Border News Agency
မိုင်းလုံ၊ အောက်တိုဘာ ၁၂။
မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမကျေးရွာကို စစ်ကော်မရှင်တပ်လေကြာင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နှစ်လုံးပျက်စီးသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၁၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော့ဆန်ရွာမကျေးရွာကို အောက်တိုဘာလ ၁၁ ရက်၊ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုနေအိမ်နှစ်လုံးနဲ့ ဘုန်းကြီးကျောင်းရှိ ဇရပ်ထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒီဗုံးနှစ်လုံးဟာ တော့ဆန်ရွာမကျေးရွာအတွင်းကို တလုံးနဲ့အနီးရှိလွယ်ရင်တောင်မှာလည်း တလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီးကို အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ပေါင် ၂၅၀ ဗုံးနှစ်လုံး၊ ရော့ကဒ်လက်နက်ကြီးခြောက်လုံးနဲ့ ထပ်ပြီးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံတွေဟာ စစ်ကော်မရှင်တပ်ရဲ့ လေကြာင်းအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နိုင်လို့ စစ်ရေးအမြဲသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့နေရာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ဆိုပါတယ်။