သတင်း

ခလယ်လွီထူမှာ လေကြောင်းတိုက်ခိုက်ခံရလို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး

Border News Agency  ခလယ်လွီထူ၊ ဖေဖော်ဝါရီ ၁၈။ ​ကေအဲန်ယူ ခလယ်လွီထူခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် တဦးဒဏ်ရာရကာ နေအိမ်နဲ့စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။ ဆောထိမြို့နယ်အတွင်းကို ​ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၃ လုံးနဲ့ ပျဥ်ရင်ကျေးရွာက စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။ ​မူးမြို့နယ်အတွင်းမှာလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကော်မရှင်တပ်က လက်နက်ကြီးအလုံး ၂၀ ခန့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် ရွာသားတဦးဒဏ်ရာ ရသွားခဲ့ပါတယ်။ ​လယ်ဒိုမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒရုန်းနဲ့လက်နက်ကြီးတွေသုံးပြီး ရေတွင်းကုန်းကျေးရွာကို ပစ်ခတ်ခဲ့လို့ နေအိမ်နဲ့ဂိုဒေါင်တွေ ပျက်စီးခဲ့ရပါတယ်။ ​ဒါ့အပြင် တောင်ခင်ကျေးရွာနဲ့ ကြိတ်ကွေးကျေးရွာတွေကိုလည်း စက်တပ်လေထီးတွေနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၃ လုံး ထပ်မံပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ၁၈ လတာတာဝန်ပြီးဆုံး ဝန်ကြီးချုပ်သစ်နဲ့ တာဝန်လွှဲပြောင်းနှုတ်ဆက်

Border News Agency ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၈။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၈ လကြာ တာဝန်ယူခဲ့တဲ့ ကြားဖြတ်အစိုးရအဖွဲ့ဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာ တရားဝင်အသိပေးလာပါတယ်။ ကြားဖြတ်အစိုးရ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်ရဲ့ ပြန်ကြားရေးအဖွဲ့ကတော့ ၁၈ လတာ ခရီးစဉ်အတွင်း ဝန်းရံကူညီပေးခဲ့ကြတဲ့ပြည်သူတစ်ရပ်လုံးကို အထူးပဲကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ​အခုအခါမှာတော့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံထားရတဲ့ မစ္စတာတာရက်ခ်ရာမန်က ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ​ကျမ်းသစ္စာဆိုပွဲအပြီးမှာတော့ ဝန်ကြီးချုပ်သစ် မစ္စတာတာရက်ခ်ရာမန်နဲ့ နှုတ်ထွက်တော့မယ့် အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်တို့ဟာ အပြန်အလှန်နှုတ်ဆက်ဂါရဝပြုခဲ့ကြပြီး နိုင်ငံ့တာဝန်တွေကို ချောမွေ့စွာ လွှဲပြောင်းပေးခဲ့ကြပါတယ်။ ​ကြားဖြတ်အစိုးရရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေဟာလည်း အခုဆိုရင်ဝန်ဆောင်မှုတွေ ရပ်နားတော့မှာဖြစ်ပြီး နောက်ထပ်လှုပ်ရှားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ​ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အပြောင်းအလဲသစ်တခုဖြစ်ပြီး ကြားဖြတ်အစိုးရလက်ထက်ကနေ ရွေးကောက်ခံအစိုးရသစ်လက်ထက်ကို ကူးပြောင်းနိုင်ခဲ့တဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

