သတင်း

BNRA အဖွဲ့မှ ပြစ်မှုကျူးလွန်သူတွေကိုအရေးယူဖို့ စစ်အင်အားသုံး ရှင်းလင်းခဲ့ရတယ်လို့ NUG ပြော

Border News Agency (BNA) ပုလဲ၊ ဖေဖော်ဝါရီ ၁၉။ ​ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့အဖွဲ့ဝင်အချို့ဟာ ပြည်သူ့တော်လှန်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် စစ်အင်အားအသုံးပြုပြီး မလွှဲမရှောင်သာဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၉ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။ ​အဲဒီ ဗိုလ်နဂါးနဲ့ သူရဲ့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်တာတွေအပြင် တရားမဝင်အခွန်ဂိတ်တွေဖွင့်ပြီး အများပြည်သူသွားလာမှုကို အနှောင့်အယှက်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို နှောင့်ယှက်တာ၊ NUG တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့ အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့တာတွေအတွက် ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ​အခုလို အရေးယူဆောင်ရွက်တာဟာ သာမန်တရားဥပဒေစိုးမိုးရေးယန္တရားနဲ့ ဆောင်ရွက်ဖို့မဖြစ်နိုင်တော့တာကြောင့် တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကိုဖယ်ရှားဖို့ စစ်အင်အားသုံးဆောင်ရွက်ခဲ့ရတာလို့ NUG က ရှင်းလင်းထားပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်း ပြည်သူလူထု ထိတ်လန့်စိုးရိမ်ခဲ့ရတာအတွက် ဝန်ကြီးဌာနအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ ​ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ BNRA အဖွဲ့ဝင်တွေအနေနဲ့တော့ မိမိတို့ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေမှာပူးပေါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။

Read more

စမွတ်စခွန်မှာဈေးရောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရ

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ သာချလွန်မြို့နယ်ရှိ နာရီစင်အနီးမှာ ဈေးရောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဦးကို ခရိုင်အလုပ်သမားရုံး၊ ISOC နဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ​အဲဒီပူးပေါင်းအဖွဲ့တွေဟာ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေတာ ရှိ၊ မရှိ သိရဖို့အတွက် လမ်းဘေးဈေးသည်တွေကို ကွင်းဆင်းစစ်ဆေးရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ​ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားနှစ်ဦးမှာ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မတွေ့ရှိရတဲ့အပြင်၊ နိုင်ငံခြားသားလုပ်သား စီမံခန့်ခွဲမှုဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။ အခုလို ဖမ်းဆီးတာတွေဟာ စမွတ်စခွန်ခရိုင်အတွင်းမှာ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ လမ်းဘေးဈေးရောင်းတာမျိုးတွေ မလုပ်ဖို့တားမြစ်ထားတာကို ကြပ်မတ်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ နယ်မြေအတွင်းမှာ တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေကို ဆက်တိုက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ​ဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိမိတို့ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့်လက်မှတ်မှာ သတ်မှတ်ထားတဲ့အလုပ်အကိုင်အမျိုးအစားနဲ့ လုပ်ငန်းခွင်နေရာတွေမှာပဲ လုပ်ကိုင်ကြဖို့နဲ့ အလုပ်ရှင်အမည်ပေါက် မှန်ကန်ဖို့ကိုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက အမြဲသတိပေးနေကြပါတယ်။

Read more

ထိုင်းမှာအွန်လိုင်းမှ သေနတ်ရောင်းသူနဲ့ လက်နက်ပြုပြင်သူတွေကိုဖမ်းမိ

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်းနိုင်ငံ၊ လွယ်ပြည်နယ် (Loei) အတွင်း အွန်လိုင်းကတဆင့် တရားမဝင်လက်နက်တွေရောင်းချနေတဲ့ လူငယ်တဦးနဲ့ လက်နက်ပြုပြင်ပေးသူ အမျိုးသားတဦးကို ဆိုက်ဘာရဲတပ်ဖွဲ့ (CCIB) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ​ဖမ်းဆီးရမိသူတွေဟာ Facebook ပေါ်မှာ .38 လက်လုပ်သေနတ်ကို ဘတ် ၁၈,၀၀၀ နဲ့ ရောင်းချဖို့ပို့စ်တင်ခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကလောက်ဆိုသူက သေနတ်လာရောက်ပို့ဆောင်စဉ် နောင်ဟင်းမြို့နယ်အတွင်းရှိ လမ်းဘေးပြုပြင်ရေးဆိုင်တခုအနီးမှာ အာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ​ဖမ်းဆီးရမိသူ ကလောက်ရဲ့ ထွက်ဆိုချက်အရ လက်နက်ပြုပြင်ပေးသူ အသက် ၅၇ နှစ်အရွယ် ဆရာပုန်း ဆိုသူကိုလည်း သူရဲ့နေအိမ်မှာ ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီတရားခံတွေနဲ့အတူ လက်လုပ်သေနတ် ၄ လက်၊ ကျည်ဆံတွေ၊ သေနတ်ကိုယ်ထည် ၂ ခု၊ ကျည်အိမ် ၅ ခုနဲ့ လက်နက်အစိတ်အပိုင်း အများအပြားကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ ​လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးကို တရားမဝင်လက်နက်ခဲယမ်းလက်ဝယ်ထားရှိမှု၊ ပူးပေါင်းရောင်းချမှုတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Read more

