ဓာတ်ပုံသတင်း

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သစ်အဖြစ် တာရစ်ရာမန် ကျမ်းသစ္စာကျိန်ဆို

Border News Agency ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၇။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ BNP ပါတီဥက္ကဌ မစ္စတာတာရစ်ရာမန်ဟာ ဒီနေ့မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ ​ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဒါကာမြို့ရှိ လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပါတယ်။ ​အဲဒီအခမ်းအနားမှာ ဝန်ကြီးချုပ်သစ်နဲ့အတူ BNP ပါတီကနေရွေးချယ်ထားတဲ့ ဝန်ကြီးအဖွဲ့ဝင်သစ်တွေကလည်း နိုင်ငံ့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အသီးသီးကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

Read more

​သံတောင်မှာ စစ်ကော်မရှင်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ နေအိမ် ၆ လုံးပျက်စီး

Border News Agency သံတောင်၊​ ဖေဖော်ဝါရီ ၁၇။ ​ကေအဲန်ယူ တောအူးခရိုင်၊ ဒေါ်ဖားခို (သံတောင်) မြို့နယ်ထဲက ကွင်းချောင်းကျေးရွာအတွင်းကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ကွင်းချောင်းကျေးရွာအတွင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် ဒရုန်းဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။ ​အဲဒီဗုံးသီးကြောင့် ကျေးရွာအတွင်းရှိနေအိမ်တွေအမိုးနဲ့ နံရံတွေပျက်စီးသွားခဲ့ရသလို အနီးအနားကပြည်သူပိုင်ပစ္စည်းတချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။ ​အဲဒီတောအူးခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဒရုန်းတွေအပြင်လက်နက်ကြီးတွေနဲ့ပါ မကြာခဏပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ​အဲဒီလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်ပြီး နေထိုင်နေကြရပါတယ်။

Read more

​ထိုင်းရောက် မြန်မာလုပ်သားတဦးကို လုပ်ဖော်ကိုင်ဖက်က မီးရှို့ရိုက်သတ်

Border News Agency ထိုင်း၊​ ဖေဖော်ဝါရီ ၁၇။ ​ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်က အလုပ်သမားတန်းလျားတခုမှာ မြန်မာအလုပ်သမားတဦးက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ဓာတ်ဆီလောင်းမီးရှို့ပြီး သံတုတ်နဲ့ရိုက်သတ်ခဲ့တဲ့လူသတ်မှုတခု ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ကဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းရင်းမြစ်တွေကသိရပါတယ်။ အဲဒီ ဓာတ်ဆီလောင်းမီးရှို့ပြီး သံတုတ်နဲ့ရိုက်သတ်ခဲ့တဲ့လူသတ်တရားခံဟာ အသက် ၂၂ နှစ်အရွယ်ဝင်းနေစိုး ဆိုသူဖြစ်ပြီး သေဆုံးသူကတော့ အသက် ၂၇ နှစ်အရွယ် ကိုထွန်းခိုင်တို့​ဖြစ်ကြပါတယ်။ အဲဒီပြစ်မှုကျူးလွန်သူရဲ့ ထွက်ဆိုချက်အရ သေဆုံးသူကိုထွန်းခိုင်ဟာ အရက်မူးပြီးအခန်းပြန်လာချိန်မှာ ဆူညံစွာအော်ဟစ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို အော်ဟစ်ရုံတင်မကဘဲ အခန်းရဲ့သွပ်နံရံကိုပါ ကန်ခဲ့တာကြောင့် ကျူးလွန်သူကသူအိပ်မရဖြစ်ပြီး သွားရောက်သတိပေးရာကနေ စကားအချေအတင်ဖြစ်ပြီး ရန်ပွဲအကြီးအကျယ် ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ ​အဲဒီလို ရန်ဖြစ်ပြီးနောက်မှာတော့ ဝင်းနေစိုးဟာ ဓာတ်ဆီပုံးကိုယူလာပြီး အခန်းထဲမှာရှိနေတဲ့ ကိုထွန်းခိုင်ကို ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့တာဖြစ်ပါတယ်။ ကိုထွန်းခိုင်ဟာ မီးလောင်နေတဲ့ဒဏ်ရာတွေနဲ့ အခန်းပြင်ကိုထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဝင်းနေစိုးက နောက်ကနေ လိုက်သွားပြီး သံတုတ်နဲ့ခေါင်းကို အကြိမ်ကြိမ်ရိုက်နှက်ခဲ့တာပါ။ ​အဲဒီလို အကြိမ်ကြိမ် အရိုက်ခံရတာကြောင့် ကိုထွန်းခိုင်ဟာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး ကျူးလွန်သူ ဝင်းနေစိုးကတော့ ထွက်ပြေးတိမ်းရှောင်တာမျိုးမလုပ်ဘဲ အလုပ်သမားတန်းလျားမှာပဲ ရဲတွေကိုအဖမ်းခံဖို့ စောင့်ဆိုင်းနေခဲ့တယ်လို့သိရပါတယ်။ ​အဲဒီတရားခံကို လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့ကတမင်ရည်ရွယ် လူသတ်မှုနဲ့အမှုဖွင့်ထားပြီး ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားဖို့ ဆောင်ရွက်နေပြီတယ်လို့သိရပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲအနိုင်ရ BNP ပါတီကို အာဏာလွှဲပြောင်းပေးအပ်