Read more

နယ်စပ်ခံစစ်စခန်းတွေကို ကမ္ဘောဒီးယားစစ်တပ်နဲ့လုပ်ငန်းရှင်တွေပူးပေါင်းအဆင့်မြှင့်

ကမ္ဘောဒီးယားနိုင်ငံရဲ့ နယ်စပ်ရှေ့တန်းစစ်မျက်နှာပြင်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပိုမိုခိုင်မာလာစေဖို့အတွက် ကမ္ဘောဒီးယားတော်ဝင်တပ်မတော် (RCAF) က ခံစစ်ဘန်ကာတွေကို အရှိန်အဟုန်နဲ့ အဆင့်မြှင့်တင် တည်ဆောက်နေတယ်လို့ သိရပါတယ်။  ​အဲဒီလိုတည်ဆောက်ရာမှာ ဖနွမ်းပင်မြို့က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကလည်း နိုင်ငံတော်လုံခြုံရေးအတွက် ရှေ့တန်းစစ်သည်တွေကို အားပေးကူညီတဲ့အနေနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြပါတယ်။ ​အဲဒီ ပုဂ္ဂလိကကဏ္ဍကနေ ဘန်ကာတည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် မော်တော်ကားတာယာ ၁,၃၀၀ ကျော်နဲ့ ဆာလာအိတ်ခွံ ၂၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ ​အဲဒီ တည်ဆောက်ရေးပစ္စည်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နယ်စပ်ကို သယ်ယူခဲ့တာဖြစ်ကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ စစ်သည်တွေဟာ ကွန်ကရစ်တိုင်တွေကို ကိုယ်တိုင်ထမ်းပိုးပြီး တောင်ကုန်းပေါ်က ခံစစ်စခန်းတွေကို အင်တိုက်အားတိုက် တည်ဆောက်နေကြပါတယ်။ ​အဲဒီလို ခံစစ်စခန်းတွေ အဆင့်မြှင့်တင်တာဟာ ရှေ့တန်းရောက်စစ်သည်တွေရဲ့ ဘေးကင်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ ​ဒီလုပ်ဆောင်ချက်တွေကြောင့် နယ်စပ်တလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်မယ်လို့ ကမ္ဘောဒီးယားစစ်ဘက် သတင်းရင်းမြစ်တွေအရ သိရပါတယ်။

Read more

ဖားဆောင်း သံလွင်မြစ်ကူးတံတားကျိုးကျပျက်စီး

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ သံလွင်မြစ်ကူးတံတား (ဖားဆောင်းတံတား) ဟာ ဖေဖော်ဝါရီလ၁၇ ရက်၊မနက်အစောပိုင်းမှာ ကျိုးကျပျက်စီးသွားခဲ့ပါတယ်။ ​အဲဒီတံတားဟာ မိုင်းခွဲခံရမှုကြောင့် ကျိုးကျသွားတာဖြစ်ပြီး လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားပြီလို့ သိရပါတယ်။ ​တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ဘက်ကတော့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးဒဏ်တွေကြောင့် အရည်အသွေးမမီတဲ့ ဒီတံတားဟာ ကျိုးကျသွားတာလို့ မီဒီယာတွေကိုဖြေထားတာတွေ့ရပါတယ်။ တဖက်မှာလည်း စစ်ကော်မရှင်ဘက်ကတော့ ဒီတံတားပျက်စီးမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဖြစ်တယ်လို့ တန်ပြန်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ​ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အခုလို တံတားကျိုးကျခဲ့တာပါ။ အဲဒီတံတားပျက်စီးသွားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားလာရေး၊ ကုန်စည်စီးဆင်းမှုမှာ အကြီးအကျယ် ခက်ခဲမှာကို အထူးစိုးရိမ်နေကြပါတယ်။

Read more

ထိုင်းမှာ ဂိတ်တိုက်ပြေးတဲ့ဆိုင်ကယ်တွေဆီမှဘိန်းစိမ်း ၆၀ ကီလိုကျော်မိ

​ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ်အေးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေပိုင်းက စစ်ဆေးရေးဂိတ်ကိုတိုက်ပြီး မောင်းနှင်ထွက်ပြေးတဲ့ ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးရာကနေ ဘိန်းစိမ်း ၆၀ ကီလိုကျော်နဲ့ စိတ်ကြွဆေးပြားတချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။ ​အဲဒီဖမ်းဆီးမှုကို ဖာမိူင်းတပ်ရင်း (Pha Muang Force) နဲ့အတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့တွေ၊နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မယ်အေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီမယ်အေးကျေးရွာအုပ်စု၊ပန်တွန်းဒေယား လမ်းပိုင်းမှာ ညနေ ၅ နာရီကျော်အချိန် Honda Wave အပါအဝင် ဆိုင်ကယ် ၂ စီးဟာ စစ်ဆေးရေးဂိတ်ကို တိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာပါ။ ​အဲဒါကြောင့် အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတဲ့အချိန် ဆိုင်ကယ်ပေါ်မှာ ကျောပိုးအိတ်သဏ္ဌာန် ပြုပြင်ထားတဲ့ ဆာလာအိတ် ၄ အိတ်အတွင်းကနေ ဘိန်းစိမ်း ၆၀.၈ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား ၁၀ ပြားကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ​အဲဒီ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၂ ဦးက ဆိုင်ကယ်တွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ပြီး ဘေးပတ်ဝန်းကျင်က တောတွင်းထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။ ​လက်ရှိမှာတော့ သက်ဆိုင်ရာက သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မယ်အေးမြို့နယ်ရဲစခန်းကို ပေးအပ်လိုက်ပြီး ထွက်ပြေးသွားတဲ့ တရားခံတွေကို ဖမ်းဝရမ်းထုတ်နိုင်ဖို့အတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Read more

