နိုင်ငံရေး

​ချောင်ဘူရီမှာ မဲပြန်ရေဖို့တောင်းဆိုထားတဲ့ပြည်သူတွေ ဆွမ်းလောင်းဆုတောင်းပွဲပြုလုပ်

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ​ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ မဲဆန္ဒနယ်အမှတ် ၁ မှာ မဲမသမာမှုသံသယတွေကြောင့် မဲပုံးတွေကိုဝန်းရံစောင့်ကြည့်နေတဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဘာသာရေးအခမ်းအနားပြုလုပ်ပြီး ရွေးကောက်ပွဲကော်မရှင် (ECT) ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ ​ချောင်ဘူရီမြို့နယ်ရှိ ကြက်တောင်ရိုက်ကွင်းမှာစုဝေးနေကြတဲ့ ဒေသခံတွေဟာ သံဃာတော်တွေကိုပင့်ဖိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူကာ အမျှပေးဝေမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ပြည်သူ့ကိုယ်စားလှယ်တဦးကတော့ အခုလိုကုသိုလ်ပြုရတာဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့တာဝန်တွေကို တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ကာ မဲတွေကိုပြန်လည်ရေတွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်ထိမဲပုံးတွေကိုနေ့ညမပြတ် ဝန်းရံစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ​ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာတော့ သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေကတော့ လူစုခွဲခြင်းမရှိဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စိတ်ရှည်လက်ရှည်  ဆက်လက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်မှာ မဲရုံမီးရှို့မှုတွေကြား ယူနွတ်စ်မဲပေးပြီး ရွေးကောက်ပွဲစတင်

Border News Agency ​ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မဲရုံတွေမီးရှို့ဖျက်ဆီးခံရတာနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ကြားကပဲ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲနဲ့ လူထုဆန္ဒခံယူပွဲကိုဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မှာ စတင်ကျင်းပနေပါတယ်။ ​အိမ်စောင့်အစိုးရအကြီးအကဲ ပါမောက္ခမူဟာမက်ယူနွတ်စ်ကိုယ်တိုင် ဒီနေ့မနက် ၁၀ နာရီခွဲအချိန်မှာ ဒါကာမြို့ရှိ Gulshan Model ကျောင်းမဲရုံကိုသွားရောက်ပြီး မဲပေးခဲ့တာပါ။ ​ရွေးကောက်ပွဲမတိုင်ခင် ဖေဖော်ဝါရီလ ၁၀ ရက် ညဉ့်သန်းခေါင်ယံမှာတော့ နီထရာကိုနာခရိုင်ကမဲရုံအဖြစ် သတ်မှတ်ထားတဲ့ အစိုးရစာသင်ကျောင်း ၄ ကျောင်းကို အမည်မသိလူတစုက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီလဆန်းပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့သလို ပါတီအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုတွေကြောင့်လည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။ ​ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံပေါင်း ၂,၁၃၁ ရုံရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းကျော်ကို အရေးကြီးတဲ့နေရာတွေအဖြစ်သတ်မှတ်ပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အစိုးရပြုတ်ကျပြီးနောက် တက်လာတဲ့ယူနွတ်စ်အစိုးရလက်ထက်မှာ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးတင်းမာမှုတွေကြားက စိန်ခေါ်မှုများစွာနဲ့ စတင်နေတာဖြစ်ပါတယ်။

