ဓာတ်ပုံသတင်း

ထန်တလန်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

Border News Agency  ထန်တလန်၊ ဖေဖော်ဝါရီ ၁၀။ ​ချင်းပြည်၊ ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဒီနေ့ နေ့လည်က စစ်ကော်မရှင်တပ်လေ​ကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီတလန်ခွါကျေးရွာရှိဘောလုံးကွင်းကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်လို့ နေရာတင် လူငါးဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီထဲကျန်တဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် နောက်မှထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ​ဒီလိုတိုက်ခိုက်လို့ တလန်ခွါရွာမှ Ral Iap၊ Thang Ceu၊ Sui Cung၊ Ngun Lian Thawng၊ Cung Cin Thawng နဲ့ Biak Kung တို့ သေဆုံးခဲ့ကြပါတယ်။ အဲဒီဒဏ်ရာရထားတဲ့ခုနှစ်ဦးထဲမှာ ကလေးငယ်တွေလည်းပါဝင်နေပြီး တချို့ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ ချင်းပြည်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာနေတာကြောင့် အရပ်သားတွေလည်း နေ့တိုင်းလိုလိုသေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။

Read more

ULA/AAနဲ့ MTC/MDFတို့ တရားဝင်တွေ့ဆုံဆွေးနွေး

Border News Agency ချင်း၊ ဖေဖော်ဝါရီ ၁၀။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နဲ့ မာရနယ်မြေကောင်စီ/မာရကာကွယ်ရေးတပ်ဖွဲ့​(MTC/MDF)နဲ့  ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။  အဲဒီလိုဆွေးနွေးရာမှာ နှစ်ဖက်အဖွဲ့အစည်းကြား မဟာမိတ်စိတ်ဓာတ်ထက်ပိုတဲ့ ယုံကြည်မှု၊ နားလည်မှုတွေအပေါ် အခြေခံကာ ရှေ့ဆက်လက်တွဲသွားကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲ​ဒီတွေ့ဆုံပွဲမှာ ULA/AA ဘက်က ဖော်ဖော်ရွေရွေကြိုဆိုဂရုစိုက်ပေးခဲ့မှုအပေါ် MTC/MDF ဘက်က လေးစားကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို၊ အနာဂတ်မှာလည်း ပိုမိုခိုင်မာတဲ့လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်သွားဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ​နှစ်ဖက်ခေါင်းဆောင်တွေဟာ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အခုလိုတရားဝင်တွေ့ဆုံမှုကနေတဆင့် မိတ်ဖက်အဖွဲ့အစည်းတွေကြား ဆက်ဆံရေးပိုမိုတိုးတက်လာမယ့် အလားအလာရှိနေတယ်လို့ သိရပါတယ်။

Read more

​အစ္စရေးသမ္မတရဲ့ ဆစ်ဒနီခရီးစဉ်ကို လူထုကန့်ကွက်ဆန္ဒပြ

Border News Agency  သြစတြေးလျ၊ ဖေဖော်ဝါရီ ၁၀။ ​ဩစတြေးလျကိုရောက်နေတဲ့ အစ္စရေးသမ္မတအိုင်ဇက်ဟာဇော့ဂ် (Isaac Herzog) ရဲ့ ခရီးစဉ်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၉ ရက်၊ မနေ့က ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာကြောင့် ရဲတပ်ဖွဲ့ကလူစုခွဲတာတွေလုပ်ခဲ့ပြီး ဆန္ဒပြသူတချို့ကိုဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။ ​အစ္စရေးသမ္မတဟာပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဆစ်ဒနီမြို့မှာဖြစ်ခဲ့တဲ့ လူဆယ့်ငါးဦးသေဆုံးတဲ့ ပစ်ခတ်မှုအတွက် မိသားစုဝင်တွေကို အားပေးဖို့လာရောက်တာပါ။ သမ္မတရဲ့ ခရီးစဉ်တောက်လျှောက် လုံခြုံရေးအထူးတင်းကျပ်ထားပေမယ့် မြို့ကြီးတွေမှာတော့ လူထုရဲ့ကန့်ကွက်မှုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ​ဆစ်ဒနီ မြို့တော်ခန်းမရင်ပြင်မှာ စုဝေးခဲ့တဲ့ဆန္ဒပြပွဲဟာ နောက်ပိုင်းမှာရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီအခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားရင်း ရဲတပ်ဖွဲ့ကဆန္ဒပြသူတွေတင်မကဘဲ သတင်းရယူနေတဲ့ AFP သတင်းထောက်တွေအပါအဝင် မီဒီယာသမားတွေနဲ့ပါ အခြေအတင်ဖြစ်ခဲ့သလို လူဆယ့်ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ​သမ္မတဟာဇော့ဂ်ကတော့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို သွားရောက်ပြီးလွမ်းသူ့ပန်းခွေချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမုန်းတရားတွေကိုရင်ဆိုင်ပြီး ဘာသာပေါင်းစုံကြား သံယောဇဉ်ခိုင်မြဲနေဦးမှာဖြစ်သလို ဂျူးဆန့်ကျင်ရေးဝါဒနှိမ်နင်းဖို့ကြိုးစားနေတဲ့ ဩစတြေးလျအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးကြောင်း ပြောကြားခဲ့ပါတယ်။ ​ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနီးစ်ကလည်း သမ္မတရဲ့ခရီးစဉ်မှာ သေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကို လေးစားမှုရှိဖို့ တိုက်တွန်းထားသလို နယူးဆောက်ဝေးလ် ပြည်နယ်အစိုးရကလည်းဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့်တွေ တိုးပေးထားပါတယ်။ လက်ရှိမှာတော့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့လယ်မှာ ပါလက်စတိုင်းနယ်မြေကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ဖို့လူအုပ်ကြီးက ဟစ်ကြွေး တောင်းဆိုနေကြဆဲဖြစ်ပါတယ်။