Border News Agency  ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၇။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအနိုင်ရထားတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ပါမောက္ခယူနွတ်စ်ဦးဆောင်တဲ့ ယာယီအစိုးရအဖွဲ့ကနေ နိုင်ငံ့အာဏာကို တရားဝင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ယာယီအစိုးရအကြီးအကဲ ယူနွတ်စ်ဟာ မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ရာထူးကနေနှုတ်ထွက်သွားခဲ့ပြီး အာဏာရလာမယ့် BNP ပါတီနဲ့ လွှတ်တော်အမတ်တွေကို တရားမျှတပြီးဒီမိုကရေစီဆန်တဲ့ နိုင်ငံသစ်တခု တည်ဆောက်ကြဖို့လည်း မှာကြားခဲ့ပါတယ်။ ​ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာတော့ ရွေးကောက်ခံလွှတ်တော်အမတ်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ပြုလုပ်ခဲ့ကြပြီး ဒါဟာ ၂၀၂၄ ခုနှစ် ကျောင်းသားလူထုအုံကြွမှုအတွင်း သေဆုံးခဲ့သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ အခုလိုနေရာပြောင်းလဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ​အခုအကြိမ် ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲမှာတော့ လွှတ်တော်အမတ် ၂၉၇ ဦး ရွေးကောက်ခံခဲ့ရပြီး အဲဒီအထဲက ၂၀၉ ဦးဟာ BNP ပါတီကဖြစ်တာကြောင့် အစိုးရဖွဲ့စည်းခွင့်ကို ရရှိမှာဖြစ်သလိုပါတီဥက္ကဌ တာရစ်ရာမန်ကိုလည်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ​ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တာရစ်ရာမန်အပါအဝင် အမတ်အားလုံးကျိန်ဆိုပြီးသွားရင်တော့ လွှတ်တော်ဥက္ကဌကို ရွေးချယ်ပြီးလွှတ်တော်ကို တရားဝင်ဖွဲ့စည်းမှာဖြစ်သလို ဝန်ကြီးချုပ်သစ်ခန့်အပ်ရေးအတွက် သမ္မတဆီကိုဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ ​နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကနေ ဝန်ကြီးချုပ်သစ်နဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို ခန့်အပ်ပြီးရင်တော့ ကျမ်းသစ္စာကျိန်ဆိုပွဲတွေဆက်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသစ်ဟာ နိုင်ငံ့တာဝန်တွေကို တရားဝင်စတင်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။

Read more

နယူးဇီလန်မှာ မုန်တိုင်းကြောင့် အရေးပေါ်အခြေအနေကြေညာ

​Border News Agency နယူးဇီလန်၊ ဖေဖော်ဝါရီ ၁၇။ ​နယူးဇီလန်နိုင်ငံ၊ မြောက်ကျွန်းစုမှာ ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းကတိုက်ခတ်နေတဲ့ ပြင်းထန်တဲ့မုန်တိုင်းကြောင့် မြို့တော်ဝယ်လင်တန်အပါအဝင် ဒေသအများအပြားမှာ အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ ​လက်ရှိမှာ Manawatū - Whanganui ဒေသတခုလုံးအပြင် Waikato ဒေသအတွင်းရှိ Waipā နဲ့ Ōtorohanga မြို့နယ်တွေကို အရေးပေါ်အခြေအနေသတ်မှတ်ထားရတာ ဖြစ်ပါတယ်။ Tararua၊ Manawatū နဲ့ Masterton မြို့တွေမှာလည်း ရေကြီးမှုနဲ့သစ်ပင်ပြိုလဲတဲ့အန္တရာယ်တွေကြောင့် ပြည်သူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရတယ်လို့ ဆိုပါတယ်။ အဲဒီ ​မုန်တိုင်းဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်းပြတ်တောက်နေပြီး ဝယ်လင်တန်၊ Palmerston North နဲ့ Napier လေဆိပ်တွေမှာ လေကြောင်းခရီးစဉ် ၁၀၀ နီးပါး ဖျက်သိမ်းထားရသလို ကူးတို့သင်္ဘောနဲ့ ရထားခရီးစဉ်တွေကိုလည်း ရပ်နားထားရတာ ဖြစ်ပါတယ်။ အဲဒီအပြင် ဘေးကင်းလုံခြုံရေးအတွက် ဝယ်လင်တန်အထက်တန်းကျောင်းနဲ့ Rongotai ကောလိပ်အပါအဝင် စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ အဲဒီ ​Powerco လျှပ်စစ်ဌာနရဲ့ထုတ်ပြန်ချက်အရ တနိုင်ငံလုံးရှိအိမ်ခြေ ၃၃,၀၀၀ ခန့်မှာ လျှပ်စစ်မီးပြတ်တောက်နေပြီး Plimmerton မြို့ရှိ စားသောက်ဆိုင်နဲ့ အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းဟာ တောင်ကျွန်း (South Island) ဘက်သို့ ဆက်လက်ရွေ့လျားမှာဖြစ်လို့ အာဏာပိုင်တွေက ပြည်သူတွေကိုနေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့သတိပေးထားပါတယ်။