​အညစ်အကြေးစုပ်ကားနဲ့ သယ်လာတဲ့ စိတ်ကြွဆေး ၈ သန်းကျော်ဖမ်းမိ

​ထိုင်းနိုင်ငံ၊ အုထိုင်းထာနီခရိုင်မှာ အညစ်အကြေးစုပ်ကားအတွင်း ရောနှောဖုံးကွယ်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၈ သန်းကျော်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။ ​ဒီဖမ်းဆီးမှုကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာန (NSB) နဲ့ ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလုပ်ဆောင်ခဲ့တာဖြစ်ကာ မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသေးစိတ်ပြသခဲ့တာပါ။ ​မြောက်ပိုင်းနယ်စပ်ကနေ တောင်ပိုင်းကို အညစ်အကြေးစုပ်ကားနဲ့ မူးယစ်ဆေးသယ်လာမယ်ဆိုတဲ့ သတင်းအရ အလိုအလျောက်လိုင်စင်ဖတ်စနစ် (LPR) နဲ့ စောင့်ကြည့်ကာ ဘန်ရိုင်းမြို့နယ်မှာ တားဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီစစ်ဆေးမှုတွေအရ ကားနောက်ခန်းက အညစ်အကြေးစုပ်ကန်အတွင်း အနံ့အသက်ဆိုးတွေကြား ဝှက်ယူလာတဲ့ စိတ်ကြွဆေးပြား ၈၄ အိတ် (စုစုပေါင်း ၈.၄ သန်းနီးပါး) ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ​အဲဒီ ဖမ်းဆီးရမိသူမှာ အသက် ၃၉ နှစ်အရွယ် နိုင်ဝုသီချိုင်း ဖြစ်ပြီး သူဟာ ဆေးပြားတွေကို ချင်းရိုင်ကနေ ထိုင်းတောင်ပိုင်းကို ပို့ဆောင်ပေးဖို့အတွက် သယ်ဆောင်ခ ဘတ် ၅ သိန်းနဲ့ လက်ခံခဲ့တာလို့ ဆိုပါတယ်။ ​လက်ရှိမှာ အာဏာပိုင်တွေက တရားခံကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အမှုဖွင့်ထားပြီး ကျန်ရှိနေတဲ့ ကွင်းဆက်တရားခံတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Read more

အမ်းမှာစစ်ကျန်လက်နက်ပေါက်ကွဲလို့ လူငယ်တဦးဒဏ်ရာရ 

အမ်းမြို့နယ်၊ ကံ့ကော်ရိပ်ရွာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကျန်လက်နက်ပေါက်ကွဲလို့ လူငယ်တဦးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီအမ်းမြို့နယ်၊ ကံ့ကော်ရိပ်ရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ငြိမ်းချမ်းကျော်မှာ မျက်နှာတခုလုံးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၁၃ ရက်နိ၊မနက်၁၁ နာရီခွဲအချိန်ခန့်က အဖေဖြစ်သူဦး ကျော်နိုင်နဲ့တတူ ကံ့ကော်ရိပ်ရွာအရှေ့ဖက်က သီဟို၌ခြံမှာ မြက်ရှင်းလင်းရာကနေ စစ်ကျန်လက်နက်ကို ဓားနဲ့ခုတ်မိရာ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ မိုင်းပေါက်ကွဲတဲ့နေရာအနီးအနားမှာ စစ်ကော်မရှင်တပ်က စခန်းချနေထိုင်ခဲ့ပြီး မြေမြုပ်မိုင်းထောင်တာ၊လက်နက်စွန့်ပစ်တာတွေပြုလုပ်ခဲ့တယ်လို့ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more

​ကျောင်းအုပ်ဆရာမကြီးရဲ့ ဈာပနသို့ ဝန်ကြီးချုပ်တက်ရောက်ပြီး သားသမီးတွေကို အစိုးရဝန်ထမ်းခန့်ဖို့ကတိပေး

