ဓာတ်ပုံသတင်း

ရယောင်မြို့ဈေးမှာ မူးယစ်ဆေးဖြန့်ဖြူးသူတဦးဆေးပြား ၂,၇၀၀ ကျော်နဲ့ဖမ်းခံရ

​ထိုင်းနိုင်ငံ၊ ရယောင်မြို့နယ်၊ ကချတ်ဈေးအတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတဦးကို မူးယစ်ဆေးပြား၂,၇၃၀ ပြားနဲ့အတူ ဖေဖော်ဝါရီလ ၂၀ ရက်၊ မနေ့က အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ​အဲဒီ ရယောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် "Re-X Ray" စစ်ဆင်ရေးကို လုပ်ဆောင်နေစဉ်အတွင်း အခုလို ဈေးထဲမှာ ဆေးပြားတွေ ရောင်းချနေတဲ့ သတင်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် တရားခံ ဂျင်ဝစ် (Jenwit) ဆိုသူဟာ လူမှုကွန်ရက်ကနေတဆင့် ဒေသတွင်းကလူငယ်တွေနဲ့ အလုပ်သမားတွေဆီကို ဆေးပြားတွေ ဖြန့်ဖြူးနေတာကြောင့် အာဏာပိုင်တွေက အရပ်ဝတ်နဲ့ ဝယ်ယူဟန်ဆောင်ပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာပါ။ ​အဲဒီ တရားခံရဲ့ ထွက်ဆိုချက်အရ သူဟာ မူးယစ်ကွန်ရက်တွေဆီကနေ ဆေးပြားတွေကို လက်ခံရယူပြီး အမြတ်အစွန်းအတွက် အကြိမ်ကြိမ် ပြန်လည်ရောင်းချနေတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ အဲဒီ တရားခံကို စမ်နပ်ထောင်ရဲစခန်းဆီ လွှဲပြောင်းပေးထားပြီး သူနဲ့ ဆက်နွှယ်နေတဲ့ မူးယစ်ကွန်ရက်တွေကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Read more

စစ်ဘေးဒဏ်ကနေ ငတ်မွတ်မှုဒဏ်ဆီသို့ ဦးတည်လာနေတဲ့ မောင်တော

​အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲအပြီး နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်နဲ့ ဝင်ငွေတွေလုံးဝပြတ်တောက်သွားတာကြောင့် အခြေခံလူတန်းစားတွေဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေကြရပါတယ်။ ​အဲဒီလို စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူ တချို့ဟာ တောင်းရမ်းစားသောက်ပြီးတော့ပဲ ခက်ခဲစွာ အသက်ဆက်နေကြရတာ ဖြစ်ပါတယ်။ ​မိသားစုထမင်းတနပ် အဆင်ပြေဖို့အတွက် ကိုယ့်ရဲ့ရင်သွေးငယ်တွေကိုပါ လမ်းဘေးခေါ်ထုတ်ပြီး တောင်းရမ်းခိုင်းနေရတဲ့ မြင်ကွင်းတွေဟာ မြို့ပေါ်မှာ နေ့စဉ်နဲ့အမျှ ပိုပြီးများပြားလာနေတာပါ။ ​မောင်တောဒေသဟာ စစ်ဘေးဒဏ်ကနေ ငတ်မွတ်မှုဒဏ်ဆီကို ကူးပြောင်းရောက်ရှိနေတာကြောင့် ဒီအခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ အရေးပေါ် ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

Read more

​ချင်းနဲ့ရက္ခိုင်ကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ULA ရဲ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာတိုက်တွန်း