Read more

ကျူးကျော်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား ၇၃ ဦးကို AA က ပြန်လည်လွှဲအပ်

Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခရေပိုင်နက်ထဲ တရားမဝင်ကျူးကျော်ဝင်ရောက် ငါးဖမ်းလို့ ဖမ်းဆီးအရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ် ရေလုပ်သား ၇၃ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ အာရက္ခတပ်တော် (AA) က ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီရေလုပ်သားတွေကို AA ဘက်က အထောက်အထားစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် ဒီကနေ့ ညနေ ၄ နာရီခွဲခန့်မှာ ဘင်္ဂလားဒေ့ချ်တာဝန်ရှိသူတွေဆီစနစ်တကျ ပြန်အပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေလုပ်သားတွေဟာ နောက်နောင်မှာ အာရက္ခရေပိုင်နက်ထဲ ကျူးကျော်ငါးဖမ်းတာမျိုး လုံးဝမလုပ်တော့ပါဘူးလို့ ခံဝန်ကတိလက်မှတ်ထိုးခဲ့ကြသလို ကုရ်အာန်ကျမ်းစာကိုကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်တာတွေကို အချိန်ပြည့်စောင့်ကြည့်နေပြီး ဖမ်းမိသူတွေကိုလည်း အာရက္ခဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနေတယ်လို့ သိရပါတယ်။

Read more

​ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

​Border News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၁၆။ ​ကျောက်ဖြူမြို့နယ်ရှိကျေးရွာနှစ်ရွာကို စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၇ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီ ကျောက်ဖြူမြို့နယ်၊ ငအုပ်ကျေးရွာကို​ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းက စစ်ကော်မရှင်တပ်ကဆူဆိုဒ်ဒရုန်းနှစ်စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံးနဲ့ ဈေးဆိုင် ၂ ဆိုင် မီးလောင်ပြာကျခဲ့ပါတယ်။ ​အဲဒီအပြင် ဓညဝတီရေတပ်ဌာနချုပ်ကနေ ဝမျှောင်ရွာနဲ့ငအုပ်ရွာတွေကို လက်နက်ကြီး ၂၂ လုံးပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဝမျှောင်ရွာက အသက် ၇ နှစ်အရွယ် မခင်ထက်ထက်စိုးနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆန်းဝေတို့ သေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ ​အဲဒီအပြင်ဝမျှောင်ရွာက ၅ ဦးနဲ့ ငအုပ်ရွာက စစ်ဘေးရှောင် ၂ ဦးအပါအဝင် စုစုပေါင်း ၈ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပြီး နေအိမ်တချို့လည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကိုဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်ရေတပ်ကလက်နက်ကြီးပစ်ခတ်လို့ အသက် ၈၀ အရွယ် အဘွားအိုတဦး သေဆုံးခဲ့ပါသေးတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

Read more

​မောင်တောမှာ APRG မီးသတ်ဌာနက မီးဘေးကာကွယ်ရေး လက်တွေ့ကွင်းဆင်းသင်တန်းပေး

​Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၆။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်ထဲမှာ ဒေသခံတွေ မီးဘေးအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ (APRG) မီးသတ်ဌာနက မီးသတ်အရံသင်တန်းတွေပေးနေပါတယ်။ ​မီးသတ်ဌာနတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြို့ပေါ်နေရာအချို့မှာ မီးငြှိမ်းသတ်နည်းတွေကို လက်တွေ့ကွင်းဆင်း သရုပ်ပြသခဲ့တာဖြစ်ပါတယ်။ ​မီးသတ်ဌာနအနေနဲ့ လက်တွေ့ပြသပေးတာတင်မကဘဲ မီးဘေးနဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုလည်း ဒေသခံတွေကိုအသိပညာပေးခဲ့တာ ဖြစ်ပါတယ်။ ​အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်အားလုံးမှာ အာရက္ခမီးသတ်ဌာနက မီးဘေးသတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာ၊ အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်တာတွေအပြင် တအိမ်ဝင်တအိမ်ထွက် လိုက်လံစစ်ဆေးတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Read more

