သတင်း

​ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ကျန်လက်နက်တွေကို  EOD အဖွဲ့ရှင်းလင်း

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ဒေသ၊ စီစခေးခရိုင် (Sisaket) အတွင်းမှာ ယခင်တိုက်ပွဲတွေတုန်းက မပေါက်ကွဲဘဲကျန်ရှိနေတဲ့ လက်နက်ကြီးကျည်တွေနဲ့ဗုံးသီးတွေကို ဒေသခံတွေဘေးကင်းစေဖို့အတွက် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP) က ကွင်းဆင်းရှင်းလင်းပေးနေပါတယ်။ အထူးသဖြင့် ကန်ထရလတ်မြို့နယ်ကနယ်စပ်ကျေးရွာတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေအတွင်း မြေမြှုပ်နေတဲ့မိုင်းနဲ့ လက်နက်ကြီးကျည်တွေကို အမှတ် ၂၂ တပ်ရင်းမှ ဗုံးရှင်းလင်းရေး (EOD) အဖွဲ့က အဓိကရှာဖွေဖျက်ဆီးပေးနေတာ  ဖြစ်ပါတယ်။ အဲ​ဒီစစ်ဆင်ရေးဟာ တောင်သူတွေလယ်ယာစိုက်ပျိုးရေး ပြန်လည်စတင်ချိန်မှာ ထွန်ယက်စိုက်ပျိုးရင်း မတော်တဆပေါက်ကွဲမှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးတဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ သိရပါတယ်။ EOD အဖွဲ့က မပေါက်ကွဲသေးတဲ့ ပစ္စည်းတွေကိုရှာဖွေတွေ့ရှိတဲ့အခါမှာ ဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်တွေနဲ့အညီ စနစ်တကျဖျက်ဆီးတာ ဒါမှမဟုတ် သိမ်းဆည်းတာတွေကို တင်းကြပ်စွာဆောင်ရွက်နေပါတယ်။ ​အဲဒီအပြင် ဒေသခံတွေအနေနဲ့ သံသယဖြစ်ဖွယ်အရာဝတ္ထုတွေကိုတွေ့ရှိရင် ကိုယ်တိုင်ကိုင်တွယ်တာမျိုး မလုပ်ဘဲ အာဏာပိုင်တွေဆီ ချက်ချင်းသတင်းပို့ဖို့လည်း သတိပေးထားပါတယ်။ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ်တစ်လျှောက်မှာ စစ်ကျန်လက်နက်တွေ လုံးဝကင်းစင်သွားအောင်နောက်တန်းနယ်မြေ လုံခြုံရေးစီမံချက်အရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Read more

မလေးရှားဆလန်ဂေါမှာ ဒရုန်းသုံး​ဝင်ရောက်စီးနင်းလို့ အထောက်အထားမဲ့ ၅၁ ဦးဖမ်းဆီးခံရ

Border News Agency  မလေးရှား၊ ဖေဖော်ဝါရီ ၁၄။ ​မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကာဂျမ်းမြို့ Sungai Long ဧရိယာမှာ ဖေဖော်ဝါရီလ ၁၃ ရက်ညနေပိုင်းက လူဝင်မှုကြီးကြပ်ရေးဌာနက အင်အားသုံးဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ တရားမဝင်နေထိုင်သူတွေ ထွက်ပြေးပုန်းအောင်းလို့မရအောင် ဒရုန်းနည်းပညာကိုအသုံးပြုပြီး  ကောင်းကင်ယံကနေပါခြေရာခံ ရှာဖွေစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ​အဲဒီ​စစ်ဆေးမှုအတွင်း လူဦးရေ ၄၆၀ ကျော်ကို တားဆီးစစ်ဆေးခဲ့ရာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား ၅၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေဟာ ပတ်စပို့စ်မရှိသူတွေ၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ (Overstay) တွေနဲ့ ပါမစ်နေရာလွဲပြီး လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ မလေးရှားလူဝင်မှူကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးခံရသူ ၅၁ ဦးလုံးကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး  ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ မလေးရှားရောက် မြန်မာလုပ်သားတွေအနေနဲ့လည်း အခုလိုရှောင်တခင်စစ်ဆေးမှုတွေရှိနေတာကြောင့် သွားလာနေထိုင်ရာမှာ အထောက်အထားတွေကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

