ဓာတ်ပုံသတင်း

​ချင်းမိုင်မှာ WY စိတ်ကြွဆေးပြားသုံးသန်း ဖမ်းဆီးရမိ (ဓာတ်ပုံသတင်း)

​Border News Agency ချင်းမိုင်၊ ဖေဖော်ဝါရီ ၇။ ​ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် မယ်တဲင်မြို့နယ်ထဲမှာ ကာလတန်ဖိုးအများအပြားရှိတဲ့ WY တံဆိပ်ပါစိတ်ကြွဆေးပြားသုံးသန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီဆေးပြားတွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက ဝိန်းဟဲ (Wiang Haeng) နယ်စပ်ဘက်ကနေ Toyota Revo ကားနဲ့ သယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ အာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။ အဲဒီမူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ကားဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနက်အစောပိုင်းမှာ စစ်ဆေးရေးဂိတ်မှာရပ်မပေးဘဲ အရှိန်ပြင်းပြင်းနဲ့မောင်းပြေးခဲ့လို့ အာဏာပိုင်တွေက အပြင်းအထန်လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ ​အဲဒီမှောင်ခိုသမားတွေဟာ ကွတ်ချမ်းကျေးရွာအမှိုက်ပုံနားမှာ ကားကိုစွန့်ပစ်ပြီး တောထဲကိုထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကားပေါ်မှာတော့ ကောက်ရိုးအိတ်ဆယ့်ငါးအိတ်နဲ့ထည့်ထားတဲ့ စိတ်ကြွဆေးပြားသုံးသန်းကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီ ကားပိုင်ရှင်ကိုစုံစမ်းနေပြီး ထွက်ပြေးသွားတဲ့တရားခံတွေကို မိမိရရဖမ်းနိုင်ဖို့အတွက် ကွင်းဆက်တွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ 

Read more

ဝမ်ဟိုင်းရှိ ၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့မြင်ကွင်း

Border News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇။ ​၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်၊ ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဌာနချုပ်ဝမ်ဟိုင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read more

​မလေးရှားမှာ အော်ပရာစီဝင်ဖမ်းလို့မြန်မာနိုင်ငံသားတွေအပါအဝင် နှစ်ဆယ်ဦးဖမ်းဆီးခံရ

Border News Agency  မလေးရှား၊ ဖေဖော်ဝါရီ ၇ ။ ​မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် (Johor)၊ Mount Austin ဧရိယာအတွင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က အာဏာပိုင်တွေရဲ့အော်ပရာစီ (Operasi) အထူးစီမံချက်နဲ့ ဝင်ရောက်စစ်ဆေးဖမ်းဆီးရာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားနှစ်ဆယ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ​အဲဒီဖမ်းဆီးခံရသူနှစ်ဆယ်ဦးထဲမှာ မြန်မာအမျိုးသား​လေးဦးပါဝင်နေပြီး ကျန်ရှိသူတွေကတော့ တရုတ်အမျိုးသားဆယ့်လေးဦးနဲ့ တရုတ်အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ မလေးရှားနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတစုံတရာ ပြသနိုင်တာမရှိတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာန (Immigration) က ဆက်လက်ထိန်းသိမ်းထားပြီး ဥပဒေအရအရေးယူနိုင်ဖို့အတွက် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။ ​မလေးရှားအစိုးရအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို နေရာအနှံ့ ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးနေတာကြောင့် ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ သွားလာနေထိုင်ရာမှာ အထူးသတိပြုကြဖို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။

Read more

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလ တံတားဖွင့်လှစ်

Border News Agency  ​ရန်ကုန်၊ ဖေဖော်ဝါရီ ၇။ ​ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်နဲ့ ဒလမြို့နယ်ကိုဆက်သွယ်ထားတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဒလတံတားကိုဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီတံတားဖွင့်ပွဲကို စစ်ခေါင်းဆောင်တက်ရောက်ခဲ့ပြီး အခြေခံအဆောက်အအုံ လမ်းတံတားကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ အဲဒီ ​ဒလတံတားစီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းတွေနှောင့်နှေးခဲ့ရပေမယ့် အခု ၂၀၂၆ ခုနှစ်မှာတော့ လုပ်ငန်းအားလုံး ပြီးစီးသွားတာ ဖြစ်ပါတယ်။ အဲ​ဒီတံတားဟာ သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်းအရှည် ၆,၁၂၇ ပေ ရှိပါတယ်။ အဲဒီအပြင် ၄ လမ်းသွား တံတားဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့် ၁၆၀ ပေ ရှိတာကြောင့် တန်ချိန် ၁၅,၀၀၀ ရှိတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သန်းသွားလာနိုင်ကာ ယာဉ်တစီးချင်း ခံနိုင်ဝန် ၇၅ တန် ရှိတယ်လို့ သိရပါတယ်။