​ထိုင်းနိုင်ငံ၊ ဆောင်ခလာခရိုင်က စာသင်ကျောင်းအတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ကျောင်းအုပ်ဆရာမကြီး နန်းစစီဖတ် (Mrs. Sasipat) ရဲ့တော်ဝင်မီးသင်္ဂြိုဟ်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်၊နေ့လည်ကခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ ​အဲဒီအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူနိုင်အနုထင် ချန်ဝီရကူလ် ဦးဆောင်တဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး ဆောင်ခလာခရိုင်၊ဘန်ဂလန်မြို့နယ်ရှိ ဝပ်ယူးထောင်ဘုရားကျောင်းမှာ အခမ်းအနားကို ဦးဆောင်ကျင်းပပေးခဲ့တာပါ။ ​အခမ်းအနားအတွင်းမှာ ဝန်ကြီးချုပ်က သေဆုံးသူကျောင်းအုပ်ဆရာမကြီးရဲ့ မိခင်ဖြစ်သူကို သွားရောက်အားပေးခဲ့ပြီး မိခင်ကြီးရဲ့ ယပေါင်ပေါ် ဦးခေါင်းချကာ အစိုးရကိုယ်စား အကာအကွယ်မပေးနိုင်ခဲ့မှုအတွက် "တောင်းပန်ပါတယ်" လို့ ဆိုကာ ထူးထူးခြားခြား ဂါရဝပြုခဲ့ပါတယ်။ ​အဲဒီအပြင် ကျန်ရစ်သူသားသမီးနှစ်ဦးအတွက်လည်း ပညာသင်ကြားမှု ပြီးဆုံးတာနဲ့ အစိုးရဝန်ထမ်း အရာရှိတွေအဖြစ် တိုက်ရိုက်ခန့်အပ်ဖို့ ပညာရေးဝန်ကြီးဌာနကို ချက်ချင်းညွှန်ကြားခဲ့သလို ပညာသင်စရိတ် အားလုံးကိုလည်းအစိုးရက တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။ ​အဲဒီဝန်ကြီးချုပ်ရုံးနဲ့ တရားရေးဝန်ကြီးဌာန ရန်ပုံငွေတွေထဲကနေ စုစုပေါင်း ထိုင်းဘတ် ၁.၂ သန်းကိုလည်း ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ​ကျောင်းအုပ်ဆရာမကြီး နန်းစစီဖတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစာသင်ကျောင်းအတွင်း စိတ်မနှံ့သူတဦးရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံမှာကုသမှုခံယူနေစဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Read more

ထားဝယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဗိုလ်ကြီးအပါအဝင် ၁၉ ဦးသေဆုံး

​တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းတခုနဲ့ စစ်ဆေးရေးဂိတ်တခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီးတဦးအပါအဝင် ၁၉ ဦး သေဆုံးသွားခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA)က ထုတ်ပြန်ပါတယ်။  အဲဒီ မောင်မယ်ရှောင်ကျေးရွာမှာရှိတဲ့ GTC တပ်စခန်းနဲ့ဘုရားမဲစစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၄ နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ပွဲအတွင်း GTC တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ​ဘုရားမဲစစ်ဆေးရေးဂိတ်ကိုပါ သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းနေချိန်မှာ စစ်ကော်မရှင်ဘက်က စစ်ကူစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒိီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အသေအပျောက်များသလို သူတို့ဆီလက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ စက်လတ် ၁ လက်၊ G3 ၁၃ လက်၊ G4 ၂ လက်အပြင် ကျည်ဆန် ၃,၀၀၀ ကျော်နဲ့ လက်ပစ်ဗုံးတွေ၊ စကားပြောစက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ​အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

Read more

​မောင်တောဒေသမှာနွေစပါး စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်နေ

​အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ အနောက်ဘက်နယ်စပ် မောင်တောဒေသမှာ ဒီနှစ်နွေစပါးစိုက်ပျိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုမိုဖြစ်ထွန်း အောင်မြင်နေတယ်လို့ သိရပါတယ်။ ​အာရက္ခဒေသရဲ့ အနာဂတ် စားနပ်ရိက္ခာဖူလုံရေးအတွက် မောင်တောဒေသအတွင်းမှာရှိတဲ့ ဆည်တွေနဲ့ ရေချိုတောင်ကျချောင်းတွေရှိရာ နေရာတွေကို အဓိကထားပြီး ဒီ ၂၀၂၆ ခုနှစ်အတွင်းမှာ အားတက်သရော စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။ ​အခုလို နွေစပါးတွေအောင်မြင်ဖြစ်ထွန်းနေတာကြောင့် လာမယ့်ရာသီမှာဒေသတွင်း ဆန်စပါးလိုအပ်ချက်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက်လည်းရိက္ခာအခက်အခဲကို ပြေလည်စေမှာပါ။ ​အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဒေသခံတောင်သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်လာနိုင်သလို စိုက်ပျိုးရေရရှိဖို့ကိုလည်း တာဝန်ရှိသူတွေဘက်က ပံ့ပိုးပေးနေတာကြောင့် ပိုမိုဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်ဦးမော့လာအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လမ်းညွှန်မှုနဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Read more
Page 50 of 275 1 49 50 51 275

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here