​Border News Agency ပလက်ဝ၊ ဖေဖော်ဝါရီ ၂၀။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၈နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့လိုက်ပါတယ်။ အဲဒီထဲမှာတော့ ချင်းနဲ့ရက္ခိုင်လူမျိုးနှစ်စုကြား ချစ်ကြည်ရင်းနှီးမှုတွေနဲ့အတူ သမိုင်းသစ်တခုကို အတူတူရေးထိုးသွားကြဖို့ တိုက်တွန်းထားတာပါ။ ​အရင်က အာဏာရှင်အဆက်ဆက်ရဲ့ သွေးခွဲအုပ်ချုပ်မှုတွေကြောင့် ချင်းနဲ့ရက္ခိုင်လူမျိုးတွေကြားမှာ ညီအစ်ကိုမောင်နှမစိတ်ဓာတ်တွေပျောက်ကွယ်ပြီး ရန်သူတွေလိုဖြစ်ခဲ့ရတဲ့ အခြေအနေတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ လွတ်မြောက်နယ်မြေတွေထဲမှာ မိမိတို့ရဲ့အမျိုးသားနေ့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျင်းပခွင့်ရနေပြီလို့ ဆိုပါတယ်။ ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လည်း မိမိတို့ဒေသထဲမှာနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံရဲ့ စာပေ၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို တန်ဖိုးထားတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီးတော့ အမျိုးသားရေးဆိုင်ရာ ပွဲလမ်းသဘင်တွေကို လွတ်လပ်စွာ ကျင်းပခွင့်ပြုထားတယ်လို့ သိရပါတယ်။ ​ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစတင်ခဲ့တဲ့ အာရက္ခတပ်တော် (AA) ရဲ့ စစ်ဆင်ရေးအောင်မြင်မှုတွေဟာ အာရက္ခဒေသတွင်းမှာတင်မကဘဲ အနီးနားမှာရှိတဲ့ လူမျိုးပေါင်းစုံအတွက်ပါ အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်စေခဲ့ပြီး လွတ်လပ်တဲ့ လူမျိုးတွေအဖြစ် နေထိုင်ခွင့်ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ​အခုကျရောက်တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကနေတဆင့် ချင်းလူမျိုးတွေအနေနဲ့အမျိုးသားတန်းတူရေး၊ အာရက္ခတိုင်းပြည်တည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ကိုလည်း ULA ဘက်ကတိုက်တွန်းထားပါသေးတယ်။ ​ချင်းနဲ့ ရက္ခိုင် လူမျိုးနှစ်စုကြားမှာရှိခဲ့တဲ့ ရိုးသားတဲ့ ချစ်ခင်မှု၊ နားလည်မှုနဲ့ ယုံကြည်မှုတွေကိုအခြေခံပြီး သမိုင်းသစ်တခု ရေးထိုးနိုင်ဖို့အတွက် အခုလို ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ သဝဏ်လွှာပေးပို့ပြီး ဂုဏ်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Read more

​ဖိလစ်ပိုင်မှာ မြေပြိုမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၇ ဦး သေဆုံး

​Border News Agency မာတီစီးတီး၊ ဖေဖော်ဝါရီ ၂၀ ​ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအိုအိုရီယမ်တယ် (Davao Oriental) ပြည်နယ်၊ မာတီစီးတီး (Mati City) မှာ ဖေဖော်ဝါရီလ၂၀ ရက်၊ ဒီနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ်တလုံးမြေပိသွားတာကြောင့် မိသားစုတစုလုံးသေဆုံးသွားခဲ့တယ်လို့ မာတီစီးတီးမီးသတ်စခန်းက ထုတ်ပြန်ထားပါတယ်။ အဲဒီမြေပြိုမှုအတွင်း သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် အမျိုးသားတဦး၊ အသက် ၃၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၁၃ နှစ်နဲ့ ၅ နှစ်အရွယ် သမီးငယ်နှစ်ဦးတို့ဖြစ်ပြီး မိသားစုဝင် စုစုပေါင်း ၄ ဦးစလုံး သေဆုံးသွားခဲ့တာပါ။ ​အဲဒီမိသားစုဟာ မာတီစီးတီးရှိ Upper Salazar အရပ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး မနက်အစောပိုင်း အိပ်ပျော်နေတဲ့အချိန်မှာ နေအိမ်နောက်ဘက်က တောင်စောင်းပြိုကျပြီး မြေပိခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီအပြင် ဒါဗာအိုဒေသ (Davao Region) အတွင်းမှာ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေဆက်တိုက်ဖြစ်ပွားနေပြီး မာတီစီးတီးက ၄ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအပြင် မွန်ကာယို (Monkayo) မြို့မှာလည်း ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းကမြေပြိုမှုကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ရာ လက်ရှိမှာသေဆုံးသူ စုစုပေါင်း ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ​မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာကို ချက်ချင်းသွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ကြပေမယ့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုသာ ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအပြင် ​လက်ရှိမှာလည်း ဒေသတွင်းမိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် တောင်စောင်းအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို အထူးသတိပြုကြဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတိပေးထားပါတယ်။