Read more

​ရေစကြိုမှာ စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၄ ဦးဒဏ်ရာရ

Border News Agency ​မကွေး၊ ဖေဖော်ဝါရီ ၁၄။ ​မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီက ထုတ်ပြန်ပါတယ်။ အဲဒီရေလယ်ကျွန်းဒေသ၊ ငတရော်ရွာနဲ့ဝါဘိုးရွာကို ​ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက်ပိုင်းက စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ တောင်ယာလုပ်နေတဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ​အဲဒီနောက် နေ့လည်ပိုင်းမှာလည်း စက်တပ်လေထီး (Paramotor) နဲ့တိုက်ခိုက်ခဲ့တာကြောင့် ငတရော်ရွာကဘုန်းကြီးကျောင်းတကျောင်းနဲ့ မိုးဖြူရွာကနေအိမ်တလုံးပျက်စီးခဲ့ပြီး နောက်ထပ်အရပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။ ​အဲဒီအပြင် အင်အား ၁၅၀ ခန့်ပါတဲ့ တပ်မ ၉၉ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲကိုရောက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်အပြင် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုပါ အထူးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

Read more

ပိုက်ဆံပန်းစည်းကြောင့် ငွေစက္ကူတွေပျက်စီးနိုင်တယ်လို့ အာဖရိကဗဟိုဘဏ်တွေ သတိပေး

Border News Agency ​အာဖရိက၊ ဖေဖော်ဝါရီ ၁၄။ ​ဇင်ဘာဘွေနိုင်ငံကနေစတင်ခဲ့တဲ့ ပန်းအစစ်တွေအစား ငွေစက္ကူတွေကိုပန်းစည်းလုပ်ပြီး လက်ဆောင်ပေးတဲ့ "Money Bouquet" ရေပန်းစားမှုဟာ အာဖရိကတိုက်ကတခြားနိုင်ငံတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာဘဏ္ဍာရေးစနစ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် နိုင်ငံအတော်များများက ဗဟိုဘဏ်တွေက စိုးရိမ်မကင်းဖြစ်ပြီး သတိပေးချက်တွေထုတ်ပြန်လာကြပါတယ်။ ​ဒီ Trend ဟာ TikTok လိုလူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် လူငယ်တွေကြားမှာ အရှိန်အဟုန်နဲ့ပြန့်နှံ့လာတာပါ။ ပိုက်ဆံပန်းစည်းတွေဟာ လှပရုံတင်မကဘဲ လက်တွေ့လည်းအသုံးချလို့ရတဲ့ လက်ဆောင်ဖြစ်တယ်လို့ယူဆကြတာကြောင့် ပိုပြီးလူကြိုက်များလာတာ ဖြစ်ပါတယ်။ ​ဒါကြောင့် ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘော့ဆွာနာနဲ့ နမီးဘီးယားနိုင်ငံတို့က ဗဟိုဘဏ်တွေကငွေစက္ကူတွေကို ပန်းစည်းပြုလုပ်ရာမှာ ဖျက်ဆီးသလိုဖြစ်နေတာ ဒါမှမဟုတ် ပျက်စီးစေတာမျိုးတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ ​ကင်ညာဗဟိုဘဏ် (CBK) ရဲ့ ထုတ်ပြန်ချက်အရ ပိုက်ဆံပန်းစည်းတွေလုပ်တဲ့အခါ ငွေစက္ကူတွေကိုကော်တွေ၊ တိပ်တွေ၊ စတေပလာတွေနဲ့ ရိုက်တာ၊ ဒါမှမဟုတ် အပ်ချိတ်တွေနဲ့ ထိုးတာမျိုးတွေလုပ်နေကြတာကြောင့် ငွေစက္ကူတွေအဆမတန် ပျက်စီးနေရတယ်လို့ ဆိုပါတယ်။ ​ဒါ့အပြင် ဒီလိုမျိုးပျက်စီးသွားတဲ့ ငွေစက္ကူတွေကို ATM စက်တွေနဲ့ ငွေရေတွက်စက်တွေက လက်မခံဘဲငြင်းပယ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီလို သတ်မှတ်သက်တမ်းမပြည့်ခင် ငွေစက္ကူတွေပျက်စီးသွားလို့ စနစ်အတွင်းကဖယ်ရှားပြီး အသစ်ပြန်ရိုက်နေရတာဟာ ကုန်ကျစရိတ်ကို မြင့်မားစေပါတယ်။ နောက်ဆုံးမှာတော့ အခွန်ထမ်းပြည်သူတွေအတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ ဗဟိုဘဏ်တွေကသတိပေးထားပါတယ်။

