Border News Agency ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅။ ဂျာမနီနိုင်ငံ၊ မြူးနစ်လုံခြုံရေးညီလာခံ (MSC) အပြင်ဘက်မှာ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၃ ရက်ကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူ ၂ သိန်းခွဲခန့်ရှိတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။ ပြည်နှင်ဒဏ်ခံအီရန်မင်းသားဟောင်း ရေဇာပါဟယ်ဗီက ဒီလှုပ်ရှားမှုကို "ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့" အဖြစ် သတ်မှတ်ခဲ့ပြီး တခြားနိုင်ငံတကာမြို့ကြီးတွေမှာလည်း လူစုလူဝေးတွေပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီဆန္ဒပြပွဲတွေအတွင်း အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲကို တခဲနက်ကြွေးကြော်နေကြပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အီရန်မှာအစိုးရအပြောင်းအလဲဖြစ်လာဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အီရန်ပြည်သူ့လှုပ်ရှားမှုတွေအတွင်း အနည်းဆုံး ၇,၀၀၅ ဦးသေဆုံးပြီး ၅၃,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ HRANA အဖွဲ့က ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ သေဆုံးသူ ၃,၁၁၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အီရန်အာဏာပိုင်တွေက အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် အချက်အလက်အတိအကျရဖို့ ခက်ခဲနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မင်းသား ပါဟယ်ဗီကတော့ သမ္မတထရမ့်အနေနဲ့ အီရန်ပြည်သူတွေကို ကူညီပေးဖို့နဲ့လက်ရှိအစိုးရကို အပြီးတိုင် အဆုံးသတ်ပေးဖို့ မြူးနစ်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
Read moreBorder News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဓားနက်ခုတ်ကြည့်ရာမှာ ပေါက်ကွဲလို့ အရပ်သားမူဆလင်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီ သေဆုံးခဲ့သူတွေမှာ မြောက်ဦးမြို့နယ်၊ ဆီသည်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးအာဒူလာမိန်၊ တန်းဆိပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဦးမာ့မာတ်ယေနာ (ခ) မာ့အိုင်ရ်နက်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေအချိန်က မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးက ခုတ်ထားတဲ့ထင်းကိုသွားယူရာ စစ်ကျန်ဗုံးကိုတွေ့ကာ ဓားနဲ့ခုတ်မိရာကနေ ပေါက်ကွဲပြီးသေဆုံးသွားခဲ့ကြတာလို့ ဒေသခံတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီအပြင်ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရ ထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreBorder News Agency ကရင်နီ၊ ဖေဖော်ဝါရီ ၁၅။ ကရင်နီပြည်မှာ Urban Task Force Aung Ban - UTF တပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့တယ်လို့ UTF တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၅ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို ကရင်နီဒေသစခန်းတနေရာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ စစ်ရေးနိုင်ငံရေး မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေက တက်ရောက်ဂုဏ်ပြုတာတွေ၊ သဝဏ်လွှာဖတ်ကြားတာတွေပြုလုပ်ခဲ့ပြီး UTF တပ်ဖွဲ့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူတကွ အားယူချီတက်ပြီး အာဏာရှင်စနစ်ဆိုးပျက်သုဉ်းတဲ့အထိ တော်လှန်ခရီးစဉ်မှာ မဖောက်ပြားတဲ့စိတ်ဓါတ်နဲ့ ခရီးဆုံးထိတော်လှန်တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၁၅။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် အမှတ် ၃၇၁ အမြောက်တပ်ရင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ တဦးလက်နက်တလက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီတပ်သားဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကတည်းက အလင်းဝင်ရောက်ခဲ့တာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုမှသာသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အလင်းဝင်ရောက်လာတဲ့တပ်သားဟာ လက်နက်တလက်ယူလာခဲ့တာဖြစ်ပြီးသူ့ကို ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ထိုက်တန်တဲ့ ဆုကြေးငွေတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားဟာ စစ်ကော်မရှင်တပ်ရဲ့ယန္တရားမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာမို့ တော်လှန်ရေးအဖွဲ့အစည်းထံ ဆက်သွယ်ခိုလှုံလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီအပြင် ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်လာနိုင်ဖို့ ကူညီဆောင်ရွက်ပေးတဲ့ အရပ်သားပြည်သူတွေကိုလည်း ဆုငွေတွေပေးအပ်ချီးမြှင့်သွားမယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။ အဲဒီလင်းဝင်လာတဲ့ တပ်သားကိုလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။