Read more

ချင်းရိုင်မှာမြန်မာ ၈ ဦးနဲ့အတူ သယ်ဆောင်လာသူတဦးကိုဖမ်းဆီးရမိ

​Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၂၀ ။ ထိုင်း - မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်က အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ကားအတွင်းပြည့်ကျပ်စွာတင်ဆောင်လာတဲ့ ဘတ်မှူးကိုင်ဆောင်ထားသူ အမျိုးသားတဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ​အဲဒီ လဝကရဲတပ်ဖွဲ့ဟာ သတင်းပေးပို့ချက်အရ စောင့်ဆိုင်းစစ်ဆေးနေစဉ်အတွင်း မယ်ဆိုင်မြို့နယ်၊ ဝေယန်ဖန်ခမ်းကျေးရွာအနီးမှာ နီဆန်း (Nissan) အနီရောင်ကားတစီးကို တားဆီးနိုင်ခဲ့ပါတယ်။  အဲဒီနောက် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ နှစ်အရွယ်နိုင်ကွန်းနဲ့အတူ ကားထဲမှာပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာအမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ​အဲဒီ ယာဉ်မောင်းဖြစ်သူက သူ့ရဲ့အလုပ်ရှင်တဦးဟာ ချစ်ကြည်ရေးတံတား ၁ အနီးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ချင်းရိုင်မြို့ထဲပို့ဆောင်ပေးဖို့ စေခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ ​အဲဒီအပြင် သူကပို့ဆောင်ခအဖြစ် တဦးကို ဘတ် ၅၀ ပဲ ရရှိတယ်လို့ ထွက်ဆိုထားပေမယ့် လဝကရဲ့ စုံစမ်းချက်အရ ပွဲစားခဟာ တဦးကို ဘတ် ၈,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ​အဲဒါကြောင့် ယာဉ်မောင်းဖြစ်သူကို တရားမဝင်ကူညီသယ်ဆောင်မှုနဲ့ အရေးယူထားပြီး ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၈ ဦးကိုတော့ နေရပ်ပြန်ပို့ဖို့အတွက် စီစဉ်နေတယ်လို့သိရပါတယ်။ ​အဲဒီလုပ်ငန်းစဉ်နောက်ကွယ်က ကြိုးကိုင်သူ နိုင်တန် ဆိုသူကိုလည်း အာဏာပိုင်တွေက ဆက်လက်ရှာဖွေနေပါတယ်။ ဖေဖော်ဝါရီလအတွင်း ထိုင်း - မြန်မာနယ်စပ်တလျှောက် တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ရာနဲ့ချီ ရှိနေပြီလို့ သိရပါတယ်။

Read more

AA ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့မှ မူဆယ်မှာကျောင်းပေါင်းစုံ အားကစားပွဲကျင်းပ