Read more

မတ်ဒါဂတ်စကာမှာ အင်အားပြင်းဆိုင်ကလုန်း Gezani တိုက်ခတ်လို့ လူ ၃၀ ကျော်သေဆုံး

Border News Agency  အန်တာနာနာရီဗို၊ ဖေဖော်ဝါရီ ၁၄။ ​အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတခုဖြစ်တဲ့ မတ်ဒါဂတ်စကာ (Madagascar) မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း "Gezani" ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး အိုးအိမ်နဲ့အခြေခံအဆောက်အအုံတွေ အများအပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ​ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မတ်ဒါဂတ်စကာရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ တိုအာမာစီနာ (Toamasina) မြို့အနီးကို တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) နှုန်းရှိတဲ့ လေပြင်းတွေနဲ့အတူ မုန်တိုင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ​မတ်ဒါဂတ်စကာ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး (BNRGC) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူ ၃၅ ဦးအထိရှိလာပြီး လူ ၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃၇၄ ဦးရှိနေပြီး၊ နေအိမ်ပျက်စီးသွားတဲ့ လူပေါင်း ၈,၈၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းပေးထားရပါတယ်။ ​ဒီမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်နေပြီး မြို့အများစုမှာလျှပ်စစ်မီးနဲ့ သောက်သုံးရေစနစ်တွေ ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပြိုကျနေတဲ့အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေကြသလို ယာယီစခန်းတွေမှာလည်း စားနပ်ရိက္ခာတွေဖြန့်ဝေပေးနေပါတယ်။ ​မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်ရှိနေဦးမှာဖြစ်လို့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာနဲ့မြေပြိုတဲ့အန္တရာယ်ကို သတိထားကြဖို့ထုတ်ပြန်ထားပါတယ်။ ​စီးပွားရေးအရလည်း မုန်တိုင်းဒဏ်သင့်ဒေသက ဗနီလာ (Vanilla) နဲ့ လေးညှင်းစိုက်ခင်းတွေ ပျက်စီးသွားတာကြောင့် အတော်လေးဆုံးရှုံးမှုဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ UNICEF နဲ့ ကြက်ခြေနီအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတွေက မုန်တိုင်းသင့်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ပြင်ဆင်နေကြပါတယ်။