Read more

​မူးမှာ စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

​Border News Agency မူး၊ ဖေဖော်ဝါရီ ၆ ။ ​ မူးမြို့နယ်အတွင်းရှိကျေးရွာတွေကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်အထိလေကြောင်း၊ ဒရုန်းနဲ့လက်နက်ကြီးတွေသုံးပြီး ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီခင်ကြီးကျေးရွာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့က ဒရုန်းနဲ့ဗုံးကြဲလို့ အသက်ငါးဆယ့်ငါးနှစ်အရွယ် ဒေါ်ထွေးရီသန်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်စောခီးရွာကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်ကိုးနှစ်အရွယ် စောကလဲမူသောနဲ့ ခင်ကြီးရွာက အသက်ငါးဆယ့်ရှစ်နှစ်အရွယ် မောင်မျိုးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ​နောက်ပြီးငထွေစုတ်ကျေးရွာက အသက်ဆယ့်လေးနှစ်အရွယ် မောင်စောတာနေသားလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ ခမရ - ၄၃၉ နဲ့ ခလရ - ၆၀ တပ်ရင်းတွေက ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကြောင့် ခင်ကြီး၊ လှေဒုံး၊ ငတိုးခင်နဲ့ မျက်နီကွင်းကျေးရွာတွေက နေအိမ်စုစုပေါင်းဆယ့်ခုနှစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

Read more

၇၉ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ကို လွိုင်တိုင်းလျန်းမှာကျင်းပ

​Border News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇ ။ ​၇၉ ကြိမ်မြောက်သျှမ်းအမျိုးသားနေ့ ဖွင့်ပွဲအခမ်းအနားကို RCSS / SSA ဌာနချုပ်လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ​အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး သျှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်မှုကို အလေးထားကြောင်း ပြသခဲ့ပါတယ်။ ​၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်တပ်က "သျှမ်းအမျိုးသားနေ့" အမည်ကိုဖျောက်ပြီး "သျှမ်းပြည်နယ်နေ့" လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် သျှမ်းလူမျိုးတွေကတော့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဒီနေ့ကိုသမိုင်းဝင်နေ့အဖြစ် ဆက်လက်ထိန်းသိမ်းကျင်းပနေတာ ဖြစ်ပါတယ်။ ​ဒီနေ့အခမ်းအနားဟာ သျှမ်းလူမျိုးတွေအတွက် တန်းတူညီမျှခွင့်ရရှိရေးကိုကိုယ်စားပြုသလို သျှမ်းပြည်သားအားလုံး အေးတူပူအမျှ နေထိုင်ရေးကိုလည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

Read more

​ကချင်တော်လှန်ရေးနေ့မှာ လုပ်သက်ငါးဆယ်ပြည့်အရာရှိကြီးတွေကို ရွှေတံဆိပ်ဆုနဲ့ဂုဏ်ပြု

​Border News Agency လိုင်ဇာ၊ ဖေဖော်ဝါရီ ၆။ ​၆၅နှစ်ပြည့်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားမှာ လုပ်သက်ရင့်အရာရှိကြီးတွေအပါအဝင် ဝန်ထမ်းပေါင်းတထောင့်လေးရာကျော်ကို KIO က ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ ​တော်လှန်ရေးကာလအတွင်းမှာ လုပ်သက်ငါးဆယ်တိတိ ပြည့်အောင်တာဝန်ထမ်းဆောင်ခဲ့တဲ့ KIO ဒု-ဥက္ကဋ္ဌ ၁ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်အပါအဝင် အရာရှိကြီးသုံးဦးကို ဗဟိုကော်မတီကနေ "ရွှေတံဆိပ်ဆု" တွေ ပေးအပ်ခဲ့တာပါ။ ​အဲဒီအပြင် တော်လှန်ရေးအစိုးရလက်ထက်မှာ လုပ်သက်ငါးနှစ်ကနေ နှစ်ငါးဆယ်အထိရှိနေပြီဖြစ်တဲ့ ဝန်ထမ်းစုစုပေါင်း တထောင့်လေးရာတဆယ့်လေးဦးကိုလည်း သူတို့ရဲ့ လုပ်သက်အလိုက် ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ​ဒီအခမ်းအနားမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၆၅ နှစ်ပြည့် တော်လှန်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့သလို၊ ရှေ့လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ပြည်သူတွေအတွက် ဆုတောင်းစကားတွေ ပြောကြားခဲ့ပါတယ်။ ​အဲဒီလို ဂုဏ်ပြုဆုတွေ ပေးအပ်တာဟာ တော်လှန်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူတွေကို အသိအမှတ်ပြုတာဖြစ်သလို မျိုးဆက်သစ်တွေအတွက်လည်း ခွန်အားဖြစ်စေတယ်လို့ တက်ရောက်လာသူတွေက ဆိုပါတယ်။ ​ကချင်အမျိုးသားတော်လှန်ရေးနေ့ကို နှစ်စဉ် ဖေဖော်ဝါရီ ၅ ရက်မှာ ကျင်းပလေ့ရှိပြီး အခုနှစ် လိုင်ဇာဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားဟာ အရင်နှစ်တွေထက် ပိုမိုထူးခြားတဲ့ဂုဏ်ပြုမှုတွေနဲ့ စည်ကားခဲ့ပါတယ်။ အဲဒီအပြင် အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်အင်အားစုတွေက ဂုဏ်ပြုသဝဏ်လွှာပို့ပေးခဲ့ကြပါတယ်။

