Border News Agency
ကျောက်ဖြူ၊ စက်တင်ဘာ ၈။
ကျောက်ဖြူမြို့နယ်၊ ကြံ့ချိုင်ရွာက စစ်ဘေးရှောင်နှစ်ဦးကို စက်တင်ဘာလ ၃ ရက်နေ့က စစ်ကော်မရှင်တပ်ဖမ်းဆီးသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာမှအသက်ဆယ့်ခြောက်နှစ်အရွယ်မောင်ဝေတင်အောင်နဲ့အသက်ခြောက်ဆယ်ငါးနှစ်အရွယ်ဦးဟန်သိန်းဖြူတို့ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့နှစ်ဦးကို စက်တင်ဘာလ ၃ ရက်နေ့မနက် ၈ နာရီအချိန်ခန့်က ကြံချိုင်ရွာအနီးမှာ စစ်ကော်မရှင်တပ်ဖမ်းဆီးသွားတာလို့ ဆိုကြပါတယ်။
သူတို့နှစ်ဦးဟာ ဝါးတောကျေးရွာမှာစစ်ဘေးရှောင်နေကြတာဖြစ်ပြီး သူတို့ဇာတီရွာသို့ စားနပ်ရိက္ခာတွေသွားရောက်ယူကြချိန်မှာ စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားတာလို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
“သူတို့ကရွာကို ပြန်ပြီးစားနပ်ရိက္ခာယူဖို့သွားကြတာပါ။ ရွာနားမှာစစ်သားတွေရောက်နေတာကိုမသိကြပါဘူး။ ရွာနားမှာကင်းပုန်းဝပ်နေကြတဲ့စစ်သားတွေဖမ်းသွားတာပါ။ ဘယ်ကိုဖမ်းသွားလဲသတင်းမရသေးပါဘူး။” လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်၊ သဖန်းခါးဆည်အနီးမှာ စက်တင်ဘာလ ၅ ရက်နေ့ညနေ ၃ နာရီအချိန်ခန့်က အရပ်သားတဦးကိုစစ်ကော်မရှင်တပ်ပစ်သတ်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူမြို့နယ်မှာ အရပ်သားတွေကိုမကြာခဏဖမ်းဆိီး၊သတ်ဖြတ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။
အဲဒီအပြင် ကြည်းရေလေပစ်ခတ်လို့ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြသလို ကျေးရွာတွေ၊ လူနေအိမ်တွေ၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအအောက်အအုံတွေလည်း ထိခိုက်ပျက်စီးနေတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်ကြားတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ကစစ်သည်၊ လက်နက်၊ ရိက္ခာဖြည့်တင်းကာကြည်းရေလေပူးပေါင်းခုခံနေရတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။