ယင်းမာပင်ရှိ BNRA ရဲဘော်တွေ လက်နက်လာရောက်အပ်နှံဖို့ ခရိုင်ပကဖ အမိန့်ထုတ်

Border News Agency  ယင်းမာပင်၊ ဖေဖော်ဝါရီ ၁၉။ ​ယင်းမာပင်ခရိုင်အတွင်းရှိ BNRA အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ထံရှိလက်နက်ခဲယမ်းတွေကို လာရောက်အပ်နှံဖို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ပါတယ်။ ​အဲဒီ ယင်းမာပင်ခရိုင်အတွင်းနေထိုင်ပြီး BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်ကိုင်ဆောင်ထားသူ ရဲဘော်တွေအနေနဲ့ မိမိတို့နေထိုင်ရာ ခရိုင် သို့မဟုတ် မြို့နယ် ပကဖ အဖွဲ့တွေထံသို့ အမြန်ဆုံးဆက်သွယ်ကာ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို လာရောက်အပ်နှံရမှာ ဖြစ်ပါတယ်။ ​ဒါ့အပြင် BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို ရောင်းချတာ၊ ပေါင်နှံတာ၊ ဖျောက်ဖျက်တာနဲ့ ဖျက်ဆီးတာတွေ လုံးဝမပြုလုပ်ကြဖို့ တားမြစ်ထားပြီး၊ အကယ်လို့ စစ်ဆေးပေါ်ပေါက်လာပါက ပြင်းထန်စွာအရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။ နောက်ပြီး သက်ဆိုင်ရာရပ်ကျေးနဲ့ တိုက်နယ်အဆင့် ပကဖ၊ ပအဖ အဖွဲ့တွေအနေနဲ့လည်း မိမိတို့နယ်မြေအတွင်း အခြေချနေထိုင်တဲ့ BNRA ရဲဘော်တွေရှိပါက သတင်းစကားပါးပေးဖို့နဲ့ ခရိုင်၊ မြို့နယ် ပကဖ တာဝန်ခံတွေဆီသို့ ချိတ်ဆက်ပေးကြဖို့ ညွှန်ကြားထားပါတယ်။

Read more

ထိုင်း – ကမ္ဘောဒီးယားနယ်စပ်တောမီးရှို့မှုကြောင့် တောရိုင်းတိရစ္ဆာန်ရာနဲ့ချီ မီးလောင်သေဆုံး

Border News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တလျှောက်ရှိ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်း သစ်တောတွေမှာ တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်ရာနဲ့ချီ မီးထဲမှာပိတ်မိသေဆုံးနေတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ​တောမီးလောင်ကျွမ်းမှုဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဥဒ္ဒရမိန်ကျေ၊ ဗန်တေးမိန်ကျေနဲ့ ပရိဝိဟာပြည်နယ်ရှိ နယ်စပ်တလျှောက် သစ်တောတွေမှာဖြစ်ပွားနေတာပါ။ ဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှေ့တန်းရှိ ထိုင်းစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေပိတ်ဆို့ဖို့အတွက်ရည်ရွယ်ပြီး တောမီးရှို့မှုတွေလုပ်ဆောင်ခဲ့ရာကနေ စတင်ခဲ့တာလို့သိရပါတယ်။ ​ဖနွန်ကူလန် အမျိုးသားဥယျာဉ်မှ သစ်တောအရာရှိတဦးကတော့ တောမီးရှို့မှုကြောင့် စပါးကြီးမြွေကြီးတွေအပါအဝင် တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးဘေးကမလွတ်ဘဲ အလွန်သနားစရာကောင်းအောင် သေဆုံးနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေရဲ့အိုးအိမ်ဖြစ်တဲ့ သစ်တောတွေကိုမဖျက်ဆီးကြဖို့ကိုလည်း သူကဆက်လက်တောင်းဆိုထားပါတယ်။ ​ဒီတောမီးရှို့မှုကြောင့် သစ်တောအတွင်းရှိ တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်းများစွာဟာ မီးဘေးလွတ်ရာကို မပြေးနိုင်ဘဲ မီးပုံအတွင်းပိတ်မိကာ အရှင်လတ်လတ် မီးလောင်ကျွမ်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Read more

