သတင်း

ဆားလင်းကြီးအစပ်လေကြောင်းတိုက်ခိုက်ခံရလို့ တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာရှိတဲ့ တော်လှန်ရေးတပ်စခန်းတခုကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ကို ဖေဖော်ဝါရီလ၁၂ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်က မုံရွာ နမခ တပ်အတွင်းကနေ ပျံတက်လာတဲ့ Gyrocopter ၃ စီးနဲ့ စခန်းကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။  အဲဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး နေရာတင် ကျဆုံးခဲ့ရသလို အခြားထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ​Monywa Revolution အဖွဲ့ကတော့ စစ်ကော်မရှင်တပ်ရဲ့ အခုလို အစုလိုက်အပြုံလိုက် သေကျေအောင် တိုက်ခိုက်မှုဟာ ယုတ်မာရက်စက်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုံ့ချထားပါတယ်။ အဲဒီကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် Monywa Revolutionက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး ကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း လေကြောင်းရန်ကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

Read more

တလအတွင်းလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၂၀ ကျော်သေဆုံး

အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီ​လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Read more

စစ်တပ်သုံးခရီးသည်တင်လေယာဉ်အရေး NAC တာဝန်ပျက်ကွက်ကြောင်း ဒိန်းမတ်အတည်ပြု

​Air KBZ နဲ့ KT Group ဆီကို လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ်တွေကို အာဏာသိမ်းစစ်တပ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာနဲ့ပတ်သက်ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ NAC ကုမ္ပဏီဟာ လူ့အခွင့်အရေးစံနှုန်းတွေ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒိန်းမတ်နိုင်ငံက အတည်ပြုလိုက်ပါတယ်။ ​ဒိန်းမတ်နိုင်ငံအဆင့် တိုင်ကြားရေးဌာန (NCP Denmark) ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ လေယာဉ်အငှားကုမ္ပဏီ Nordic Aviation Capital (NAC) ဟာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ OECD လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာပါ။ အထူးသဖြင့် NAC အနေနဲ့ Air KBZ လိုမျိုး သူတို့ရဲ့ စီးပွားဖက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ထည့်မတွက်ဘဲ ဆိုးကျိုးတွေကို တားဆီးဖို့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ​မြန်မာစစ်တပ်ဟာ Air KBZ နဲ့ KT Group ဆီကနေ လွှဲပြောင်းယူခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ် ၄ စီးကို လေတပ်ရဲ့ လေယာဉ်အမှတ်စဉ်တွေဖြစ်တဲ့ ၀၀၀၃၊ ၀၀၀၄၊ ၀၀၀၅ နဲ့ ၀MD၁၁ ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့တာပါ။ အဲဒီ လေယာဉ်တွေကို တပ်ဖွဲ့ဝင်တွေ ပို့ဆောင်တာ၊ လက်နက်ခဲယမ်း သယ်ယူတာ၊ ကင်းထောက်တာနဲ့ စစ်ခေါင်းဆောင်တွေအပါအဝင် အထူးပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေမှာ အမှန်တကယ် အသုံးပြုနေတာဖြစ်တယ်လို့ အတည်ပြုချက်တွေ အရ သိရပါတယ်။ ​Justice For Myanmar (JFM) ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး NAC နဲ့ သူ့ရဲ့မိခင်ကုမ္ပဏီတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ တာဝန်မဲ့တဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

Read more

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေးမှာ ကလေးငယ်တွေကို အသုံးချမှုအပေါ် ဝေဖန်ခံရ

ထိုင်း​-ကမ္ဘောဒီးယားနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်က ကလေးငယ်တွေကို အသုံးပြုပြီး နယ်စပ်အရေးကိစ္စတွေမှာ ထိုင်းနိုင်ငံအပေါ် ဖိအားပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ထိုင်းစစ်တပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။ ​ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေးမိချေးခရိုင်အတွင်းကို ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့အာဆီယံလေ့လာရေးအဖွဲ့ (AOT) ရောက်ရှိလာချိန်မှာ ကမ္ဘောဒီးယားဘက်က အသက် ၅ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ် ၃၀ ခန့်ကို စုရုံးစေခဲ့တာပါ။ အဲဒီလိုလုပ်ဆောင်တာဟာ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ နိုင်ငံတကာရှေ့မှောက်မှာ ပုံဖော်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ​အဲဒီအပြင် ကမ္ဘောဒီးယားစစ်တပ် တာဝန်ရှိသူတွေက ထိုင်းဘက်ကဆူးကြိုးခွေတွေနဲ့ ကွန်တိန်နာတွေ အသုံးပြုပြီး နယ်မြေကျူးကျော်ထားတယ်လို့ စွပ်စွဲပြောဆိုခဲ့ပေမယ့် ဒီအချက်အလက်တွေဟာ အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးထားတာလို့ ထိုင်းဘက်က ပြန်လည်တုံ့ပြန်ထားပါတယ်။ အဲ​ဒီလှုပ်ရှားမှုကို ကမ္ဘောဒီးယား အမှတ် ၅ စစ်ဒေသမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က တိုက်ရိုက်ကြီးကြပ်ခဲ့တာဖြစ်ပြီး နယ်နိမိတ်အငြင်းပွားမှုမှာ အလေးသာစေဖို့အတွက် လူသားချင်းစာနာမှုကိစ္စကို နိုင်ငံရေးအရ အသုံးချတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