Border News Agency မူဆယ်၊ ဖေဖော်ဝါရီ ၂၀။ ​ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ဒေသမှာ အာရက္ခတပ်တော် (AA) ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ကဦးဆောင်ပြီး ကျောင်းပေါင်းစုံ အားကစားပျော်ပွဲရွှင်ပွဲပြိုင်ပွဲတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကကျင်းပခဲ့ပါတယ်။ အဲဒီ အားကစားပြိုင်ပွဲကို ဒေသအုပ်ချုပ်ရေးကော်မတီကနေ တာဝန်ယူဦးဆောင်ပေးခဲ့တာဖြစ်ပြီး ပြိုင်ပွဲကာလကိုတော့ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ​အဲဒီပြိုင်ပွဲမှာ ထည့်သွင်းကျင်းပတဲ့ အားကစားနည်းတွေအနေနဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ သံလုံးပစ်၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်နဲ့ အမြင့်ခုန် စတဲ့ အားကစားနည်းပေါင်းများစွာ ပါဝင်ပါတယ်။ ​ဒီပြိုင်ပွဲကို မိုင်းယု - အထက ကျောင်း၊ မော်တောင်း - အလကကျောင်း၊ မိုင်းယု - အလက တရုတ်ကျောင်း နဲ့ မန်မော် - အမက ကျောင်းအပါအဝင် စုစုပေါင်းကျောင်း ၉ ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ တက်ကြွစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ​အခုလို အားကစားပြိုင်ပွဲတွေ ကျင်းပပေးတာဟာ ကျောင်းသားလူငယ်တွေကြား ချစ်ကြည်ရင်းနှီးမှုရရှိစေဖို့နဲ့ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​ပြိုင်ပွဲမှာ ဆုရရှိခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆုတွေအသီးသီး ချီးမြှင့်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Read more

ကာလီဖိုးနီးယားမှာ ဆီးနှင်းတောင်ပြိုကျလို့ လူ ၈ ဦးသေဆုံး

Border News Agency ကာလီဖိုးနီးယား၊ ဖေဖော်ဝါရီ ၂၀။ ​ကာလီဖိုးနီးယားပြည်နယ်ရဲ့ ခေတ်သစ်သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးဆီးနှင်းတောင်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က ဖေဖော်ဝါရီလ ၁၉ ရက်၊ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ​မိုးလေဝသပညာရှင်တွေနဲ့ နီဗားဒါးခရိုင်ရဲအရာရှိ Shannan Moon တွေက ဒီနှစ်အတွင်း အပြင်းထန်ဆုံးဆီးနှင်းမုန်တိုင်း ကျရောက်မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်ကတည်းက ကြိုတင်သတိပေးထားခဲ့တာပါ။ အဲဒီနှင်းမုန်တိုင်းဟာ ကာလီဖိုးနီးယားပြည်နယ်၊ Truckee မြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ​ဒါပေမယ့် Blackbird Mountain Guides ကုမ္ပဏီက လမ်းပြ ၄ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးကို Donner Pass အထက်ရှိတောင်စောင်းဆီကို ပို့ဆောင်ခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မထင်မှတ်ဘဲဆီးနှင်းတောင်ပြိုကျမှု (Avalanche) ဖြစ်ပွားလို့ အဖွဲ့ဝင်တွေ ဆီးနှင်းအောက်မှာ ပိတ်မိခဲ့တာပါ။ ​နှင်းမုန်တိုင်းပြင်းထန်တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ နှင်းလျှောစီးကာ ၆ နာရီကြာခက်ခဲစွာ ခရီးနှင်ခဲ့ရပါတယ်။ အဲဒီနောက် ညနေ ၅ နာရီခွဲမှာတော့ အသက်ရှင်ကျန်ရစ်သူ ၆ ဦးဆီကိုရောက်ရှိခဲ့ပြီး ၂ ဦးကို ဆေးရုံကိုပို့ဆောင်ထားရကာ ပျောက်ဆုံးနေသူ ၉ ဦး ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒီအပြင် သေဆုံးသူ ၈ ဦးရှိခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ ရာသီဥတုဆိုးရွားတဲ့အတွက် တောင်ပေါ်ကနေမသယ်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီ ​ဆိုးရွားတဲ့ဆီးနှင်းတောင်ပြိုကျမှုတခုလည်း ဆွစ်ဇာလန်နိုင်ငံ (Swiss Alps) မှာ ဖြစ်ခဲ့ပါတယ်။ ပြိုကျလာတဲ့ဆီးနှင်းထုကြီးက မောင်းနှင်လာတဲ့ရထားတစင်းကို တိုက်ရိုက်ရိုက်ခတ်ခဲ့တဲ့ ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်နေပါတယ်။ ​နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က လမ်းပြကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေကို စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒီအပြင် Placer ခရိုင်ရဲအရာရှိ Wayne Woo ကလည်း မုန်တိုင်းမပြီးမချင်း တောင်တန်းဒေသဆီကို လာရောက်တာမျိုးမလုပ်ကြဖို့ အလေးအနက်သတိပေးထားပါတယ်။

