Border News Agency ကရင်နီ၊ ဖေဖော်ဝါရီ ၁၅။ ကရင်နီပြည်မှာ Urban Task Force Aung Ban - UTF တပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့တယ်လို့ UTF တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၅ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို ကရင်နီဒေသစခန်းတနေရာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ စစ်ရေးနိုင်ငံရေး မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေက တက်ရောက်ဂုဏ်ပြုတာတွေ၊ သဝဏ်လွှာဖတ်ကြားတာတွေပြုလုပ်ခဲ့ပြီး UTF တပ်ဖွဲ့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူတကွ အားယူချီတက်ပြီး အာဏာရှင်စနစ်ဆိုးပျက်သုဉ်းတဲ့အထိ တော်လှန်ခရီးစဉ်မှာ မဖောက်ပြားတဲ့စိတ်ဓါတ်နဲ့ ခရီးဆုံးထိတော်လှန်တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၁၅။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် အမှတ် ၃၇၁ အမြောက်တပ်ရင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ တဦးလက်နက်တလက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီတပ်သားဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကတည်းက အလင်းဝင်ရောက်ခဲ့တာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုမှသာသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အလင်းဝင်ရောက်လာတဲ့တပ်သားဟာ လက်နက်တလက်ယူလာခဲ့တာဖြစ်ပြီးသူ့ကို ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ထိုက်တန်တဲ့ ဆုကြေးငွေတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားဟာ စစ်ကော်မရှင်တပ်ရဲ့ယန္တရားမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာမို့ တော်လှန်ရေးအဖွဲ့အစည်းထံ ဆက်သွယ်ခိုလှုံလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီအပြင် ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်လာနိုင်ဖို့ ကူညီဆောင်ရွက်ပေးတဲ့ အရပ်သားပြည်သူတွေကိုလည်း ဆုငွေတွေပေးအပ်ချီးမြှင့်သွားမယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။ အဲဒီလင်းဝင်လာတဲ့ တပ်သားကိုလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။
Read moreမန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေက မြေပြင်စစ်ကြောင်းထိုးဖို့ ခက်ခဲတဲ့ကျေးရွာတွေကို ဒရုန်းတွေအသုံးပြုပြီး မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရှိရပါတယ်။ စစ်ကော်မရှင်ဘက်က မြေပြင်ကနေ ဝင်ရောက်ဖို့ အခက်အခဲရှိတဲ့နေရာတွေကို အခုလို ဒရုန်းနည်းပညာသုံးပြီး အရပ်သားကျေးရွာတွေအထိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ တော်လှန်ရေးရဲဘော်တချို့မှာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် ခန္ဓာကိုယ်မှာ အက်ဆစ်လောင်ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကတော့ ဒါဟာ မိမိတို့ယုံကြည်ချက်ကြောင့် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ နောက်မဆုတ်ဘဲ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအပေါ် သစ္စာစောင့်သိသွားမယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှထောက်ပံ့ကူညီသူတွေဘက်က ပင်ပန်းနွမ်းနယ်မှုတွေ ရှိလာနိုင်ပေမယ့် မြေပြင်မှာ အသက်နဲ့ခန္ဓာကို ရင်းပြီး တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေရဲ့ အခြေအနေကို ကိုယ်ချင်းစာကြည့်ပေးဖို့လည်းတိုက်တွန်း နှိုးဆော်ထားပါတယ်။ နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Read moreပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၅ ဦး သေဆုံးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီတောင်ညိုမြို့သစ်ရဲစခန်းက စစ်တပ်နဲ့ ပျူစောထီးတွေပူးပေါင်းထားတဲ့ ဒီစစ်ကြောင်းဟာ ဇန်နဝါရီလဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်။ အဲဒီ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ တောင်ညို၊ကွင်းစမ်းနဲ့ ရွာသာယာကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ရွာတွေကို မီးရှို့ပြီး ပြန်ထွက်လာတဲ့အချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၁၅ ဦး သေဆုံးခဲ့ပြီး MA-2 သေနတ်တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
Read moreကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းရှိလူနေရပ်ကွက်တွေထဲသို့ ဖေဖော်ဝါရီလ ၁၄ ရက်၊ မနေ့ကလက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ လုံးခင်းရပ်ကွက် ၅၊ ပြည့်စုံကောင်းလမ်းကြားရှိ နေအိမ်တလုံးပေါ်သို့ အဲဒီနေ့ ညနေအချိန်ကလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာအသက် ၂ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သားအမိ ၃ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီဒဏ်ရာရရှိသူတွေထဲကမိခင်ဖြစ်သူမှာ သတိလစ်မေ့မြောနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ အဲဒီအပြင် လုံးခင်းရပ်ကွက် ၂ အတွင်းသို့လည်း လက်နက်ကြီးကျည်ထပ်မံကျရောက်ခဲ့တာကြောင့် နောက်ထပ်ကလေးငယ် ၂ ဦး ဒဏ်ရာရသွားခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။ အဲဒီလုံးခင်းတိုက်နယ်ပြည်သူ့ဆေးရုံမှာ အရင်က KIA နဲ PDF အဖွဲ့တွေတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီး အုတ်ပုံသာကျန်ရှိတော့တာကြောင့် ဒေသခံတွေမှာ အရေးပေါ်ဆေးကုသမှုခံယူဖို့အလွန်ခက်ခဲနေကြတယ်လို့ သိရပါတယ်။ အဲဒီ လုံးခင်းမှာ ပုဂ္ဂလိကဆေးရုံအသေးစားအချို့သာရှိတာကြောင့် ဒဏ်ရာပြင်းထန်သူတွေအတွက် လုံလောက်တဲ့ ကုသမှုရရှိဖို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