Read more

​ခလယ်လွီထူမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

Border News Agency  ခလယ်လွီ၊ ဖေဖော်ဝါရီ ၁၀။ ​ခလယ်လွီထူခရိုင်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဖေဖော်ဝါရီလ ၃ ရက်ကနေ ၈ ရက်နေ့အထိ ခပ်စိပ်စိပ်လုပ်ခဲ့တာလို့ ကရင်အမျိုးသာအစည်းအရုံး - ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။  အဲဒီ​မူးမြို့နယ်ဥသစ်ဖြူဆိပ်ရွာကို ဒရုန်းနဲ့တိုက်ခိုက်လို့ အသက်လေးဆယ့်ရှစ်နှစ်အရွယ် ဦးဇော်ကြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် တလသားအရွယ်ကလေးငယ်တဦးနဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ ​အဲဒီ ဆောထိနဲ့လယ်ဒိုမြို့နယ်ဘက်ကိုလည်း တိုက်လေယာဥ်တွေ၊ စက်တပ်လေထီးတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်​ မြေမြုပ်မိုင်းနင်းမိလို့ ကွီးဒိုရွာသား စောလယ်ကပေါ်ဝါး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီလို အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

Read more

​ဒူးသထူခရိုင်မှာ လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲပြုလုပ်

​ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်မှာ ၇ လကြာ ဖွင့်လှစ်ခဲ့တဲ့ လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီသင်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက စတင်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို ဗဟိုနဲ့ ခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူတွေ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံမိဘပြည်သူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ​အဲဒီ သင်တန်းဆင်းသွားတဲ့ ကျန်းမာရေးလုပ်သားတွေဟာ မိမိတို့နယ်မြေအသီးသီးမှာ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပြန်လည်တာဝန်ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။

Read more

တောင်ကုတ်မှာအာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ HDCO တို့ ပူးပေါင်းကာဆေးကုပေး

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်ခရိုင်အတွင်းက ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ကွင်းဆင်းကာအခမဲ့ဆေးကုသပေးတာနဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒေသခံတွေကို ငှက်ဖျားသွေးဖောက်စစ်ဆေးပေးတာ၊ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးတာအပြင် အရေပြားရောဂါနဲ့ အထွေထွေရောဂါတွေကို အခမဲ့ကုသပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ​အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်ရှိတဲ့ အိမ်ထောင်စုတွေအတွက် CYC ခြင်ထောင် အလုံး ၂၅၀ ကိုထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ နောက်ပြီး HDCO ဘက်ကလည်း ၂ နှစ်အောက် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်တွေ ပေးခဲ့ပါတယ်။  ​အခုလိုကွင်းဆင်းကုသပေးမှုဟာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသခံပြည်သူတွေအတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

