို့နယ်ရှိ အမှတ် ၁၁၇ အဝေးပြေးလမ်းမှာ တရားမဝင်မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့မှောင်ခိုယာဉ် ၃ စီးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီဖမ်းဆီးမှုအတွင်း လမ်းပြနဲ့ယာဉ်မောင်းတွေဖြစ်တဲ့ နိုင်ဆိုင်နန်၊ နိုင်ဂျိုင်းအောင်နဲ့ နိုင်ဆုကဲတို့ သုံးဦးအပါအဝင် အထောက်အထားမဲ့မြန်မာနိုင်ငံသား ၂၅ ဦး၊ စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီ မှောင်ခိုယာဉ် ၃ စီးမှာ လူခွဲတင်ဆောင်လာတာဖြစ်ပြီး ရှေ့ဆုံးက Mazda အမျိုးအစားကားက ရဲကင်း ရှိ၊ မရှိ စောင့်ကြည့်ပေးတဲ့လမ်းပြကားအဖြစ် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ယာဉ်မောင်းတွေက တခေါက်ကို ဘတ် ၅,၀၀၀ စီရရှိပြီး အခုလိုလုပ်ကိုင်နေတာ ၅ ကြိမ်ထက်မနည်း ရှိပြီလို့ ဝန်ခံထားပါတယ်။ မြန်မာလုပ်သားတွေကတော့ မယ်ဆိုင်နယ်စပ်ရှိ သဘာဝပေါက်ကနေတဆင့် ခိုးဝင်လာတာဖြစ်ပြီး ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့အတွက် ပွဲစားခအဖြစ်တဦးကို ဘတ် ၈,၅၀၀ စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရအရေးယူနိုင်ဖို့ ဝချိရဘာရမီရဲစခန်းဆီ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။
Read moreBorder News Agency (BNA) ပုလဲ၊ ဖေဖော်ဝါရီ ၁၉။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့အဖွဲ့ဝင်အချို့ဟာ ပြည်သူ့တော်လှန်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် စစ်အင်အားအသုံးပြုပြီး မလွှဲမရှောင်သာဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၉ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။ အဲဒီ ဗိုလ်နဂါးနဲ့ သူရဲ့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်တာတွေအပြင် တရားမဝင်အခွန်ဂိတ်တွေဖွင့်ပြီး အများပြည်သူသွားလာမှုကို အနှောင့်အယှက်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို နှောင့်ယှက်တာ၊ NUG တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့ အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့တာတွေအတွက် ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ အခုလို အရေးယူဆောင်ရွက်တာဟာ သာမန်တရားဥပဒေစိုးမိုးရေးယန္တရားနဲ့ ဆောင်ရွက်ဖို့မဖြစ်နိုင်တော့တာကြောင့် တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကိုဖယ်ရှားဖို့ စစ်အင်အားသုံးဆောင်ရွက်ခဲ့ရတာလို့ NUG က ရှင်းလင်းထားပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်း ပြည်သူလူထု ထိတ်လန့်စိုးရိမ်ခဲ့ရတာအတွက် ဝန်ကြီးဌာနအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ BNRA အဖွဲ့ဝင်တွေအနေနဲ့တော့ မိမိတို့ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေမှာပူးပေါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။
Read moreHey! Don't Copy my content.