နယ်စပ်တောမီးရှို့မှုမှာ စစ်ရေးလှုပ်ရှားမှုများကိုဖုံးကွယ်ဖို့ဖြစ်တယ်လို့ ထိုင်းပြော

​Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၆။ ​ရှေ့တန်းနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်က တောမီးရှို့နေတာဟာ သာမန်တောမီးမဟုတ်ဘဲ ထိုင်းစစ်တပ်ရဲ့အမြင်အာရုံကို ပိတ်ဆို့ဖို့လုပ်ဆောင်နေတဲ့ စစ်ဗျူဟာမြောက်လုပ်ရပ်ဖြစ်တယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ​ကမ္ဘောဒီးယားစစ်တပ်ဟာ သူတို့ရဲ့စစ်လက်နက်နဲ့ အင်အားရွှေ့ပြောင်းမှုတွေကို ထိုင်းဘက်ကမမြင်ရစေဖို့အတွက် မီးခိုးမြူတွေကို အကာအကွယ်အဖြစ် အသုံးချနေတာဖြစ်တယ်လို့ဆိုပါတယ်။ ​ဒီတောမီးရှို့မှုဟာမြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့မဟုတ်ဘဲ ကမ္ဘောဒီးယားစစ်တပ်က သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကွင်းမြေပုံတွေရှိပြီးသားဖြစ်ပြီး အဲဒီမိုင်းကွင်းမြေပုံတချို့ကိုလည်း ထိုင်းဘက်ကသက်သေအဖြစ် သိမ်းဆည်းရမိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ​ကမ္ဘောဒီးယားဘက်ကမိုင်းတွေကို နယ်စပ်တောဧရိယာအတွင်း စည်းကမ်းမဲ့ထောင်ထားတာမျိုးမဟုတ်ဘဲ ထိုင်းတပ်ဖွဲ့ဝင်တွေ ကင်းလှည့်တဲ့လမ်းကြောင်းတွေနဲ့ သူတို့စခန်းပတ်လည်မှာ ရည်ရွယ်ချက်ရှိရှိ လာရောက်ထောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ​လက်ရှိမှာ ကမ္ဘောဒီးယားဘက်ကထိုင်းနယ်စပ်မြို့တွေကို ကျူးကျော်သိမ်းပိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် လက်ရှိစစ်အင်အားအရ မဖြစ်နိုင်ဘူးလို့ Army Military Force က အတည်ပြုပါတယ်။ ​ထိုင်းတော်ဝင်တပ်မတော်အနေနဲ့ နယ်စပ်တလျှောက် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး စစ်ရေးအရ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Read more

မရမ်းကုန်းမှာနေအိမ်မီးလောင်လို့ သက်ကြီးအမျိုးသမီးနှစ်ဦး သေဆုံး

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။ ​ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တလုံး ဖေဖော်ဝါရီလ ၁၅ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်အတွင်းရှိ သက်ကြီးပိုင်းအမျိုးသမီးနှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။ အဲဒီ​မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ အောက်ဗဟိုလမ်း၊ ရထားသံလမ်းဘေးရှိ ဆိုင်ခန်းတွဲလျက် နေအိမ်တလုံးမှာ မနက်အစောပိုင်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ​မီးလောင်မှုဖြစ်ပွားရာနေရာကို မရမ်းကုန်းနဲ့ လှိုင်မြို့နယ် မီးသတ်စခန်းတွေက မီးသတ်ယာဉ်တွေ လာရောက်ငြှိမ်းသတ်ခဲ့ပေမယ့် နေအိမ်အတွင်း ပိတ်မိနေတဲ့ အသက် ၈၀ ကျော်အရွယ် အဘွားနှစ်ဦးမှာတော့ မီးလောင်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ​လက်ရှိမှာတော့ မီးလောင်မှုကြောင့် သေဆုံးသွားသူတွေကို လူမှုကယ်ဆယ်ရေးအသင်းတွေက ဆေးရုံကိုပို့ဆောင်ပေးထားပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Read more
Page 27 of 105 1 26 27 28 105

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here