Read moreBorder News Agency မန္တလေး၊ ဖေဖော်ဝါရီ ၁၄။ မန္တလေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးလှုပ်ရှားတပ်မဆီသို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးမှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ရဲ့ ခလရ ၄၁၆ မှ ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးအထူးလှုပ်ရှားတပ်မဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ MA 1 နှစ်လက်၊ ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် သူတို့နှစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်တပ်သားနှစ်ဦးကို တော်လှန်ရေးတပ်တွေမှ နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး ဘေးကင်းလုံခြုံရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ဝက်လက်၊ ဖေဖော်ဝါရီ ၁၄။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျေးရွာပေါင်း ၁၆ ရွာကို လှည့်လည်ပြီး သပိတ်တိုက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ သပိတ်စစ်ကြောင်းတွေ၊ အထိုင်သပိတ်တွေအပြင်ခက်ခဲတဲ့ကာလအတွင်း ပြည်သူတွေစိတ်အမောပြေစေဖို့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ပါ သွားရောက်အားပေးခဲ့ကြတာပါ။ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကတော့ အာဏာရှင်စနစ်ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပြီး ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။
Read moreBorder News Agency ပဲခူး၊ ဖေဖော်ဝါရီ ၁၄။ ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီပုတီးကုန်းမြိုနယ်၊ ဘူးပြောကျေးရွာရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၉ ရက်၊ မနက် ၆ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ဘူးပြောကျေးရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားတဲ့အပြင် ဂိတ်စခန်းရှိဆိုင်ကယ်နှစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်တွေကို ပြည်သူ့ကာကွယ်ရေတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုနဲ့ ပြည်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၄၊ ဗျူဟာ ၂၁ တိုက်ခိုက်ရေးအဖွဲ့၊ ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ရင်းရုံးတိုက်ခိုက်ရေးအဖွဲ့၊ တပ်ခွဲ ၁ တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၁၄။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီက ထုတ်ပြန်ပါတယ်။ အဲဒီရေလယ်ကျွန်းဒေသ၊ ငတရော်ရွာနဲ့ဝါဘိုးရွာကို ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက်ပိုင်းက စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ တောင်ယာလုပ်နေတဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက် နေ့လည်ပိုင်းမှာလည်း စက်တပ်လေထီး (Paramotor) နဲ့တိုက်ခိုက်ခဲ့တာကြောင့် ငတရော်ရွာကဘုန်းကြီးကျောင်းတကျောင်းနဲ့ မိုးဖြူရွာကနေအိမ်တလုံးပျက်စီးခဲ့ပြီး နောက်ထပ်အရပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအပြင် အင်အား ၁၅၀ ခန့်ပါတဲ့ တပ်မ ၉၉ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲကိုရောက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်အပြင် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုပါ အထူးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာရှိတဲ့ တော်လှန်ရေးတပ်စခန်းတခုကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ကို ဖေဖော်ဝါရီလ၁၂ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်က မုံရွာ နမခ တပ်အတွင်းကနေ ပျံတက်လာတဲ့ Gyrocopter ၃ စီးနဲ့ စခန်းကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး နေရာတင် ကျဆုံးခဲ့ရသလို အခြားထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ Monywa Revolution အဖွဲ့ကတော့ စစ်ကော်မရှင်တပ်ရဲ့ အခုလို အစုလိုက်အပြုံလိုက် သေကျေအောင် တိုက်ခိုက်မှုဟာ ယုတ်မာရက်စက်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုံ့ချထားပါတယ်။ အဲဒီကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် Monywa Revolutionက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး ကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း လေကြောင်းရန်ကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
Read moreHey! Don't Copy my content.