Read more

ဘတ်တမ်ဘန်းမှာ တောမီးအရှိန်ကြောင့် စက်ရုံနဲ့နေအိမ် ၆၀ ကျော်ပြာကျ

Border News Agency ​ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၂၀။ ​ကမ္ဘောဒီးယားနိုင်ငံ၊ ဘတ်တမ်ဘန်းပြည်နယ်မှာ ပြင်းထန်တဲ့တောမီးလောင်ကျွမ်းမှုကြောင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးပိုင် သစ်စက်ရုံတရုံနဲ့ လူနေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ စစ်ဘက်သတင်းတွေအရ သိရပါတယ်။ ​ဘာနွန် (Banon) မြို့နယ်ရှိ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပန်ဝမ်ရော့ဒ် (Phan Wanrod) ပိုင်ဆိုင်တဲ့ သစ်အချောထည်စက်ရုံဟာ ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၁၁ နာရီ ၅၄ မိနစ်အချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ အဲဒီတောမီးဟာ အရှိန်အဟုန်ပြင်းစွာနဲ့ကူးစက်လာပြီး ချေတီးလ် (Cher Teal) ကျေးရွာအုပ်စုရှိ ကမ်ပုန်းချလောင်ကျေးရွာက လူနေအိမ် ၆၀ ကျော်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ​ဒီတောမီးဟာ မြေဧရိယာရိုင် ၁,၀၀၀ ကျော် (ဧက ၂,၅၀၀ ခန့်) အထိကျယ်ပြန့်စွာလောင်ကျွမ်းနေပြီး လေပြင်းတိုက်ခတ်နေတာကြောင့် မီးငြှိမ်းသတ်ဖို့ ခက်ခဲနေပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့နေရာဟာ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်နဲ့ ၇၀ ကီလိုမီတာခန့် ကွာဝေးတာကြောင့် ထိုင်းနယ်စပ်ဒေသဆီကိုတော့ တိုက်ရိုက်သက်ရောက်မှု မရှိသေးဘူးလို့ သိရပါတယ်။ အဲဒီ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။

Read more

ကမ္ဘောဒီးယားမှာ တောထဲစွန့်ပစ်ခံရတဲ့ ထိုင်းဘဏ်အကောင့်ဖွင့်ပေးသူ ၁၄ ဦးကို နယ်စပ်မှာဖမ်းမိ