ထိုင်းမှာပစ္စည်းအမည်လွှဲကာ တရားမဝင်ထိုးဆေးရောင်းချနေတဲ့ဂိုဏ်းကို ဘတ် ၁၇ သန်းကျော်ဖိုးနဲ့အတူဖမ်းမိ 

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင်ထိုးဆေးတွေကို အခြားပစ္စည်းအမည်တွေနဲ့လွှဲပြောင်းပြီး အွန်လိုင်းကနေလှည့်ဖြားရောင်းချနေတဲ့ ဂိုဏ်းကြီးတခုကို အာဏာပိုင်တွေက ဖော်ထုတ်အရေးယူလိုက်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့ (CPPD) နဲ့ FDA တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ​အာဏာပိုင်တွေဟာ ဇန်နဝါရီလကုန်ပိုင်းကစပြီး ရာ့ချ်ဘူရီ၊ ဘန်ကောက်နဲ့ နခွန်ပထုံရှိ နေရာတွေကို အဆင့်ဆင့်ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် ၂၄ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီစီးနင်းမှုအတွင်း စုစုပေါင်းကာလတန်ဖိုး ဘတ် ၁၇ သန်းကျော်ရှိတဲ့ သက်သေခံပစ္စည်းပေါင်း ၁ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ​ဒီဂိုဏ်းဟာ စစ်ဆေးမှုတွေကို ရှောင်ရှားဖို့အတွက် Shopee နဲ့ Lazada လို အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတွေမှာ ဆေးဝါးတွေကို ရောင်စုံခဲတံ၊ အရုပ်တွေနဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းဆိုတဲ့ အမည်လွှဲတွေနဲ့ရောင်းချခဲ့တာပါ။ အဲဒိီအပြင် ပါဆယ်ပို့ရာမှာလည်း တရားမဝင်ထိုးဆေးပုလင်းတွေကို လစဉ်သုံးဂွမ်းထုပ်တွေကြားထဲ ထည့်သွင်းဖုံးကွယ်ပြီး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒိီဆေးတွေဟာ မှတ်ပုံတင်ထားတာမရှိတဲ့ အဆီကျဆေးနဲ့ အသားဖြူဆေးတွေဖြစ်ပြီး အသုံးပြုမိပါက အသက်ဆုံးရှုံးနိုင်တဲ့အပြင် ကျောက်ကပ်ပျက်စီးတာ၊ သိုင်းရွိုက်ကင်ဆာဖြစ်တာနဲ့ စိတ်ကျရောဂါခံစားရတာမျိုးတွေအထိ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်း FDA က သတိပေးထားပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဆေးဝါးအက်ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

Read more

မဲခေါင်မြစ်ကမ်းဘေးမှာ စိတ်ကြွဆေးပြား ၉ သန်းခန့် ထိုင်းရေတပ်သိမ်းဆည်းရမိ

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆဲန်မြို့နယ်ရှိ မဲခေါင်မြစ်ကမ်းစပ်မှာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေ စွန့်ပစ်ထားခဲ့တဲ့ စိတ်ကြွဆေးပြား ၉ သန်းခန့်ကို ဖေဖော်ဝါရီလ ၁၈ ရက်၊ ညပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရေတပ်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ​မြစ်တွင်းလုံခြုံရေးတပ်ဖွဲ့ (နရခ) မှ တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဖြတ်ကျော်မှုခင်းကာကွယ်ရေးအတွက် ကင်းလှည့်နေစဉ်အတွင်း ဘန်ဆဲဝ်ကျေးရွာအုပ်စုရှိ မြစ်ကမ်းဘေးမှာရပ်တန့်ထားတဲ့ သံသယဖြစ်ဖွယ်မော်တော်ယာဉ်တစီးကို စစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီယာဉ်ပေါ်မှာ အနက်ရောင်အိတ်တွေနဲ့ စနစ်တကျထည့်သွင်းထားတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၉ သန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ဒီမူးယစ်ဆေးဝါးတွေဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းတွေက မဲခေါင်မြစ်ကြောင်းကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို သယ်ဆောင်ဖို့ကြိုးပမ်းတာဖြစ်တယ်လို့ သိရပါတယ်။ ​လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မော်တော်ယာဉ်ကို ချင်းဆဲန်ရှိ နရခအခြေစိုက်စခန်းဆီ သယ်ဆောင်သွားပြီဖြစ်ပြီး ဥပဒေအရအရေးယူနိုင်ဖို့နဲ့ ဆက်စပ်တရားခံတွေကိုဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်လက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Read more