Read more

​အုဘွန်ရာဇဌာနီမှာ စိတ်ကြွဆေးပြား ၆ သောင်းကျော်နဲ့အတူ တရားခံ ၂ ဦး ဖမ်းမိ

​Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၉။ ​ထိုင်း - လာအိုနယ်စပ်၊ အုဘွန်ရာဇဌာနီခရိုင်မှာ မူးယစ်ဆေးသယ်ဆောင်လာတဲ့ ကွန်ရက်တခုကို ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက ကင်းပုန်းဝပ်ဖမ်းဆီးခဲ့ရာမှာ စိတ်ကြွဆေးပြား ၆၆,၀၀၀ နဲ့အတူ တရားခံ ၂ ဦးနဲ့ ကားတစီးကို ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆူရာနာရီတပ်ဖွဲ့ (Suranaree Force) က ထုတ်ပြန်ပါတယ်။ ​ဒီဖမ်းဆီးမှုကို ဆူရာနာရီတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ အမှတ် ၂၂၇ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP 227) က အဓိက တာဝန်ယူခဲ့တာပါ။ ခေးမရတ် (Khemarat) မြို့နယ်အတွင်း မူးယစ်ဆေးတွေခိုးသယ်လာမယ်ဆိုတဲ့သတင်းကြောင့် အာဏာပိုင်တွေက ဒွန်ဘတ် (Don Bak) ကျေးရွာ၊ "ဝပ်ဥယျာဉ်ဝနာရာမ်" ဘုန်းကြီးကျောင်းအနီးကမြေနီလမ်းမှာ ချောင်းမြောင်းစောင့်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီနောက် သံသယရှိတဲ့ကားတစီးရောက်လာချိန်မှာ ပိတ်ဆို့စစ်ဆေးရာကနေ စိတ်ကြွဆေးပြား (Yaba) ၆၆,၀၀၀ ပြားနဲ့အတူ အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့တာပါ။ အဲဒီတရားခံတွေကို နယ်မြေခံရဲစခန်းဆီ လွှဲပြောင်းထားပြီး ကွင်းဆက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

Read more

​မုဒါဟန်နယ်စပ်မှာ မူးယစ်ဆေးရောင်းတဲ့လူငယ် ၃ ဦးနဲ့အတူစိတ်ကြွဆေးပြား ၃,၀၀၀ ကျော် ဖမ်းမိ

​Border News Agency မုဒါဟန်၊ ဖေဖော်ဝါရီ ၉။ ​ထိုင်း - လာအိုနယ်စပ်မုဒါဟန်ခရိုင်အတွင်းက ကျေးရွာတွေရှိ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့အိမ်တွေကို ထိုင်းအထူးခြေလျင်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့ စိတ်ကြွဆေးပြား ၃,၀၀၀ ကျော်နဲ့အတူ တရားခံ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Ranger Forces 2105 အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲ​ဒီစစ်ဆင်ရေးကို အမှတ် ၂၁ ခြေလျင်တပ်မဟာ၊ အမှတ် ၂၁၀၅ ခြေလျင်တပ်ခွဲ (Ranger 2105) က အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး မုဒါဟန်ခရိုင် စီမံခန့်ခွဲရေးအဖွဲ့နဲ့ မြို့နယ်ထွေအုပ်အဖွဲ့တွေလည်း ပါဝင်ခဲ့ကြပါတယ်။ ​မုဒါဟန်မြို့နယ်၊ နာစီနွမ်း (Na Si Nuan) ကျေးရွာက အိမ်တွေကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အဲဒီအိမ်တွေကနေ  ဒေသတွင်းကလူငယ်တွေဆီကို စိတ်ကြွဆေးပြား (Yaba) တွေ ခိုးယူဖြန့်ဖြူးနေတယ်ဆိုတဲ့သတင်းကြောင့် အခုလို ပိတ်ဆို့ရှာဖွေခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီ စီးနင်းမှုအတွင်း မူးယစ်ဆေးရောင်းချသူအပါအဝင် သံသယရှိသူအမျိုးသား ၃ ဦးကိုဖမ်းမိခဲ့ပြီး သူတို့ဆီကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၃,၂၅၇ ပြားကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာပါ။ အဲ​ဒီဖမ်းဆီးမှုမှာ လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေဖို့အတွက် ၂၀၂၂ ခုနှစ် "ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူပျောက်စေမှု ကာကွယ်တားဆီးရေးနှင့်နှိမ်နင်းရေး အက်ဥပဒေ" အရ ရုပ်သံနဲ့ အသံဖိုင်တွေကို အဆက်မပြတ်မှတ်တမ်းတင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေနဲ့ သက်သေခံပစ္စည်းတွေကို မုဒါဟန်မြို့နယ် ရဲစခန်း (SPO Muang Mukdahan) ထံ လွှဲပြောင်းထားပြီး ဥပဒေအရထိရောက်စွာအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Read more

