Border News Agency
မောင်တော၊ မတ် ၄။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ ငါးနှစ်အောက်ကလေးတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မတ်လ ၃ရက်နေ့က ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ နှစ်လနဲ့တနှစ်ကြားကလေးငယ်တွေ၊ တနှစ်နဲ့သုံးနှစ်ကြားကလေးငယ်တွေ၊ သုံးနှစ်နဲ့ငါးနှစ်ကြားကလေးငယ်တွေကို တတိယအကြိမ်ကာကွယ်ဆေးထိုးပေးခဲ့တာပါ။
အဲဒီကာကွယ်ဆေးတွေဟာ ပိုလီယိုရောဂါကာကွယ်ဖို့ OPV သောက်ဆေး ၊ ဆုံဆို့န၊မေးခိုင်နဲ့ ကြက်ညှာချောင်းဆိုးရောဂါသုံးမျိုးကိုကာကွယ်ပေးတဲ့(DPT )ထိုးဆေးနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး(JE)တွေ ထိုးနှံပေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင် ရေကျောက်ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ ရေကျောက်ရောဂါကာကွယ်ဆေး ၊အသည်းရောင်အသားဝါ – A ကာကွယ်ဆေးနဲ့ ဦးနှောက်အမြှေးရောင်၊ သွေးဆိပ်သင့်ရောဂါတွေကိုကာကွယ်ပေးတဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးတွေကိုလည်း ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနဟာ မောင်တောမြို့နယ်က ငါးနှစ်အောက်ကလေးငယ်တွေကို ပြီးခဲ့တဲ့ဒီဇင်ဘာလက ပထမအကြိမ်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
အဲဒီမောင်တောမြို့ပေါ်ရပ်ကွက်တွေကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀ ရက်နေ့က ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်ကာ ပြည်သူတွေကိုဝန်ဆောင်မှုတွေပေးနေကြပါတယ်။