Read more

​ကိုးရတ်တောမီးကို ဟယ်လီကော်ပတာတွေနဲ့ အရေးပေါ်ငြှိမ်းသတ်ဖို့ ဝန်ကြီးအမိန့်ပေး

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ​ထိုင်းနိုင်ငံ၊ ကိုးရတ် (နခွန်ရာချစီမာ) ခရိုင်ထဲက စကေးရတ် (Sakaerat) သဘာဝပတ်ဝန်းကျင် သုတေသနနယ်မြေမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းနေပါတယ်။ အဲဒါကြောင့် ဒုတိယဝန်ကြီးချုပ်နဲ့ သယံဇာတပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး နိုင်းဆုချတ်ချွန်ကလင်းက လေကြောင်းကနေ အရေးပေါ်ရေပက်ငြှိမ်းသတ်ဖို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီတောမီးကိုအမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဝမ်နမ့်ခေမြို့နယ်၊ ဘန့်ဝမ်နမ့်ခေ ကျောင်းမှာ "တောမီးငြှိမ်းသတ်ရေး ကွပ်ကဲမှုစင်တာ" ကို ချက်ချင်းဖွင့်လှစ်ခဲ့ပြီး၊ နခွန်ရာချစီမာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နိုင်းဝိကျစ်ကွစ်ဝိရတ်က တာဝန်ယူ ကြီးကြပ်နေတာပါ။ အဲဒီတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ ဟယ်လီကော်ပတာနဲ့ ကွင်းဆင်းစစ်ဆေးကြည့်တဲ့အခါမှာတော့ မီးဟာအင်တိုင်းတောထဲက ခြောက်သွေ့နေတဲ့မြက်ပင်တွေနဲ့ ဝါးရုံတွေကြားထဲ ကူးစက်လောင်ကျွမ်းနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် ဝန်ကြီးဌာနပိုင်လေယာဉ်တွေနဲ့ မီးလောင်ရာနေရာကို အကြိမ်ပေါင်း ၁၀ ကြိမ်ထက်မနည်း ပျံသန်းပြီး ရေပက်ဖျန်း ငြှိမ်းသတ်ခဲ့ပါတယ်။ အဲ​ဒီလို လေကြောင်းကနေငြှိမ်းသတ်မှုကြောင့် မီးအရှိန်သိသိသာသာလျော့ကျသွားပေမယ့် လုံးဝငြိမ်းသွားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒီနေ့၊ မနက် ၈ နာရီခွဲမှာလေကြောင်းကနေထပ်မံစစ်ဆေးပြီး မီးလုံးဝငြှိမ်းသတ်နိုင်တဲ့အထိ ထိရောက်တဲ့စစ်ဆင်ရေးတွေကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ​ဝန်ကြီးနိုင်းဆုချတ်ကတော့ သဘာဝသယံဇာတတွေကိုကာကွယ်ဖို့နဲ့ ပြည်သူတွေမီးခိုးငွေ့ဒဏ်မခံရအောင် ဌာနဆိုင်ရာအားလုံးပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်ကြဖို့ အလေးအနက်မှာကြားထားပါတယ်။ ​

Read more

မလေးရှားဆလန်ဂေါပြည်နယ်မှာ အော်ပရာစီ အဖမ်းအဆီးတွေဆက်တိုက်ဖြစ်ပွား

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်အတွင်းမှာ အော်ပရာစီအဖမ်းအဆီးတွေ ဆက်တိုက်ရှိနေတဲ့အတွက် မြန်မာလုပ်သားတွေ သတိပြုကြဖို့ လိုအပ်နေပါတယ်။ ရာဝမ်း (Rawang) အရပ်မှာ ပတ်ဝန်းကျင် တိုင်ကြားမှုတွေကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိခဲ့သလို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း ချာရက်စ် မာကိုတာ (Cheras Mahkota) နဲ့ ဆွန်ဂိုင်းလောင် (Sungai Long) ဘက်မှာ အော်ပရာစီတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီဖမ်းဆီးမှုတွေဟာ ဒေသခံတွေရဲ့ တိုင်ကြားချက်တွေအပေါ် အခြေခံပြီး လူဝင်မှုကြီးကြပ်ရေးဌာနက အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာပါ။ အဲဒါကြောင့် ဆလန်ဂေါပြည်နယ်အတွင်း နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ အထောက်အထားမပြည့်စုံတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ အသွားအလာ အထူးသတိထားကြဖို့အသိပေးထားပါတယ်။ အဲဒီဆလန်ဂေါပြည်နယ်၊ Telok Panglima Garang ဧရိယာအတွင်းမှာပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အော်ပရာစီ (Operation) ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ​ဒီအဖမ်းအဆီးအတွင်းမှာအထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမားရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားအများအပြားလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ မလေးရှားအစိုးရဟာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို နေရာစုံမှာရှာဖွေ ဖမ်းဆီးနေတာကြောင့် မြန်မာလုပ်သားတွေအနေနဲ့ သွားလာနေထိုင်ရာမှာ အထူးသတိပြုကြဖို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။

