Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၉။ နိုင်ငံတကာတရားရုံး (ICJ) မှာရင်ဆိုင်နေရတဲ့အမှုဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုကြီးတခုဖြစ်ပေမယ့် အဲဒီကနေ အကျိုးအမြတ်တွေရအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ICJ သွားရောက်ဖြေရှင်းခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုတဲ့ ညစာစားပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ICJ အမှုကိစ္စကြောင့် ရရှိခဲ့တဲ့အကျိုးအမြတ်တွေထဲမှာ အရေးကြီးဆုံးကတော့ နိုင်ငံအပေါ်စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကအစိုးရနဲ့အတူ ပူးပေါင်းရပ်တည်ခဲ့ကြတဲ့အတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် နောက်ထပ်အကျိုးအမြတ်တခုအနေနဲ့ ရခိုင်ပြည်မြောက်ပိုင်း ပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ လူမျိုးစုအမည်နာမ သရုပ်လက္ခဏာ (Identity) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်မှာ အထောက်အထားတွေနဲ့ တင်ပြခွင့်ရခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ နောက်ပြီး ဥပဒေပိုင်းဆိုင်ရာမှာလည်း နိုင်ငံတကာအဆင့် အတွေ့အကြုံတွေရရှိခဲ့သလို နောက်နောင်မှာအလားတူဥပဒေကြောင်းအရတိုက်ခိုက်လာတာတွေရှိရင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အသိအမြင်တွေရရှိခဲ့တာဟာ အဆိုးထဲက အမြတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ကာခုခံချေပမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉။ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်တွေက လေးလကျော်ကြာစစ်ဆင်ရေးလုပ်ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီမြို့ကို ပြန်သိမ်းဖို့အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကတည်းက စစ်ကြောင်းခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေနဲ့ ဗျူဟာကျတဲ့နေရာတွေကို အဆင့်ဆင့်ပြန်သိမ်းခဲ့တာလို့ ဆိုပါတယ်။ လေးလကျော်ကြာတဲ့ ဒီစစ်ဆင်ရေးအတွင်း တိုက်ပွဲပေါင်းခြောက်ဆယ့်ကိုးကြိမ်အထိဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ပြောပါတယ်။ လက်ရှိမှာတော့ မြို့ထဲမှာမိုင်းရှင်းလင်းတာနဲ့ ပျက်စီးသွားတဲ့အဆောက်အဦးတွေကို ပြန်ပြင်ဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဗန်းမောက်မြို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၉။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာ မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အေတီလီယာရွာမှ ဂေါ်တီမူလာရဲ့ သားအသက် ခုနှစ်နှစ်အရွယ်နိုဟာဆမ်မှာ ဘယ်ဘက်မျက်လုံးကန်းသွားပြီး ဘယ်ဘက်ဒူးဒဏ်ရာ၊ ညာဘက်လက်ချောင်း နှစ်ချောင်းလည်းပြတ်ထွက်သွားခဲ့ပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က သူငယ်ချင်းတွေနဲ့ဘောလုံးကစားနေချိန် မြေမြှုပ်မိုင်းကိုထုကြည့်ပြီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreကေအဲန်ယူ-တောင်ငူခရိုင်၊ သံတောင်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသံထောင်မြို့နယ်၊ဖိုးဝါးချောင်းကျေးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊မနက်ပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ထို့ဘိုကြီးစခန်းကနေ လက်နက်ကြီးနှစ်လုံးနဲ့ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ် ဦးရဲ့မိခင် အသက်သုံးဆယ်ရှစ်နှစ်အရွယ် နော်နီကမွီး ဟာလက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမြိတ်ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာရှိဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲလူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်မှတ်ထား ပစ်ခတ်နေတာကြောင့် အခုလို အရပ်သားသေဆုံးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ဆိုပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ "တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်း" ကဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဖေဖော်ဝါရီ ၈ ရက်၊မနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ တော်လှန်ပြည်သူတွေက "လှေပြောင်းစီးရုံနဲ့ မုန်တိုင်းက ရပ်မသွားဘူး" ဆိုတဲ့စာသားတွေကို ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြသလို၊စစ်ကော်မရှင်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ တိုက်တွန်းတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို နေ့စဉ်မပြတ် ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
