Border News Agency
မကွေး၊အောက်တိုဘာ ၃။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၇ ဦးကိုဖမ်းဆီးရမိထားတယ်လို့ လူထုတော်လှန်ရေး၊မဟာမိတ်အင်အားစုတပ်ဖွဲ့(PRA-Magway)မှ အောက်တိုဘာ ၂ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
သူတို့တွေဟာ အာရက္ခတပ်တော်(AA)နဲ့စစ်ကော်မရှင်တပ်တို့တိုက်ပွဲဖြစ်ပွားနေတဲ့နတ်ရေကန်တိုက်ပွဲမှ တပ်မ ၉၉ နဲ့ စကခ ၁၇ တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီထွက်ပြေးလာကြတဲ့ တပ်သားအများစုဟာ စစ်ကော်မရှင်တပ်ရဲ့အတင်းအဓမ္မစစ်မှုထမ်းဥပဒေအရပေါ်တာဆွဲခံရသူတွေဖြစ်ကြပြီး စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ နဲ့ ၁၃ ကဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေ၊စည်းမျဉ်းတွေနဲ့အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
PRA-Magwayဟာ နိုင်ငံအဝှမ်းရှိစစ်ဆင်ရေးတွေကိုဖော်ဆောင်နေသလို အထူးသဖြင့် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းတလျောက်၊ ပုသိမ် – မုံရွာလမ်းနဲ့ အမ်း – ပဒါန်းလမ်းကြားဒေသတွေမှာ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကော်မရှင်တပ်တွေကို တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံး၊ ဒဏ်ရာရနေကြတယ်လို့လည်းဆိုပါတယ်။