Read moreထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းသို့ သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကျော်ကာခိုးဝင်လာတဲ့ မြန်မာလုပ်သား ၅ ဦးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အမှတ် ၃၅ နယ်ခြားစောင့်တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ နယ်စပ်တလျှောက် တရားမဝင် ဝင်ရောက်တာတွေကို တားဆီးဖို့ ကင်းလှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် လှေတစီး ကမ်းကပ်လာတာကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလှေကို တပ်ဖွဲ့ဝင်တွေဝင်ရောက်စစ်ဆေးရာမှာ တရားဝင်အထောက်အထား တစုံတရာမရှိဘဲ ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၅ ဦးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ကိုစစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံအတွင်းပိုင်းရှိစမွတ်စာခွန်ခရိုင် (Samut Sakhon) သို့ သွားရောက်အလုပ်လုပ်ဖို့ လာတာလို့ ဆိုထားပါတယ်။ သောင်ရင်းမြစ်ကမ်းစပ်သို့ ရောက်ရင် လာကြိုမယ့်သူရှိပြီး အဲဒီကတဆင့် အလုပ်ခွင်သို့ ပို့ဖို့စီစဉ်ထားတယ်လို့လည်း ဝန်ခံထွက်ဆိုထားပါတယ်။ အဲဒီဖမ်းဆီးရမိတဲ့ မြန်မာလုပ်သား ၅ ဦးစလုံးကိုတရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း နေထိုင်မှုဥပဒေတွေနဲ့အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်လွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။
Read moreအမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ကျင်းပခဲ့တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီပါပွဲကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နဲ့ ကုလသမဂ္ဂ (UN) တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်း၊ဒေါ်မြမျိုးအေးနဲ့ဒေါ်ဖြူဖြူလွင်တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီကြားနာပွဲအတွင်း မြန်မာကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် တိုက်ရိုက်ဖြိုဖျက်ခံခဲ့ရတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ပြည်သူ ၁၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်က ကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ကိုယ်စားပြုမှု မရှိတဲ့အတွက် ဒီမိုကရေစီကို နောက်ထပ်စိန်ခေါ်မှုဖြစ်စေတယ်လို့ ထောက်ပြဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ အာဏာကိုအတင်းအဓမ္မသိမ်းယူထားသူတွေကို ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တန်းတူဆက်ဆံနေမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေ အားနည်းသွားမှာဖြစ်လို့ မူဝါဒပိုင်းတသမတ်တည်းရှိဖို့ အရေးကြီးတယ်လို့လည်း တိုက်တွန်းထားပါတယ်။ အဲဒီကြားနာပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။
Read moreမန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေက မြေပြင်စစ်ကြောင်းထိုးဖို့ ခက်ခဲတဲ့ကျေးရွာတွေကို ဒရုန်းတွေအသုံးပြုပြီး မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရှိရပါတယ်။ စစ်ကော်မရှင်ဘက်က မြေပြင်ကနေ ဝင်ရောက်ဖို့ အခက်အခဲရှိတဲ့နေရာတွေကို အခုလို ဒရုန်းနည်းပညာသုံးပြီး အရပ်သားကျေးရွာတွေအထိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ တော်လှန်ရေးရဲဘော်တချို့မှာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် ခန္ဓာကိုယ်မှာ အက်ဆစ်လောင်ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကတော့ ဒါဟာ မိမိတို့ယုံကြည်ချက်ကြောင့် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ နောက်မဆုတ်ဘဲ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအပေါ် သစ္စာစောင့်သိသွားမယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှထောက်ပံ့ကူညီသူတွေဘက်က ပင်ပန်းနွမ်းနယ်မှုတွေ ရှိလာနိုင်ပေမယ့် မြေပြင်မှာ အသက်နဲ့ခန္ဓာကို ရင်းပြီး တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေရဲ့ အခြေအနေကို ကိုယ်ချင်းစာကြည့်ပေးဖို့လည်းတိုက်တွန်း နှိုးဆော်ထားပါတယ်။ နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Read moreထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်အတွင်း ၆ ဘီးတပ် ကုန်တင်ကားတစီးပေါ်မှာ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၉,၉၇၀,၀၀၀ (၁၀ သန်းနီးပါး) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖာမိူင်းတပ်ဖွဲ့ (Pha Muang Force) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီဖာမိူင်းတပ်ဖွဲ့နဲ့ နယ်မြေခံအထူးတပ်ဖွဲ့တွေဟာ ချင်းဒေါင်မြို့နယ်၊မိူင်းနမြို့နယ်ခွဲရှိ ရင်းလွမ်ကျေးရွာအနီး စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် စစ်ဆေးမှုတွေလုပ်ဆောင်စဉ် အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ စစ်ဆေးရေးဂိတ်မှာ သံသယဖြစ်ဖွယ် ၆ ဘီးတပ်ကုန်တင်ကားတစီးကို တားဆီးစစ်ဆေးရာကနေ ကားအတွင်း အထူးပြုလုပ်ထားတဲ့ ဆာလာအိတ် ၅၀ နဲ့ ထည့်သွင်းသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဖာမိူင်းတပ်ဖွဲ့တပ်မှူး ဗိုလ်ချုပ် သာသစ် ဝိုင်ယနွန့်ကတော့ ဒီဖမ်းဆီးမှုဟာ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးရဲ့ ရလဒ်တခုဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားထားပါတယ်။ အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ကားမောင်းနှင်လာသူ အမျိုးသားတဦးကို လက်ရဖမ်းဆီးရမိခဲ့ပြီး သက်သေခံကုန်တင်ကားကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ အဲဒီတရားခံနဲ့ သက်သေခံပစ္စည်းအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် နာဝိုင် (Na Wai) ရဲစခန်းဆီ ပို့ဆောင်လွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။
Read moreပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၅ ဦး သေဆုံးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီတောင်ညိုမြို့သစ်ရဲစခန်းက စစ်တပ်နဲ့ ပျူစောထီးတွေပူးပေါင်းထားတဲ့ ဒီစစ်ကြောင်းဟာ ဇန်နဝါရီလဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်။ အဲဒီ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ တောင်ညို၊ကွင်းစမ်းနဲ့ ရွာသာယာကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ရွာတွေကို မီးရှို့ပြီး ပြန်ထွက်လာတဲ့အချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၁၅ ဦး သေဆုံးခဲ့ပြီး MA-2 သေနတ်တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
Read moreကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့ရှိ ကျားဖြန့် (Scammer) လုပ်ငန်းခွင်မှ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား ၁၆ ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖုန်းအလုံးပေါင်း ၂၆၀ ကျော်နဲ့အတူ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ Royal Thai Army က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက် ညသန်းခေါင်ယံအချိန်က ဆာကဲအိုခရိုင်၊အရန်းယပရာထက်မြို့နယ်အတွင်း နယ်စပ်ကင်းလှည့်နေတဲ့ ဘူရဖာတပ်ဖွဲ့ (Burapha Force) နဲ့ ပူးပေါင်းအဖွဲ့ကစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၅ ဦးနဲ့အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၂၆၆ လုံးနဲ့လက်တော့ပ်တလုံးကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့ဟာ ပွိုင်ပက်ရှိ ကျားဖြန့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတွေဖြစ်ပြီး အလုပ်ရှင်က အခြားနိုင်ငံတခုသို့ သွားရောက်လုပ်ကိုင်ဖို့စေခိုင်းတာကို မလိုလားဘဲ တရုတ်နိုင်ငံသို့သာပြန်လိုတာမို့ ထွက်ပြေးလာတာလို့ ဝန်ခံထားပါတယ်။ သူတို့အဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ဖို့အတွက် ကမ္ဘောဒီးယားလူမျိုးလမ်းပြတဦးကို ဘတ် ၃,၅၀၀ စီ ပေးဆောင်ကာ တောလမ်းအတိုင်း ခိုးဝင်လာတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေအားလုံးကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီးနောက် ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့အတွက် ကလောင်နမ်ဆိုင် (Khlong Nam Sai) ရဲစခန်းသို့ လွှဲပြောင်းထားတယ်လို့သိရပါတယ်။
Read moreHey! Don't Copy my content.