Read moreအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ရင်ခွင်အဖွဲ့ထံဆက်သွယ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦး အလင်းဝင်လာတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ကချင်ပြည်၊တနိုင်းမြို့နယ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးနဲ့ ရှမ်းပြည်၊ဖယ်ခုံမြို့နယ်ကနှစ်ဦးတို့ဟာဖေဖော်ဝါရီလ၁ ရက်နေ့ကသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေဆီကို အလင်းဝင်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း မွန်ပြည်၊ကျိုက်ထိုမြို့နယ်ကနှစ်ဦး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အံဒီအလင်းဝင်လာသူတွေနဲ့အတူ MA-1 မောင်းပြန်ရိုင်ဖယ်နှစ်လက်နဲ့ ဆက်စပ်ခဲယမ်းတွေပါရှိလာပြီး လက်ရှိမှာ အဲဒီလက်နက်တွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ပြန်လည်အသုံးပြုနေတယ်လို့ဆိုပါတယ်။ အဲဒီအလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦးကို သက်ဆိုင်ရာတပ်ရင်းတွေက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူတို့ရဲ့ဆန္ဒအတိုင်း တော်လှန်ရေးမှာ ပူးပေါင်းတာ ဒါမှမဟုတ် မိဘတွေဆီ ပြန်ပို့ပေးတာတွေကိုတာဝန်ရှိသူတွေက အကောင်းဆုံးစီစဉ်ပေးနေတယ်လို့ဆိုပါတယ်။
Read moreမြောက်ဦးမြို့မှာရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြား တရာ့သုံးဆယ်နှစ်ပြားကို တာဝန်သိသိနဲ့ လာရောက်အပ်နှံခဲ့တဲ့ လူငယ်လေးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဦးကိုကျပ်ခုနှစ်ဆယ်ငါးသိန်းစီကို ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ အဲဒီတာဝန်သိလူငယ်တွေကတော့ မြောက်ဦးမြို့က ဦးနိုင်ဝင်းထွန်းရဲ့သား မောင်စိုးအောင်မင်း၊ ဦးညီဘုရဲသား မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သား မောင်ဖြိုးမြတ်ဦး နဲ့ ဦးခိုင်ကျော်လင်းရဲ့သား မောင်ကျော်စိုးလင်း တို့ ဖြစ်ကြပါတယ်။ သူတို့လေးဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၄ ရက်နေ့က ဘောလုံးကွင်းမှာ ကစားရင်း မတော်တဆခြေချော်လဲရာကနေ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိဘတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ရှိရတဲ့ ငွေဒင်္ဂါးတွေထဲမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ကျော်က နရပတိကြီး၊စန္ဒသုဓမ္မရာဇာ၊သတိုးမင်းတရားနဲ့ ဝရဓမ္မရာဇာလက်ထက်က ဒင်္ဂါးပြားတွေ ပါဝင်ပါတယ်။ အာရက္ခအစိုးရကတော့ ဒီလူငယ်လေးတွေရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို အထူးချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားသံတွဲမြို့ကို ဖေဖော်ဝါရီလ ၈ ရက်၊နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ သံတွဲမြို့၊အမှတ် ၃ ရပ်ကွက်ကို ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ် ကိုးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီအသက်ငါးဆယ်အရွယ် ဦးအောင်သန်းလင်းမှာ ဘယ်ဘက်လက်ကျိုးသွားသလို၊အသက်ငါးဆယ်အရွယ် ဦးသက်အောင်လည်း ဦးခေါင်းပေါက်ထွက်တဲ့ ဒဏ်ရာတွေရသွားတာမို့ ဆေးကုသမှုခံယူနေရပါတယ်။ စစ်ကော်မရှင်တပ်ဟာအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးသွားခဲ့တယ်လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ဖေဖော်ဝါရီလ ၇ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီမုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှထွက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊မနက် ၇ နာရီခန့်အချိန်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့ပြီး သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ နမခမှ ထွက်လာတဲ့စစ်ကြောင်းကို နမခ အနီးမှာတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးထက်သေဆုံးပြီး MA1 တလက်၊ MA11 တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) ၊ Black Falcon ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၃၊ ကနောင်မင်းသားကြီး၊ သွေးသောက်ညီကို၊ တိုက်နယ် ၅ ပလဖ နဲ့ နယ်မြေခံအမေ့သားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Read moreအာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတာကြောင့် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ ရသေ့တောင်မြို့နယ်၊သာစည်တောင့်ကျေးရွာနဲ့ အနီးအနားရှိကျေးရွာတွေမှာ အရေပြားရောဂါ (ဝဲရောဂါ)ပြင်းထန်စွာ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီဒေသတွေမှာ ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီအရေးပေါ်လိုအပ်နေတယ်လို့ဆိုကြပါတယ်။ အဲဒီထဲ ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာပိုပြီးအဖြစ်များနေသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနက လိုက်လံကုသပေးနေပေမယ့်လူဦးရေနဲ့ဆေးဝါးပမာဏ မမျှမတဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ “လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲနေတော့ ဘယ်မှသွားလို့မရဘူး။အာရက္ခတပ်တော်ကကုပေးနေတာရှိပေမယ့်ဆေးဝါးက တကယ်ကို မလုံလောက်တာပါ။ မြို့နယ်ထဲမှာက လူတိုင်းလိုလို ဖြစ်နေကြတာဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကဆေးဝါးအကူအညီတွေ အမြန်ဆုံး ရစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။ အဲဒီရောဂါဟာ အဓိကအားဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဒေသခံပြည်သူတွေဆီကိုပါ အလျင်အမြန် ကူးစက်နေတာလို့ ဆိုကြပါတယ်။ အဲဒီမွေးကင်းစကလေးကနေ အသက်ငါး ဆယ်ကျော် အရွယ်တွေအထိကူးစက်ခံထားရပြီး ဒီရောဂါဖြစ်နေတာ ဘယ်နှစ်လကြာနေပြီလဲဆိုတာတောင် မရေတွက်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ဆိုကြပါတယ်။ “ကျမတို့ရွာမှာလူပေါင်းလေးရာလောက် ဒီအရေပြားရောဂါဖြစ်နေကြတာပါ။စစ်ဘေးရှောင်တွေရော၊ ရွာခံတွေရော အကုန်ဖြစ်နေတာ။အာရက္ခတပ်တော်က ဆေးလာကုပေးပေမယ့် ဆေးကုန်သွားလို့ မရလိုက်တဲ့လူတွေအများကြီးပဲ။ပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့သူတွေလည်း ရှိတယ်။ အရမ်းယားယံပြီး အနာတွေ ဖြစ်လာတာပါ။" လို့ သာစည်တောင့်ကျေးရွာရှိ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီလို အရေပြားရောဂါဟာဖြစ်ပွားနေကြတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေအတွက်က ဆေးဝါးဝယ်ယူဖို့ အခက်အခဲဆုံး ဖြစ်နေကြတယ်လို့ စစ်ဘေးရှောင် တွေကဆိုကြပါတယ်။ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိတဲ့အပြင်လူသားချင်းစာနာမှု အကူအညီတွေလည်းမရရှိတာကြောင့် စားဝတ်နေရေးတင်မက ကျန်းမာရေးမှာပါ အကျပ်ရိုက်နေကြရတယ်လို့ဆိုကြပါတယ်။ “ကျမအမျိုးတွေထဲမှာလည်း ဖြစ်နေကြတာ။ စစ်ဘေးရှောင်တွေမှာက အလုပ်လည်းမရှိ၊ဝင်ငွေလည်းမရှိတော့ ဆေးဝယ်ဖို့ တော်တော်ခက်နေကြတယ်။ စားသောက်ဖို့တောင် မနည်းရုန်းကန်နေရတာဆိုတော့လူသားချင်းစာနာမှု အကူအညီတွေ မရရင် ဒီထက်ပိုဆိုးလာမှာပဲ။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ အဲဒါကြောင့် စစ်ရှောင်တွေနဲ့ မြို့ခံတွေမှာ နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေကို အလူးအလဲ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင် တွေနဲ့ ပြည်သူတွေကဆိုကြပါတယ်။ အဲဒီရောဂါကူးစက်မှုကို အချိန်မီ မထိန်းချုပ်နိုင်ရင် ဒေသခံတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ကျန်းမာရေးအခြေအနေ စောင့်ကြည့်သူတွေက ဆိုပါတယ်။ အဲဒီ အရေပြားရောဂါဟာ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် ပိုမိုပြန့်ပွားနေတာဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရော၊နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အမြန်ဆုံးကူညီပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။
Read moreHey! Don't Copy my content.