Border News Agency စစ်တွေ၊ ဖေဖော်ဝါရီ ၉။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေလေဆိပ်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေက မီးလောင်နေပါတယ်။ အဲဒီမီးလောင်မှုဟာ ဘယ်ကစတင်လောင်ကျွမ်းသွားသလဲဆိုတာမသိရှိရပေမယ့် လေယာဉ်ကွင်းဝင်ရှိနေရာအများစုမီးလောင်သွားတယ်လို့ ဆိုကြပါတယ်။ အဲဒီလေယာဉ်ကွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားရှိနေပေမယ့် မီးငြိမ်းသတ်မယ့်သူမရှိဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။
Read moreBorder News Agency ချင်းရိုင်၊ ဖေဖော်ဝါရီ ၉။ ထိုင်း-မြန်မာနယ်စပ်၊ မယ်ဆိုင်မြို့နယ်မှာ ဖေဖော်ဝါရီလ၉ ရက်၊ ဒီနေ့မနက်အစောပိုင်းက စိတ်ကြွဆေးပြား ၅ သန်းကျော် သယ်လာတဲ့ Pajero ကားတစီးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖာမိူင်းစစ်ဆင်ရေးတပ်ဖွဲ့ (Pha Muang Force)နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မနက် ၁ နာရီအချိန် မောင်းဒေတိုင်ကျေးရွာအနီး ကင်းလှည့်နေစဉ် ဘန်ကောက်လိုင်စင်နဲ့ အနက်ရောင် Mitsubishi Pajero ကားတစီးကို တွေ့ရှိခဲ့တာပါ။ အဲဒီကားဟာ စစ်ဆေးရေးဂိတ်ကိုရှောင်ဖို့ လမ်းကြောင်းလှည့်ရာကနေ လမ်းဘေးထိုးကျသွားပြီး ကားပေါ်ပါလာသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ကားအတွင်းကိုစစ်ဆေးရာမှာ ဆာလာအိတ် ၂၄ အိတ်တွေ့ရှိခဲ့ပြီး စိတ်ကြွဆေးပြား စုစုပေါင်း ၄,၇၂၀,၀၀၀ (၄ သန်း ၇ သိန်းကျော်) သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် ကားထဲမှာနခွန်ရာချာစီမာခရိုင်က အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးရဲ့ မှတ်ပုံတင်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အာဏာပိုင်တွေက အနီးပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေရာမှာတော့ ကားမှောက်တဲ့နေရာနားက ချုံပုတ်ထဲမှာ မြက်ခြောက်တွေနဲ့ဖုံးထားတဲ့ ခရီးဆောင်အိတ် ၂ လုံးကို ထပ်တွေ့ခဲ့ပါတယ်။ အဲဒီအိတ်တွေထဲမှာ စိတ်ကြွဆေးပြား ၆၂၀,၀၀၀ (၆ သိန်း ၂ သောင်း) ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်းစိတ် ကြွဆေးပြား ၅,၃၄၀,၀၀၀ (၅ သန်း ၃ သိန်းကျော်)အထိ ရှိခဲ့ပါတယ်။ လက်ရှိမှာ ဖာမိူင်းတပ်ဖွဲ့မှူး ဗိုလ်ချုပ် သာသစ် ဝိုင်ယနွန့်နဲ့ တာဝန်ရှိသူတွေက သက်သေခံပစ္စည်းတွေကို မယ်ဆိုင်ရဲစခန်းကို ပို့ဆောင်ထားပြီး ကားထဲကတွေ့တဲ့မှတ်ပုံတင်ပိုင်ရှင်နဲ့ ကွင်းဆက်တရားခံတွေကိုဖမ်းမိဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၉။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်တပ်လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အမျိုးသမီးသေဆုံးသူငါးဆယ့်ငါးဦးရှိခဲ့ပြီး အဲဒီထဲမှာအာရက္ခဒေသက ဒုတိယအများဆုံးဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းတွေအရ ဇန်နဝါရီလအတွင်း အာရက္ခဒေသမှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးဆယ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူနှစ်ဆယ်ဦးပြီးရင် အာရက္ခဒေသဟာ ထိခိုက်သေဆုံးမှုအမြင့်မားဆုံး ဒေသတခုဖြစ်နေတာပါ။ သေဆုံးရတဲ့အဓိကအကြောင်းရင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဖြစ်ပါတယ်။ အာရက္ခဒေသကို စစ်ကော်မရှင်တပ်က အရပ်သားတွေနေထိုင်ရာကျေးရွာတွေနဲ့ မြို့ပေါ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုလိုအမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် ထိခိုက်သေဆုံးနေရတာ ဖြစ်တယ်လို့ဆိုပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သေဆုံးသူငါးဆယ့်ငါးဦးထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက် အမျိုးသမီးငယ်လေးဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးငါးဆယ့်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေမြှုပ်မိုင်းကြောင့်ထိခိုက်တာနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုငါးဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။ အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေဟာလုံခြုံမှုမရှိတော့ဘဲ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။
Read moreBorder News Agency ဘန်ကောက်၊ ဖေဖော်ဝါရီ ၉။ ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲ လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ဝင် ဖွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) က အမတ်နေရာ ၁၉၀ ကျော်နဲ့အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တယ်လို့ သက်ဆိုင်ရာဌာနတွေက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီရလဒ်ဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့အမတ်နေရာ ၇၁ နေရာထက် သိသိသာသာမြင့်တက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ ရှေးရိုးစွဲအမျိုးသားရေးဝါဒတွေ ပြန်လည်အားကောင်းလာတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ အဲဒီမဲ ၉၅ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ ဖွန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၁၉၀ ကျော်နဲ့ပထမ၊ ပြည်သူ့ပါတီ (People’s Party) က ၁၁၀ ကျော်နဲ့ ဒုတိယ၊ ဖွေထိုင်းပါတီ (Pheu Thai) က ၇၀ ကျော်နဲ့ တတိယအသီးသီး ရရှိထားကြပါတယ်။ လူငယ်တွေထောက်ခံတဲ့ပြည်သူ့ပါတီက မြို့ပြဒေသတွေမှာအားကောင်းခဲ့ပေမယ့် ဖွန်ဂျိုင်ထိုင်းပါတီကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့တာပါ။ Nikkei Asia ရဲ့ သုံးသပ်ချက်အရ အနုတင်ရဲ့ ဒီအောင်ပွဲဟာထိုင်း - ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုကို အခြေခံထားတဲ့ "အမျိုးသားရေးဝါဒ" ကြောင့်လို့ ဆိုပါတယ်။ အနုတင်ဟာ မဲဆွယ်ကာလအတွင်းမှာ "အမိမြေကို ကာကွယ်ဖို့နဲ့ မျိုးချစ်စိတ်ရှိဖို့" ကိုပဲ အဓိကထားလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ အနုတင်ကဘန်ကောက်မြို့ မိန့်ခွန်းမှာ "ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် ကျွန်တော့်အသက်နဲ့ထပ်တူကာကွယ်သွားမယ်လို့ ကတိပြုပါတယ်။ အမိမြေကိုကာကွယ်ဖို့အတွက် ဖွန်ဂျိုင်ထိုင်းပါတီကိုပဲ ရွေးချယ်လိုက်ပါ" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲဒီအပြင် ဘုရင်စနစ်နဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကိုမထိပါးဘဲ နဂိုအတိုင်းထိန်းသိမ်းမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် ရှေးရိုးစွဲဝါဒီတွေနဲ့ တည်ငြိမ်မှုကိုလိုလားတဲ့ ကျေးလက်ပြည်သူတွေရဲ့ မဲကိုအပြည့်အဝရရှိခဲ့တာလို့ သုံးသပ်ကြပါတယ်။ နိုင်ငံရေးသိပ္ပံပါမောက္ခ Yuthaporn Issarachai ကလည်း ထိုင်းပြည်သူတွေဟာ ပြုပြင်ပြောင်းလဲရေးထက် "အမျိုးသားလုံခြုံရေးနဲ့ တည်ငြိမ်ရေး" ကို ပိုပြီးဦးစားပေးရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။ လက်ရှိမှာ ဖွန်ဂျိုင်ထိုင်းပါတီဟာ အစိုးရဖွဲ့နိုင်ဖို့အမတ်နေရာ ၂၅၁ နေရာပြည့်မီအောင် အခြားပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီရှုံးနိမ့်သွားတဲ့ ပြည်သူ့ပါတီခေါင်းဆောင် နာတာဖောင်ကတော့ သူတို့ရဲ့ ရှုံးနိမ့်မှုကိုဝန်ခံလိုက်ပြီး အပြုသဘောဆောင်တဲ့ အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၉။ နိုင်ငံတကာတရားရုံး (ICJ) မှာရင်ဆိုင်နေရတဲ့အမှုဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုကြီးတခုဖြစ်ပေမယ့် အဲဒီကနေ အကျိုးအမြတ်တွေရအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ICJ သွားရောက်ဖြေရှင်းခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုတဲ့ ညစာစားပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ICJ အမှုကိစ္စကြောင့် ရရှိခဲ့တဲ့အကျိုးအမြတ်တွေထဲမှာ အရေးကြီးဆုံးကတော့ နိုင်ငံအပေါ်စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကအစိုးရနဲ့အတူ ပူးပေါင်းရပ်တည်ခဲ့ကြတဲ့အတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် နောက်ထပ်အကျိုးအမြတ်တခုအနေနဲ့ ရခိုင်ပြည်မြောက်ပိုင်း ပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ လူမျိုးစုအမည်နာမ သရုပ်လက္ခဏာ (Identity) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်မှာ အထောက်အထားတွေနဲ့ တင်ပြခွင့်ရခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ နောက်ပြီး ဥပဒေပိုင်းဆိုင်ရာမှာလည်း နိုင်ငံတကာအဆင့် အတွေ့အကြုံတွေရရှိခဲ့သလို နောက်နောင်မှာအလားတူဥပဒေကြောင်းအရတိုက်ခိုက်လာတာတွေရှိရင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အသိအမြင်တွေရရှိခဲ့တာဟာ အဆိုးထဲက အမြတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ကာခုခံချေပမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉။ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်တွေက