Border News Agency
ကော့ဘဇား၊ အောက်တိုဘာ ၁၂။
ဘင်္ဂလားဒေ့ရှ်မှအကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့တွေ အင်အားကြီးလာရင် အာဆီယံဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးကိုလည်း အကြမ်းဖက်အန္တရာယ်နဲ့အတူ ခြိမ်းခြောက်လာနိုင်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ထောက်ပြပါတယ်။
အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် အကြမ်းဖက်အဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော်စစ်ရေးလှုပ်ရှားမှု၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၁ ရက်၊ မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
အဲဒီဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရမှ မထိန်းကျောင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာလည်း အကြမ်းဖက်အားပေးသူအုပ်စုတွေ အင်အားကြီးခဲ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သာမကနယ်စပ်နဲ့အာဆီယံဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးကိုလည်း အကြမ်းဖက်အန္တရာယ်နဲ့အတူ ခြိမ်းခြောက်လာနိုင်တယ်လို့ အာရက္ခတပ်တော်က ထပ်မံထောက်ပြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေရှိ ဒုက္ခသည်တွေကို အကြမ်းဖက်သတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲတာတွေ၊လူကုန်ကူးတာတွေ၊ မူးယစ်ဆေးဝါးလုပ်တာတွေ၊ မုဒိန်းမှုကျူးလွန်တာတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုလည်း အကြမ်းဖက်သတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲတာတွေ ကျူးလွန်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက အတည်ပြုပြောကြပါတယ်။
အဲဒီအပြင် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြသလို အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အာရက္ခတပ်တော်လုံခြုံရေးတပ်စခန်းတွေကိုလည်း ဝင်ရောက်တိုက်ခိုက်တာ၊ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှ နှောင့်ယှက်ပစ်ခတ်တာ၊ ရန်စပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှိတ်ခ်ဟာစီနာအစိုးရ လူယုံဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေး ထောက်လှမ်းရေးအရာရှိတချို့က ထောက်ပံ့ကူညီအားပေးနေတယ်လို့ ဘင်္ဂလားဒေ့ရ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီလိုထောက်ပံ့ကူညီအားပေးနေကြတာဟာ ဒေါက်တာယူနွတ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရကို အခက်အခဲတွေတွေ့စေပြီး ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ အကြမ်းဖက်သမားတွေကို မွေးထုတ်အားပေးနေသူအဖြစ် နိုင်ငံတကာမှာပုံရိပ်ကျဆင်းအောင် ပြုလုပ်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ မူးယစ်ဆေးဝါးလုပ်တာတွေ၊ လူကုန်ကူးမှုတာတွေ၊ ပြန်ပေးဆွဲငွေညှစ်တာတွေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှိတ်ခ်ဟာစီနာအစိုးရ လူယုံဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား လုံခြုံရေးထောက်လှမ်းရေးအရာရှိတချို့ဟာ ငွေကြေးဝေစုတွေ အများကြီးရနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အကြမ်းဖက်သမားတွေကို အားပေးကူညီနေကြပြီး အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်နေကြသူတွေကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ဖမ်းဆီးစစ်ဆေးအရေးမယူပေးရင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အချက်အလက်အထောက်အထားတွေပေးပို့တိုင်းကြားပြီး နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေးအရ အရေးယူပေးကြဖို့တိုင်ကြားသင့်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။






