Border News Agency
မာန်အောင်၊ အောက်တိုဘာ ၇။
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်မြို့နယ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေတပ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။
အဲဒီမာန်အောင်မြို့ကို စက်တင်ဘာလကုန်ပိုင်းမှာ စစ်ကော်မရှင်သွားရောက်ခဲ့ပြီး လမ်းတံတားတွေ၊ ဆက်သွယ်ရေးအခြေအနေတွေကို စစ်ဆေးကြည့်ခဲ့တယ်လို့ အောက်တိုဘာလ ၇ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီမာန်အောင်မှာ တယ်လီဖုန်းရုံနှစ်ရုံတွေ့ခဲ့ပြီး ဖုန်းလိုင်းမကောင်းတဲ့အတွက် ဖုန်းဆက်သူနည်းပါးနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မာန်အောင်မြို့နယ်မှာ MP T ဖုန်းလိုင်းတပ်ဆင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို သင်္ဘောနဲ့မာန်အောင်မြို့သို့ ပို့ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။
ပြည်နယ်စစ်ကော်မရှင်က မိုးလေကင်းရှင်းရင် အောက်တိုဘာလအတွင်းမှာ MPT ဖုန်းလိုင်းတွေ တပ်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။
“မိုးလေကင်းရှင်းရင် MPT မာန်အောင်မှာ တပ်ဆင်တော့မယ်။ အောက်တိုဘာလအတွင်းဖြစ်ပါလိမ့်မယ်။ ဆက်သွယ်ရေးတော့ အဆင်ပြေတော့မယ်။”လို့ ရခိုင်ပြည်နယ်စစ်ကော်မရှင်က ဆိုပါတယ်။
မာန်အောင်မြို့နယ်ကို ဆက်သွယ်ရေးဖုန်းလိုင်းတွေ တပ်ဆင်ပေးဖို့ပြင်ဆင်နေတာဟာ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာတာမို့ ပြည်သူလူထုအကြိုလုပ်ပြနေတာဖြစ်တယ်လို့လည်း ပြည်သူတွေက ဆိုကြပါတယ်။
“စစ်ကောင်စီကရခိုင်မှာ ရွေးကောက်ပွဲနီးလာတော့ ပြည်သူတွေကို သူ့ကိုထောက်ခံအားပေးအောင်လုပ်ဆောင်နေတာလို့ပဲမြင်တယ်။ ဒါပေမယ့် ဖုန်းလိုင်းတွေပြန်တပ်ဆင်ပေးမယ်ဆိုရင်တော့ ကောင်းပါတယ်။”လို့ ပြည်ပရောက်မာန်အောင်ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
ပြည်နယ်စစ်ကော်မရှင်ဟာ စစ်တွေမြို့မှာလည်း ပြီးခဲ့တဲ့စက်တင်ဘာလက MYTEL ဖုန်းလိုင်းတွေ ပြန်ဖွင့်ပေးခဲ့ပေမယ့် ပြန်ပြတ်နေတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက စစ်ကော်မရှင်ဟာ ဆက်သွယ်ရေးဖုန်းလိုင်းအပါအဝင် အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားတာဖြစ်ပါတယ်။
အဲဒါကြောင့် ပြည်ပရောက်မိသားစုတွေကို ဒေသခံပြည်သူတွေဆက်သွယ်ရခက်ခဲနေကြပြီး မိသားစုဝင်တွေ အဆက်အသွယ်မရကြသေးသူတွေလည်း ရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့ နယ်တွေမှာ စတားလင့်စက်တွေတပ်ဆင်ပြီး ရိုးရိုးဖုန်းပြောတမိနစ်ကို တထောင်ကျပ်၊ အင်တာနက်တနာရီကို နှစ်ထောင်ကျပ်နဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးနေကြပါတယ်။