အနုတင်ရဲ့ဖွန်ဂျိုင်ထိုင်းပါတီ ထိုင်းရွေးကောက်ပွဲမှာအနိုင်ရ

​Border News Agency ဘန်ကောက်၊ ဖေဖော်ဝါရီ ၉။ ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲ လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ဝင်  ဖွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) က အမတ်နေရာ ၁၉၀ ကျော်နဲ့အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တယ်လို့ သက်ဆိုင်ရာဌာနတွေက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီရလဒ်ဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့အမတ်နေရာ ၇၁ နေရာထက် သိသိသာသာမြင့်တက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ ရှေးရိုးစွဲအမျိုးသားရေးဝါဒတွေ ပြန်လည်အားကောင်းလာတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ အဲဒီ​မဲ ၉၅ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ ဖွန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၁၉၀ ကျော်နဲ့ပထမ၊ ပြည်သူ့ပါတီ (People’s Party) က ၁၁၀ ကျော်နဲ့ ဒုတိယ၊ ဖွေထိုင်းပါတီ (Pheu Thai) က ၇၀ ကျော်နဲ့ တတိယအသီးသီး ရရှိထားကြပါတယ်။ လူငယ်တွေထောက်ခံတဲ့ပြည်သူ့ပါတီက မြို့ပြဒေသတွေမှာအားကောင်းခဲ့ပေမယ့် ဖွန်ဂျိုင်ထိုင်းပါတီကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့တာပါ။ ​Nikkei Asia ရဲ့ သုံးသပ်ချက်အရ အနုတင်ရဲ့ ဒီအောင်ပွဲဟာထိုင်း - ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုကို အခြေခံထားတဲ့ "အမျိုးသားရေးဝါဒ" ကြောင့်လို့ ဆိုပါတယ်။ အနုတင်ဟာ မဲဆွယ်ကာလအတွင်းမှာ "အမိမြေကို ကာကွယ်ဖို့နဲ့ မျိုးချစ်စိတ်ရှိဖို့" ကိုပဲ အဓိကထားလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ ​အနုတင်ကဘန်ကောက်မြို့ မိန့်ခွန်းမှာ "ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် ကျွန်တော့်အသက်နဲ့ထပ်တူကာကွယ်သွားမယ်လို့  ကတိပြုပါတယ်။ အမိမြေကိုကာကွယ်ဖို့အတွက် ဖွန်ဂျိုင်ထိုင်းပါတီကိုပဲ ရွေးချယ်လိုက်ပါ" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ​အဲဒီအပြင် ဘုရင်စနစ်နဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကိုမထိပါးဘဲ နဂိုအတိုင်းထိန်းသိမ်းမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် ရှေးရိုးစွဲဝါဒီတွေနဲ့ တည်ငြိမ်မှုကိုလိုလားတဲ့ ကျေးလက်ပြည်သူတွေရဲ့ မဲကိုအပြည့်အဝရရှိခဲ့တာလို့ သုံးသပ်ကြပါတယ်။ နိုင်ငံရေးသိပ္ပံပါမောက္ခ Yuthaporn Issarachai ကလည်း ထိုင်းပြည်သူတွေဟာ ပြုပြင်ပြောင်းလဲရေးထက် "အမျိုးသားလုံခြုံရေးနဲ့ တည်ငြိမ်ရေး" ကို ပိုပြီးဦးစားပေးရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။ ​လက်ရှိမှာ ဖွန်ဂျိုင်ထိုင်းပါတီဟာ အစိုးရဖွဲ့နိုင်ဖို့အမတ်နေရာ ၂၅၁ နေရာပြည့်မီအောင် အခြားပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီရှုံးနိမ့်သွားတဲ့ ပြည်သူ့ပါတီခေါင်းဆောင် နာတာဖောင်ကတော့ သူတို့ရဲ့ ရှုံးနိမ့်မှုကိုဝန်ခံလိုက်ပြီး အပြုသဘောဆောင်တဲ့ အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Read more

ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ် 

​Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉။ ​KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်တွေက ​လေးလကျော်ကြာစစ်ဆင်ရေးလုပ်ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲ​ဒီမြို့ကို ပြန်သိမ်းဖို့အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကတည်းက စစ်ကြောင်းခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေနဲ့ ဗျူဟာကျတဲ့နေရာတွေကို အဆင့်ဆင့်ပြန်သိမ်းခဲ့တာလို့ ဆိုပါတယ်။ ​လေးလကျော်ကြာတဲ့ ဒီစစ်ဆင်ရေးအတွင်း တိုက်ပွဲပေါင်းခြောက်ဆယ့်ကိုးကြိမ်အထိဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ပြောပါတယ်။ ​လက်ရှိမှာတော့ မြို့ထဲမှာမိုင်းရှင်းလင်းတာနဲ့ ပျက်စီးသွားတဲ့အဆောက်အဦးတွေကို ပြန်ပြင်ဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဗန်းမောက်မြို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

Read more
Page 33 of 105 1 32 33 34 105

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here