Read more

​ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးစစ်ရှောင်နေရ

Border News Agency  ​မကွေး၊ ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကော်တပ်စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးပါးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။  အဲဒီ ပေါက်မြို့နယ်ကာကွယ်ရေးပစွည်းထုတ်လုပ်ရေးစက်ရုံမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ရာနီးပါးဟာ သစ်ချိုကုန်းပျူရွာကနေတဆင့် အနီးနားကရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီလိုစစ်ကြောင်းထိုးရုံတင်မကဘဲ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်စက်ရုံထဲကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပါပြုလုပ်နေတယ်လို့ ပေါက်မြို့နယ် ပအဖကထုတ်ပြန်ပါတယ်။ ​အဲဒီ ဒီတိုက်ခိုက်မှုတွေကြောင့် ဇုန် ၁ နယ်မြေထဲက ကျေးရွာခြောက်ရွာ၊ အိမ်ထောင်စု တထောင်ကျော်နဲ့လူဦးရေငါးထောင် နီးပါးဟာ ဘေးလွတ်ရာကိုအရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ​အဲဒါကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုကြပါတယ်။

Read more

မိအယ်ရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတွေအပါအဝင် အမျိုးသမီးငါးဦးသေဆုံး

Border News Agency  ​မကွေး၊ဖေဖော်ဝါရီ ၆။ ​မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲက မိအယ်ကျေးရွာကို ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီမိအယ်ကျေးရွာကို မကွေးလေတပ်ကတက်လာတဲ့ တိုက်လေယာဉ်တစီးမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့တယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။  အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ခုနှစ်ဆယ်အရွယ်အမျိုးသမီးတဦး၊ အသက်လေးဆယ်နဲ့ ငါးဆယ်ကျော်အမျိုးသမီးနှစ်ဦး၊ ဆယ့်သုံးနှစ်နဲ့ဆယ်နှစ်အောက် မိန်းကလေးငယ်နှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ "တိုက်ပွဲမရှိဘဲ ရွာကိုပဲ ဦးတည်ပြီး ဗုံးကြဲသွားတာဗျ။ ဗုံးမချခင်တနာရီလောက်ကတည်းကကျောက်ထုအမြှောက်တပ် ၃၆၈ ကနေ ဒရုန်းနဲ့ကင်းထောက်နေတာ။ ပြီးတော့မှခပ်နိမ့်နိမ့်ပျံပြီး ရွာထဲတည့်တည့်ကို ဗုံးချသွားတာပါ။"လို့ ဒေသခံတဦးက ပြောပါတယ်။ ​အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မိအယ်ရွာကနေအိမ်လေးလုံးပျက်စီးခဲ့ပြီး အဲဒီထဲကတလုံးကတော့ မီးလောင်ပြာကျသွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လအတွင်းမှာလည်း ယောဒေသကိုလေကြောင်းတိုက်ခိုက်မှု နှစ်ဆယ့်သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို မနေ့ညကလည်းထီးလင်းမြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ယောဒေသအတွင်း ကင်းထောက်လေယာဉ်တွေနဲ့ မကြာခဏပျံသန်းနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားပြီး နေထိုင်ကြဖို့အသိပေးထားပါတယ်။

Read more

ညောင်လှရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

Border News Agency  ဒီပဲယင်း၊ဖေဖော်ဝါရီ ၆။ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကိုဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီညောင်လှရွာကို စစ်ကော်မရှင်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ မော်တာနဲ့ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားပြည်သူအမျိုးသားလေးဦးဒဏ်ရာရသွားခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လူမဆန်စွာတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ဒီပဲယင်းမြို့နယ် ပအဖကအသိပေးထားပါတယ်။

Read more
Page 35 of 105 1 34 35 36 105

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here