Read more

​နောင်ချိုမှာ ကြံခုတ်ရင်းကြိုးမိုင်းနင်းမိလို့ ကလေးတဦးအပါအဝင် အမျိုးသမီး ၄ ဦး ဒဏ်ရာရ

Border News Agency  နောင်ချို၊​ ဖေဖော်ဝါရီ ၁၃။ ​ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကြံခုတ်နေတဲ့ ဒေသခံအမျိုးသမီးတွေ ကြိုးမိုင်းနင်းမိပြီး ကလေးငယ်တဦးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။  အဲဒီနောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနီးက ကြံခင်းတခုမှာ ​ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီအချိန်ခန့်က ကြံခုတ်နေစဉ် မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုပေါက်ကွဲလို့ အသက် ၈ နှစ်အရွယ် မယွန်းဝတီအပါအဝင်အသက် ၂၇ နှစ်ကနေ ၄၃ နှစ်ကြားရှိတဲ့ အမျိုးသမီး ၄ ဦး မိုင်းစထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ​ဒဏ်ရာရသူတွေထဲကတဦးဟာ ညာဘက်ခြေသလုံး အရိုးထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတက်ကုသနေရပြီး ကျန်တဲ့သူတွေကတော့ အပြင်ပိုင်းဒဏ်ရာတွေရသွားတာလို့ ဆိုပါတယ်။ ​အဲဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ သွားလာလှုပ်ရှားခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Read more

စံထဘူရီမှာ တရုတ်ငွေလိမ်ဂိုဏ်းဝင် ၁၂ ဦး ဖမ်းမိ

​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၃။ ​ထိုင်းနိုင်ငံ၊ စံထဘူရီခရိုင် (Chanthaburi) နယ်စပ်မှာ တရားမဝင်ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၂ ဦးနဲ့အတူ သူတို့ကိုပို့ပေးတဲ့ ထိုင်းနိုင်ငံသား ၂ ဦးကို ဖုန်း ၄၄ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးဗဟိုရဲတပ်ဖွဲ့ (CIB) က ဖေဖော်ဝါရီ ၁၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီ​စံထဘူရီခရိုင်၊ စွယ်ဒေါမြို့နယ် (Soi Dao) အတွင်းရှိအဝေးပြေးလမ်းမတခုမှာ အဝေးပြေးရဲတပ်ဖွဲ့ (Highway Police) က မော်တော်ယာဉ်တွေကို စစ်ဆေးရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ​ဖမ်းဆီးရမိချိန်မှာ တရုတ်နိုင်ငံသား ၁၂ ဦးနဲ့အတူ သူတို့ကိုကားနဲ့သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။ သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၄၄ လုံးကိုပါသိမ်းဆည်းရမိခဲ့ပြီး အဲဒီဖုန်းတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Gang) လုပ်ငန်းတွေအတွက် အသုံးပြုတဲ့ဖုန်းတွေဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ကသုံးသပ်ထားပါတယ်။ ​အဲဒီဖမ်းဆီးခံရသူတွေထဲက ထိုင်းနိုင်ငံသား ၂ ဦးကို တရားမဝင် ဝင်ရောက်လာသူတွေကို ကူညီပို့ဆောင်ပေးမှုနဲ့ စွဲချက် တင်ထားပြီး တရုတ်နိုင်ငံသား ၁၂ ဦးကိုတော့ ခွင့်ပြုချက်မရှိဘဲနိုင်ငံအတွင်း တရားမဝင်ခိုးဝင်လာမှုနဲ့ အရေးယူထားပါတယ်။ ထိုင်းနိုင်ငံနယ်စပ်နဲ့ မြို့ကြီးတွေမှာ​ဖေဖော်ဝါရီလ ပထမနှစ်ပတ်အတွင်းမှာပဲ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ဆက်နွှယ်တဲ့ တရုတ်နိုင်ငံသားဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။ အဲဒီတရားခံတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေတဆင့် ထိုင်းနိုင်ငံအတွင်းကို တောလမ်းကနေခိုးဝင်လာကြပြီး နည်းပညာပစ္စည်းတွေနဲ့အတူ အခြားဒေသတွေကို ဆက်လက်သွားရောက်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတစ်ဝှမ်းမှာ တရားမဝင်ဝင်ရောက်မှုနဲ့ အွန်လိုင်းရာဇဝတ်မှုတွေကြောင့် ဖမ်းဆီးခံရတဲ့တရုတ်နိုင်ငံသား စုစုပေါင်း ၃၀ ဦးထက်မနည်း ရှိနေပြီလို့ CIB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ​လက်ရှိမှာရဲတပ်ဖွဲ့အနေနဲ့ သိမ်းဆည်းရမိတဲ့ ဖုန်းတွေကိုစစ်ဆေးနေပြီး နောက်ဆက်တွဲအွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