လေးလကျော်ကြာစစ်ဆင်ရေးလုပ်ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီမြို့ကို ပြန်သိမ်းဖို့အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကတည်းက စစ်ကြောင်းခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေနဲ့ ဗျူဟာကျတဲ့နေရာတွေကို အဆင့်ဆင့်ပြန်သိမ်းခဲ့တာလို့ ဆိုပါတယ်။ လေးလကျော်ကြာတဲ့ ဒီစစ်ဆင်ရေးအတွင်း တိုက်ပွဲပေါင်းခြောက်ဆယ့်ကိုးကြိမ်အထိဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ပြောပါတယ်။ လက်ရှိမှာတော့ မြို့ထဲမှာမိုင်းရှင်းလင်းတာနဲ့ ပျက်စီးသွားတဲ့အဆောက်အဦးတွေကို ပြန်ပြင်ဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဗန်းမောက်မြို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၉။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာ မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အေတီလီယာရွာမှ ဂေါ်တီမူလာရဲ့ သားအသက် ခုနှစ်နှစ်အရွယ်နိုဟာဆမ်မှာ ဘယ်ဘက်မျက်လုံးကန်းသွားပြီး ဘယ်ဘက်ဒူးဒဏ်ရာ၊ ညာဘက်လက်ချောင်း နှစ်ချောင်းလည်းပြတ်ထွက်သွားခဲ့ပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က သူငယ်ချင်းတွေနဲ့ဘောလုံးကစားနေချိန် မြေမြှုပ်မိုင်းကိုထုကြည့်ပြီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreကေအဲန်ယူ-တောင်ငူခရိုင်၊ သံတောင်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသံထောင်မြို့နယ်၊ဖိုးဝါးချောင်းကျေးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊မနက်ပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ထို့ဘိုကြီးစခန်းကနေ လက်နက်ကြီးနှစ်လုံးနဲ့ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ် ဦးရဲ့မိခင် အသက်သုံးဆယ်ရှစ်နှစ်အရွယ် နော်နီကမွီး ဟာလက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမြိတ်ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာရှိဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲလူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်မှတ်ထား ပစ်ခတ်နေတာကြောင့် အခုလို အရပ်သားသေဆုံးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ဆိုပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ "တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်း" ကဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဖေဖော်ဝါရီ ၈ ရက်၊မနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ တော်လှန်ပြည်သူတွေက "လှေပြောင်းစီးရုံနဲ့ မုန်တိုင်းက ရပ်မသွားဘူး" ဆိုတဲ့စာသားတွေကို ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြသလို၊စစ်ကော်မရှင်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ တိုက်တွန်းတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို နေ့စဉ်မပြတ် ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
Read moreအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ရင်ခွင်အဖွဲ့ထံဆက်သွယ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦး အလင်းဝင်လာတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ကချင်ပြည်၊တနိုင်းမြို့နယ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးနဲ့ ရှမ်းပြည်၊ဖယ်ခုံမြို့နယ်ကနှစ်ဦးတို့ဟာဖေဖော်ဝါရီလ၁ ရက်နေ့ကသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေဆီကို အလင်းဝင်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း မွန်ပြည်၊ကျိုက်ထိုမြို့နယ်ကနှစ်ဦး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အံဒီအလင်းဝင်လာသူတွေနဲ့အတူ MA-1 မောင်းပြန်ရိုင်ဖယ်နှစ်လက်နဲ့ ဆက်စပ်ခဲယမ်းတွေပါရှိလာပြီး လက်ရှိမှာ အဲဒီလက်နက်တွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ပြန်လည်အသုံးပြုနေတယ်လို့ဆိုပါတယ်။ အဲဒီအလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦးကို သက်ဆိုင်ရာတပ်ရင်းတွေက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူတို့ရဲ့ဆန္ဒအတိုင်း တော်လှန်ရေးမှာ ပူးပေါင်းတာ ဒါမှမဟုတ် မိဘတွေဆီ ပြန်ပို့ပေးတာတွေကိုတာဝန်ရှိသူတွေက အကောင်းဆုံးစီစဉ်ပေးနေတယ်လို့ဆိုပါတယ်။
Read moreHey! Don't Copy my content.