Read more

နိုင်ငံကူးလက်မှတ်ဥပဒေအသစ်ပြဋ္ဌာန်းဖို့ စစ်ကော်မရှင်စီစဉ်နေ

Border News Agency ​နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂။ ​မြန်မာနိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးတာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေကို ပိုမိုတင်းကျပ်နိုင်မယ့် ဥပဒေမူကြမ်းသစ်တရပ်ပြဋ္ဌာန်းဖို့အတွက် စစ်ကော်မရှင်က နေပြည်တော်မှာအပြီးသတ် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ ​လက်ရှိ သုံးစွဲနေတဲ့ ၁၉၂၀ ပြည့်နှစ်ဥပဒေဟာ ခေတ်စနစ်နဲ့မကိုက်ညီတော့တဲ့အပြင် ပတ်စပို့အတုလုပ်တာနဲ့ လိမ်လည်ကိုင်ဆောင်တာတွေကို အရေးယူတဲ့နေရာမှာ အခက်အခဲတွေရှိနေတာကြောင့် အခုလိုဥပဒေအသစ်ကို အစားထိုးဖို့ ပြင်ဆင်လာတာပါ။ ​နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကော်မရှင်တပ်ဟာ ဒီဥပဒေအသစ်ကိုအသုံးချပြီး ပြည်ပထွက်မယ့်သူတွေကို ပိုပြီး စိစစ်ကန့်သတ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သွားလာမှုကိုပိတ်ဆို့ဖို့ ကြံစည်နေတာလို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် ပတ်စပို့ကိုအချက်အလက်ပြင်တာ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ကိုင်ဆောင်တာတွေကို ရာဇဝတ်မှုအကြီးစားအဖြစ်သတ်မှတ်ပြီး နိုင်ငံရေးအရဖိနှိပ်ဖို့ လမ်းစရှာနေတာလည်း ဖြစ်ပါတယ်။ ​အဲဒီအပြင် ဒီဥပဒေဟာပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပတ်စပို့သက်တမ်းတိုးတာနဲ့ အသစ်လဲလှယ်တာတွေကိုပါ လက်နက်သဖွယ်အသုံးချပြီး အကျပ်ကိုင်လာနိုင်တယ်လို့ ဆိုကြပါတယ်။ ခေတ်စနစ်နဲ့လျော်ညီဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ကော်မရှင်က သူတို့ရဲ့ထိန်းချုပ်မှုကို ဥပဒေကြောင်းအရ ခိုင်မာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

Read more

​ဟတ်ယိုင်မှာအမျိုးသား တဦးသေနတ်ပစ်ခတ်လို့ ကျောင်းအုပ်ကြီးအပါအဝင် ၄ ဦး ဒဏ်ရာရ

Border News Agency ​ဆောင်ခလာ၊ ဖေဖော်ဝါရီ ၁၂။ ​ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ ပရာသန်ကီရီဝပ်ကျောင်းအတွင်းမှာ ဖေဖော်ဝါရီလ၁၁ ရက်၊မနေ့က သေနတ်ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျောင်းအုပ်ကြီးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ အဲဒီ​ကျူးလွန်သူဟာ အခင်းမဖြစ်ပွားခင်က ရဲအရာရှိတဦးကို ဓားနဲ့ခုတ်ပြီး ရဲတပ်ဖွဲ့ဝင်ရဲ့ 9mm သေနတ်ကို လုယူကာ ကျောင်းအတွင်းကို ဆိုင်ကယ်နဲ့ ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက် ကျောင်းအတွင်းမှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းသားတွေကို အစည်းအဝေးခန်းမထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲ​ဒီပစ်ခတ်မှုကြောင့် ကျောင်းအုပ်ကြီးမှာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပြီး လက်ရှိမှာတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကျောင်းသား ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ထားရသလို တရားခံကို ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီး ထိန်းချုပ်ချိန်မှာလည်း တရားခံဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ​ကျူးလွန်သူဟာ အရင်က ရာဇဝတ်မှုမှတ်တမ်းမရှိပေမယ့် စိတ်ကျန်းမာရေးချို့ယွင်းမှုကြောင့်ဆေးကုသမှု ခံယူခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ဆေးရုံက ဆင်းလာသူဖြစ်ပါတယ်။ သူရဲ့ညီမငယ်ကို ဆရာမဖြစ်သူက အပြစ်ပေးဆုံးမခဲ့တာကို မကျေနပ်လို့ အခုလို လာရောက်လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ​လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ သိမ်းဆည်းဖို့ ကျောင်းဝင်းတခုလုံးကို ပိတ်ဆို့ထားပါတယ်။ စစ်ဆေးမှုတွေ မပြီးမချင်း ဆရာတွေနဲ့ ကျောင်းသားတွေကို ယာဉ်တွေ ပြန်ထုတ်ခွင့်မပြုသေးဘဲ ကျောင်းသားတွေကိုတော့ ဘေးကင်းရာ ကျောင်းပြင်ပကို ယာယီရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။