Read more

​ဘင်္ဂလားဒေ့ရှ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦး အနိုင်ရ

​Border News Agency ​ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦးအနိုင်ရရှိပြီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ တရားမဝင်မဲရလဒ်တွေအရ သိရပါတယ်။ ​အမတ်နေရာအများစုကို အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့ သေချာနေတဲ့ Bangladesh Nationalist Party (BNP) က အမျိုးသမီးကိုယ်စားလှယ် ၆ ဦးဟာ ပါတီရဲ့ စပါးနှံတံဆိပ်နဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ အသီးသီး အနိုင်ရခဲ့ကြတာပါ။ ​အနိုင်ရရှိခဲ့တဲ့ BNP အမျိုးသမီးကိုယ်စားလှယ်တွေကတော့ Manikganj - 3 မဲဆန္ဒနယ်က Afroza Khan Rita၊ Jhalokati - 2 က Israt Sultana Elen Bhutto၊ Sylhet - 2 က Tahsina Rushdir Luna၊ Faridpur - 2 က Shama Obaid၊ Faridpur - 3 က Nayab Yusuf Kamal နဲ့ Natore - 1 က Farzana Sharmin Putul တို့ပဲ ဖြစ်ပါတယ်။ ​အဲဒီအပြင် BNP ပါတီကနေ အရင်ကထုတ်ပယ်ခံထားရတဲ့ Barrister Rumin Farhana ဟာလည်း Brahmanbaria - 2 မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသွားခဲ့တာကြောင့် စုစုပေါင်းအမျိုးသမီး ၇ ဦး လွှတ်တော်တက်ခွင့် ရရှိမှာဖြစ်ပါတယ်။ ​အခုထွက်ပေါ်လာတဲ့ရလဒ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရေတွက်မှုတွေအပြီး ထွက်ပေါ်လာတဲ့ အကြိုရလဒ်တွေ ဖြစ်ပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ တန်ဂေးလ်ခရိုင်အမတ်နေရာ ၈ ခုစလုံးကို BNP ပါတီဝင်တွေအနိုင်ရ

​Border News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ တန်ဂေးလ် (Tangail) ခရိုင်က အမတ်နေရာ ၈ ခုစလုံးကို Bangladesh Nationalist Party (BNP) ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တဦးက အနိုင်ရရှိသွားပါတယ်။ အဲ​ဒီရလဒ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်၊ ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်အချိန်မှာ ခရိုင်ရွေးကောက်ပွဲအရာရှိ ရှာရီဖာဟတ်ခ်က တရားဝင်ထုတ်ပြန်လိုက်တာပါ။ ​တန်ဂေးလ်ခရိုင်အတွင်းက မဲဆန္ဒနယ် ၈ ခုစလုံးမှာ BNP ပါတီက ကိုယ်စားလှယ် ၇ ဦး အနိုင်ရခဲ့ပြီး ကျန်တဲ့တနေရာမှာတော့ BNP ကပဲ တစ်သီးပုဂ္ဂလအဖြစ် ခွဲထွက်ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်က အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီ တန်ဂေးလ် - ၁ မှာ Fakir Mahbub Anam၊ တန်ဂေးလ် -၂ မှာ Abdus Salam Pintu၊ တန်ဂေးလ် - ၃ မှာ တစ်သီးပုဂ္ဂလ လွတ်ဖာရာမန်ခန်းအာဇတ် (Lutfar Rahman Khan Azad)၊ တန်ဂေးလ် - ၄ မှာ Lutfar Rahman Matin တို့က နယ်မြေအလိုက်အနိုင်ရသူတွေ ဖြစ်ပါတယ်။  ​အဲဒီအပြင် တန်ဂေးလ် - ၅ (Sadar) မှာ BNP ဗဟိုပြန်ကြားရေးအတွင်းရေးမှူး Sultan Salahuddin၊ တန်ဂေးလ် - ၆ မှာ Rabiul Awal Lavlu၊ တန်ဂေးလ် - ၇ မှာ Abdul Kalam Azad နဲ့ တန်ဂေးလ် - ၈ မှာ Ahmed Azam Khan တို့က မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ BGB တပ်ဖွဲ့ဝင် ၁၉,၀၀၀ ကျော်ကို အသုံးပြုခဲ့ပါတယ်။ ​တန်ဂေးလ်ခရိုင်တခုလုံးမှာ မဲဆန္ဒနယ် ၈ ခုအတွက် ကိုယ်စားလှယ် ၄၇ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး မဲပေးသူ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Read more
Page 57 of 276 1 56 57 58 276

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here