Border News Agency  ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၂၀။ ​ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဘဏ်အကောင့်ဖွင့်ပေးဖို့နဲ့ မျက်နှာစကင်ဖတ်ဖို့ အသုံးချခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၄ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကို ဖေဖော်ဝါရီလ၁၈ ရက်၊ မနက်အစောပိုင်းမှာအရညပရာသက်မြို့နယ် နယ်စပ်ရှိ ကြံခင်းတခုမှာဖမ်းမိခဲ့တာလို့ အမှတ် ၁၂ ခြေလျင်တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ အဲဒီ​ဖမ်းမိသူတွေထဲမှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၅ ဦး ပါဝင်ပြီး သူတို့ဟာ Facebook ပေါ်က လစာကောင်းတဲ့ အလုပ်အကိုင်ကြော်ငြာတွေကြောင့် အရညပရာသက်မြို့က ဟိုတယ်တခုမှာ လာရောက်စုဝေးခဲ့ကြသူတွေပါ။ အဲဒီနောက်မှာတော့ သူတို့ကို ပွိုင်ပက်က အထပ်မြင့်အဆောက်အအုံတွေအတွင်း ပိတ်လှောင်ပြီး ဖုန်းနဲ့မှတ်ပုံတင်တွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် အွန်လိုင်းဘဏ်အကောင့်တွေဖွင့်ဖို့နဲ့ ငွေလွှဲတဲ့နေရာမှာသုံးဖို့ မျက်နှာစကင် (Face Scan) ပြုလုပ်တာတွေကို အတင်းအဓမ္မ ခိုင်းစေခဲ့တာပါ။ ဒီလိုခိုင်းစေပြီးနောက်မှာ ဘဏ်အကောင့်တွေ အပိတ်ခံရလို့ အသုံးမဝင်တော့တဲ့အခါ ငွေလိမ်ဂိုဏ်းသားတွေက သူတို့ကို နယ်စပ်တောတခုထဲမှာ လာရောက်စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ​အခုလိုစွန့်ပစ်ခံရပြီးနောက် ထိုင်းနိုင်ငံဘက်ကို တရားမဝင်ပြန်လည်ဝင်ရောက်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီဖမ်းဆီးရမိသူအားလုံးကို ရဲစခန်းကို ပို့ဆောင်ထားပြီး သူတို့ဟာအမှန်တကယ်လိမ်လည်ခံရတဲ့ သားကောင်တွေလား၊ဒါမှမဟုတ် သိလျက်နဲ့ငွေယူပြီး အကောင့်ဖွင့်ပေးသူတွေလားဆိုတာကို အသေးစိတ်စစ်ဆေးနေတယ်လို့သိရပါတယ်။

Read more

အမေရိကန်ရဲ့ စစ်ဗျူဟာမြောက်အကြီးစားသင်္ဘောကြီး ထိုင်းသို့ဆိုက်ရောက်

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၀။ ​အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ 'Cobra Gold 2026' မှာ အသုံးပြုဖို့ အမေရိကန်ရေတပ်ရဲ့ စစ်ဗျူဟာမြောက် အကြီးစားကုန်တင်သင်္ဘော (LMSR) ဟာ ထိုင်းနိုင်ငံ၊ စတ်တာဟစ်ရေတပ်စခန်းကို ဆိုက်ရောက်လာပါတယ်။ လက်ရှိမှာတော့ သင်္ဘောပေါ်မှာပါလာတဲ့ စစ်လက်နက်ပစ္စည်းတွေကို စတင်ချပေးနေပြီလို့ Army Military Force ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ​ဖေဖော်ဝါရီလ၁၈ ရက်ကနေ ၁၉ ရက်အတွင်း ဆိုက်ကပ်ခဲ့တဲ့ အဲဒီ LMSR သင်္ဘောကြီးပေါ်မှာ စစ်ရေးလေ့ကျင့်ရာမှာ အသုံးပယ့် ဘီးတပ်စစ်သုံးယာဉ်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။ ဒီပစ္စည်းတွေကို ဆိပ်ကမ်းကနေတဆင့် ကုန်းပေါ်ကို လွှဲပြောင်းပို့ဆောင်တာတွေကို အမေရိကန်စစ်တပ်ဘက်က ဒီနေ့အထိ ဆက်လက်လုပ်ဆောင်နေတာပါ။ ​ထိုင်းနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ် နှစ်စဉ်ကျင်းပတဲ့ 'Cobra Gold' စစ်ရေးလေ့ကျင့်မှုဟာ မိတ်ဖက်နိုင်ငံတွေအကြား စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ နည်းပညာဖလှယ်ဖို့ကို အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် လေ့ကျင့်မှုအတွက် အမေရိကန်ဘက်က ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို အလုံးအရင်းနဲ့ ကြိုတင်ပို့ဆောင်ထားတာဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေကို တရားဝင် စတင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Read more
Page 23 of 104 1 22 23 24 104

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here