Read more

ဆားလင်းကြီးအစပ်လေကြောင်းတိုက်ခိုက်ခံရလို့ တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာရှိတဲ့ တော်လှန်ရေးတပ်စခန်းတခုကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ကို ဖေဖော်ဝါရီလ၁၂ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်က မုံရွာ နမခ တပ်အတွင်းကနေ ပျံတက်လာတဲ့ Gyrocopter ၃ စီးနဲ့ စခန်းကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။  အဲဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး နေရာတင် ကျဆုံးခဲ့ရသလို အခြားထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ​Monywa Revolution အဖွဲ့ကတော့ စစ်ကော်မရှင်တပ်ရဲ့ အခုလို အစုလိုက်အပြုံလိုက် သေကျေအောင် တိုက်ခိုက်မှုဟာ ယုတ်မာရက်စက်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုံ့ချထားပါတယ်။ အဲဒီကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် Monywa Revolutionက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး ကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း လေကြောင်းရန်ကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

Read more

တလအတွင်းလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၂၀ ကျော်သေဆုံး

အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီ​လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Read more

စစ်တပ်သုံးခရီးသည်တင်လေယာဉ်အရေး NAC တာဝန်ပျက်ကွက်ကြောင်း ဒိန်းမတ်အတည်ပြု

​Air KBZ နဲ့ KT Group ဆီကို လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ်တွေကို အာဏာသိမ်းစစ်တပ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာနဲ့ပတ်သက်ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ NAC ကုမ္ပဏီဟာ လူ့အခွင့်အရေးစံနှုန်းတွေ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒိန်းမတ်နိုင်ငံက အတည်ပြုလိုက်ပါတယ်။ ​ဒိန်းမတ်နိုင်ငံအဆင့် တိုင်ကြားရေးဌာန (NCP Denmark) ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ လေယာဉ်အငှားကုမ္ပဏီ Nordic Aviation Capital (NAC) ဟာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ OECD လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာပါ။ အထူးသဖြင့် NAC အနေနဲ့ Air KBZ လိုမျိုး သူတို့ရဲ့ စီးပွားဖက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ထည့်မတွက်ဘဲ ဆိုးကျိုးတွေကို တားဆီးဖို့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ​မြန်မာစစ်တပ်ဟာ Air KBZ နဲ့ KT Group ဆီကနေ လွှဲပြောင်းယူခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ် ၄ စီးကို လေတပ်ရဲ့ လေယာဉ်အမှတ်စဉ်တွေဖြစ်တဲ့ ၀၀၀၃၊ ၀၀၀၄၊ ၀၀၀၅ နဲ့ ၀MD၁၁ ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့တာပါ။ အဲဒီ လေယာဉ်တွေကို တပ်ဖွဲ့ဝင်တွေ ပို့ဆောင်တာ၊ လက်နက်ခဲယမ်း သယ်ယူတာ၊ ကင်းထောက်တာနဲ့ စစ်ခေါင်းဆောင်တွေအပါအဝင် အထူးပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေမှာ အမှန်တကယ် အသုံးပြုနေတာဖြစ်တယ်လို့ အတည်ပြုချက်တွေ အရ သိရပါတယ်။ ​Justice For Myanmar (JFM) ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး NAC နဲ့ သူ့ရဲ့မိခင်ကုမ္ပဏီတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ တာဝန်မဲ့တဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

Read more
Page 56 of 276 1 55 56 57 276

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here