Read more

​သရက်ချောင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ကိုးဦးသေဆုံး

Border News Agency  တနင်္သာရီတိုင်း၊ ဖေဖော်ဝါရီ ၁၂။ ​တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ကိုးဦးသေဆုံးပြီး လက်နက်ခုနှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၁၁ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အဲဒီသရက်ချောင်းမြို့ကနေ ဝင်းဝတပ်စခန်းကို အင်အားဖြည့်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရင်း ၄၀၃၊ ၄၀၄ နဲ့ ၄၀၅ ပူးပေါင်းစစ်ကြောင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ​အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်ကကိုးဦး သေဆုံးသွားခဲ့ပြီး MA-1 နှစ်လက်၊ MA-3 ငါးလက်နဲ့ ခဲယမ်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းကို KNLA တပ်မဟာ ၄၊ တပ်မဟာ ၆ နဲ့ တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

Read more

​ကန့်ဘလူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော်သုံ့ပန်းအဖြစ်ဖမ်းမိ

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၁၀၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။ အဲ​ဒီစစ်ဆင်ရေးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုဖေဖော်ဝါရီလအထိအာရက္ခတပ်တော် (AA)၊PDF၊ ပကဖတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ကန့်ဘလူခရိုင်အတွင်းက ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောလင်းဘက်က ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ​တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ ခလရ ၃၀၅၊ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အားတွေကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာပါ။ အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်ဆန် ၂ သောင်းကျော်နဲ့ ဗုံးသီး ၅၀၀ ကျော် ပါဝင်ပြီး စစ်သုံးပစ္စည်းအများအပြားကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Read more

​ကလေးမြို့မှာ အာဏာသိမ်း ၅ နှစ်ပြည့် စစ်အာဏာရှင်ကိုဆန့်ကျင်

Border News Agency  ကလေး၊​ ဖေဖော်ဝါရီ ၁၁။ ​စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အဖြစ် ကလေးမြို့နယ်အတွင်းက ကျေးလက်ဒေသမှာ ပြည်သူတွေစုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဖေဖော်ဝါရီ ၁၀ ရက်၊ မနေ့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ​"ကလေးမြို့က တော်လှန်ဆဲ ပုန်ကန်ဆဲ" ဆိုတဲ့အတိုင်း ဒေသခံပြည်သူတွေဟာ အခုထက်ထိအသံမတိတ်၊ အလံမလိပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့အတူ အကြမ်းဖက်စစ်တပ်ကို တစိုက်မတ်မတ် တော်လှန်နေကြတယ်လို့ဆိုပါတယ်။ ​စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို ငြိမ်ခံမနေဘဲ"ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်" ကြဖို့နဲ့ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးမြှင့်တင်ပြီး ရရာကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြဖို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Read more

စစ်ကော်မရှင်အတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ အိန္ဒိယထောက်ပံ့

Border News Agency  နေပြည်တော်၊​ ဖေဖော်ဝါရီ ၁၁။ ​နေပြည်တော်မှာရှိတဲ့ Naypyitaw State Academy အတွက် လိုအပ်တဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးဖို့ မြန်မာနဲ့ အိန္ဒိယအစိုးရကြားနားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲ​ဒီ MoU အရ အိန္ဒိယနိုင်ငံဘက်ကနေ ရူပဗေဒနဲ့ဓာတုဗေဒဘာသာရပ်တွေအတွက် လိုအပ်တဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊  သုတေသနသုံး သိပ္ပံပစ္စည်းတွေနဲ့ သင်ကြားမှုဆိုင်ရာ Software တွေကို ထောက်ပံ့ပေးသွားမှာလို့ဆိုပါတယ်။ ​အဲဒီပစ္စည်းတွေဟာ ကျောင်းရဲ့သုတေသနနဲ့ သင်ကြားရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်မယ်လို့ ပညာရေးဝန်ကြီးဌာနကပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကလည်း နှစ်နိုင်ငံပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ သုတေသနလုပ်ငန်းတွေအတွက် အခုလို ထောက်ပံ့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ​ဒီ MoU ကို ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာဇော်မြင့်နဲ့ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur တို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-စစ်ကော်မရှင် သတင်းအပြည့်အစုံဖတ်ရန် -  ​#နေပြည်တော် #ထောက်ပံ့ပေး #မြန်မာ #အိန္ဒိယ #MoU #လက်မှတ်ရေးထိုး #BNA