ပိတ်ထားတဲ့ မီဇိုရမ်-ပလက်ဝနယ်စပ်လမ်း ရှာဟာခရိုင်ဘက်မှ ပြန်ဖွင့်

​ယာဉ်မောင်းသေဆုံးမှုကြောင့် ပိတ်ပင်ထားခဲ့တဲ့ မီဇိုရမ်-ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေထဲက ရှာဟာ (Siaha) ခရိုင်ဘက်လမ်းပိုင်းကို ဖေဖော်ဝါရီလ၁၇ ရက်နေ့ကပြန်ဖွင့်လိုက်ပြီလို့ Mara Thyutlia Py (MTP) က ထုတ်ပြန်ပါတယ်။ အဲဒီလမ်းပိုင်းကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၂ နာရီကစပြီး ပုံမှန်အတိုင်းပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်လို့ ရပ်တန့်နေတဲ့ ကုန်စည်စီးဆင်းမှုတွေ ပြန်လည်စတင်နိုင်ပြီ ဖြစ်ပါတယ်။ ​ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မီဇိုရမ်ယာဉ်မောင်း သေဆုံးမှုကြောင့် လောင်တလိုင်နဲ့ ရှာဟာခရိုင်ဘက်က လမ်းတွေကို ပိတ်ထားခဲ့ပေမယ့် အခုတော့ ရှာဟာလမ်းပိုင်းကို အရင်ဆုံး ပြန်ဖွင့်ပေးလိုက်တာပါ။ အဲဒီလမ်းပိုင်းကို ပြန်ဖွင့်လိုက်ပြီလို့ ဆိုပေမယ့် လက်တွေ့မှာတော့ သွားလာလို့ မရသေးတဲ့ အခြေအနေတွေရှိနေဆဲဖြစ်တယ်လို့ အာရက္ခဒေသကကုန်သည်တွေဆီကသိရပါတယ်။ ​လက်ရှိမှာတော့ နယ်စပ်တလျှောက် ကုန်တင်ယာဉ်အချို့ပြန်လည်ဝင်ထွက်နိုင်ဖို့ ကြိုးပမ်းနေကြသလို နယ်စပ်တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းတွေအကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Read more

​ဖိလစ်ပိုင်သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၆၄ ဦးအထိရှိလာ

​ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ဘာစီလန်ရှိ ကမ်းလွန်ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားတဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကို ရှာဖွေရေးလုပ်ငန်းတွေအဆက်မပြတ် လုပ်ဆောင်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၈ ရက်၊မနေ့က ရုပ်အလောင်းနှစ်လောင်းကို ထပ်ပြီးရှာတွေ့ခဲ့ပါတယ်။ အဲ​ဒါကြောင့် လက်ရှိမှာ သေဆုံးသူအရေအတွက်ဟာ ၆၄ ဦးအထိ ရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ထုတ်ပြန်ထားပါတယ်။ အဲဒီ​ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ရေငုပ်သမားတွေဟာ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ဖို့အတွက် ရေအောက်ပေ ၁၀၀ ကျော် (မီတာ ၃၀ ခန့်) အနက်အထိ သွားရောက်ရှာဖွေခဲ့တာပါ။ ​အခုအချိန်အထိ အသက်ရှင်လွတ်မြောက်သူ ၂၉၃ ဦး ရှိနေပေမယ့် ပျောက်ဆုံးနေသူ ၁၅ ဦး ကျန်ရှိနေသေးတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Read more

WHO ကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ့ဆုံ

​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အဲဒီလို တွေ့ဆုံရာမှာမြန်မာနိုင်ငံအတွင်း ဆက်လက်ဆောင်ရွက်မယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အဲ​ဒီတွေ့ဆုံမှုအတွင်းမှာတော့ Dr. Thushara Fernando ရဲ့ မြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း WHO နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင်ရှေ့ဆက်ပြီးဆောင်ရွက်သွားမယ့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ​WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ဟာ အခုအခါမှာတော့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မှု သက်တမ်းပြီးဆုံးပြီဖြစ်တာကြောင့် ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Read more
Page 48 of 275 1 47 48 49 275

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here