Read more

အရာတော်ကကျောင်းသားတွေကို အကြမ်းဖက်မှုအကြောင်းဆွေးနွေးပြီး တော်လှန်ရေးမှာပါဝင်ဖို့ တိုက်တွန်း

Border News Agency  စစ်ကိုင်း၊​ ဖေဖော်ဝါရီ ၁၁။ ​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းက ပြည်သူ့အခြေပြုပညာရေးကျောင်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးတာနဲ့ တော်လှန်ရေးမှာပူးပေါင်းပါဝင်ဖို့ တိုက်တွန်းနှိုးဆော်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီလှုပ်ရှားမှုကို အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေနဲ့အတူ (Game) ကစားတာတွေအပြင် အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြတာပါ။ ​အဲဒီအပြင် လက်ရှိတော်လှန်ရေးခရီးကြမ်းမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အားမလျှော့ဘဲဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း အဖွဲ့ဝင်တွေကတိုက်တွန်းပြောကြားခဲ့ပါတယ်။ ​အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို အညာဒေသမှာ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

Read more

ထိုင်းရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုပြီး မဲပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေဖြစ်ပွား

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၀။ ​ထိုင်းနိုင်ငံ၊ ချွန်ဘူရီနဲ့ မဟာဆာရာခမ်းပြည်နယ်တွေမှာ ရွေးကောက်ပွဲမဲရလဒ်အပေါ် မသမာမှုရှိနိုင်တယ်လို့ သံသယရှိနေကြပြီး မဲပြန်ရေတွက်ပေးဖို့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုနေကြပါတယ်။ အဲဒီ​ချွန်ဘူရီပြည်နယ်၊ နယ်မြေ ၁ က မဲရုံတွေမှာ မဲပုံးတွေကိုလုံခြုံရေးကြိုး (Seal) ပိတ်မထားတာအပြင် မဲရေတွက်ရာမှာသုံးတဲ့ စာရွက်စာတမ်းတချို့ကို အမှိုက်ပုံးထဲပစ်ထားတာမျိုးတွေတွေ့ရှိခဲ့ရလို့ ဝေဖန်မှုတွေပြင်းထန်နေတာပါ။ ​မဟာဆာရာခမ်းပြည်နယ်မှာလည်း ကိုယ်စားလှယ်လောင်းနှစ်ဦးရဲ့ မဲရလဒ်ကိုအတည်ပြုပြီးမှ ပြန်ပြင်ခဲ့တဲ့ဖြစ်စဉ်တခု ရှိခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်လောင်း နံပါတ် ၆ က ရရှိထားတဲ့ ၂,၉၃၀ မဲကနေ ၃,၀၇၉ မဲအထိတိုးသွားပြီး၊ နံပါတ် ၅ ကိုယ်စားလှယ်လောင်းကတော့ ၁,၂၀၀ မဲကနေ ၁,၁၉၉ မဲအဖြစ် တစ်မဲလျော့သွားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မဲရေတွက်မှုအမှားတွေကို ပြန်စစ်ဆေးဖို့ပြုလုပ်ခဲ့တာသာဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က တုံ့ပြန်ထားပါတယ်။ အဲဒီအပြင် ​ပြည်သူ့ပါတီ (People’s Party) ကတော့ နိုင်ငံတစ်ဝှမ်းက မဲမသမာမှုတွေကိုစောင့်ကြည့်ပေးနေတဲ့ ပြည်သူတွေကိုကျေးဇူးတင်ကြောင်းနဲ့ အထောက်အထားရှိရင် ပါတီထံပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။ ​ရွေးကောက်ပွဲကော်မရှင်ကတော့ မဲပြန်ရေတွက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျမပြောသေးပေမယ့် ချွန်ဘူရီပြည်နယ်က မဲရုံကိစ္စအတွက်အရေးကြီးဆုံးဖြတ်ချက်တခုကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဒီ ညနေပိုင်းမှာ ထုတ်ပြန်လာနိုင်တယ်လို့ သိရပါတယ်။

Read more
Page 36 of 130 1 35 36 37 130

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here