Border News Agency
ကော့ဘဇား၊ အောက်တိုဘာ ၁၂။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် အကြမ်းဖက်အားပေးအကျင့်ပျက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေကို အမြန်ဆုံးထိန်းကျောင်းပေးရန်နဲ့ ထိရောက်စွာအရေးယူပေးပါဖို့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ထပ်မံတိုက်တွန်းတောင်းဆိုနေပါတယ်။
အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် အကြမ်းဖက်အဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော်စစ်ရေးလှုပ်ရှားမှု ၊အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၁ ရက်၊ မနေ့က ထုတ်ပြန်ချက်မှာတောင်းဆိုထားတာပါ။
အဲဒီရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေဆီက အာရက္ခတပ်တော်သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေဟာ စစ်ကော်မရှင်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေ အသုံးပြုနေတဲ့လက်နက်ခဲယမ်းတွေဖြစ်တယ်လို့ အာရက္ခတပ်တော်က ဆိုကြပါတယ်။
အဲဒီလက်နက်ခဲယမ်းတွေဟာ စစ်ကော်မရှင်နဲ့ အိမ်နီးနားချင်းတဖက်နိုင်ငံမှ အစွန်းရောက်စစ်သွေးကြွဝါဒ အားပေးအားမြှောက်ပြုနေတဲ့အကျင့်ပျက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့မှ ငွေကြေးရယူပြီးရောင်းပေးတာ၊ ထောက်ပံ့ပေးထားတာဖြစ်နိုင်တယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။
အဲဒီအပြင် စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေ ပြုလုပ်နေတဲ့စစ်ရေးလှုပ်ရှားမှု၊ စစ်ဆင်ရေးတွေမှာ စစ်ကော်မရှင်နဲ့လက်ဝါးချင်းရိုက်ကာ ဟန်ချက်ညီဆောင်ရွက်နေတဲ့ အပေးအယူတခုလည်းဖြစ်နိုင်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
နောက်ပြီး အကျင့်ပျက်ဘင်္ဂလားနယ်ခြားစောင့်တပ်တချို့နဲ့ စစ်ဘက်အရာရှိတချိုရဲ့ ကူညီပံ့ပိုးပေးမှုတွေပါဝင်နေပြီး သုံးပွင့်ဆိုင်တိုက်ခိုက်မှုမျိုးလည်းဖြစ်နိုင်တယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
အဲဒီအကျင့်ပျက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိ၊ တပ်ဖွဲ့ဝင်တချို့ဟာ အစွန်းရောက်စစ်သွေးကြွဝါဒကို အားပေးအားမြှောက်ပြုနေကြသလို အာရက္ခတပ်တော်က တိုက်ခိုက်ရှင်းလင်းလို့ ဒဏ်ရာရ၊ ကျဆုံးအလောင်းတွေကို ဝိုင်းကူထမ်းပို့ပေးတာ၊ ဆေးဝါးကုသပေးတာ၊ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ထောက်ပို့ပေးနေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအပြင် အကြမ်းဖက်အဖွဲ့တွေအပေါ် ဦးဆောင်မှုပေးပြီး လုံခြုံရေးယူပေးတာ၊ ဝေဟင်ကင်းထောက်ပေးတာ၊ ရေဒါစနစ်တွေကိုအသုံးပြုပြီး စစ်ရေးဆိုင်ရာအချက်အလက်တွေ ပံ့ပိုးကူညီပေးတာတွေပြုလုပ်ပေးပြီး အကြမ်းဖက်အဖွဲ့တွေနဲ့အတူ သွယ်ဝိုက်တိုက်ပွဲဝင်နေတယ်လို့ အာရက္ခတပ်တော်က ထောက်ပြပါတယ်။
ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှိတ်ခ်ဟာစီနာအစိုးရလူယုံ ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေး ထောက်လှမ်းရေးအရာရှိတချို့က ထောက်ပံ့ကူညီအားပေးနေတယ်လို့ ဘင်္ဂလားဒေ့ရ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီလိုထောက်ပံ့ကူညီအားပေးနေကြတာဟာ ဒေါက်တာယူနွတ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရကို အခက်အခဲတွေတွေ့စေပြီး ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ အကြမ်းဖက်သမားတွေကို မွေးထုတ်အားပေးနေသူအဖြစ် နိုင်ငံတကာမှာပုံရိပ်ကျဆင်းအောင် ပြုလုပ်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ မူးယစ်ဆေးဝါးလုပ်တာတွေ၊ လူကုန်ကူးမှုတာတွေ၊ ပြန်ပေးဆွဲငွေညှစ်တာတွေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှိတ်ခ်ဟာစီနာအစိုးရလူယုံ ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား လုံခြုံရေးထောက်လှမ်းရေးအရာရှိတချို့ဟာ ငွေကြေးဝေစုတွေအများကြီးရနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒါကြောင့် နှစ်ဖက်တင်းမာမှုတွေ ထက်မြင့်မားမလာစေရန်အတွက် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရမှ အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ အာရက္ခဒေသအတွင်းသို့ ဝင်ရောက်စစ်ရေးလှုပ်ရှားနေမှုတွေကို အမြန်ဆုံးဟန့်တားပေးဖို့ အာရက္ခတပ်တော်တိုက်တွန်းထားပါတယ်။
အဲဒီအပြင် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အကျင့်ပျက်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေကို အမြန်ဆုံးထိန်းကျောင်းပေးပြီး ထိရောက်စွာအရေးယူပေးဖို့ အာရက္ခတပ်တော်က ထပ်မံတောင်းဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ အရေးယူထိန်းကျောင်းမှုမရှိဘဲ အရင်အတိုင်းဆက်လွှတ်ပေးထားမယ်ဆိုရင် နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုကို ဆိုးဝါးစွာထိခိုက်လာစေနိုင်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရမှ မထိန်းကျောင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာလည်း အကြမ်းဖက်အားပေးသူတွေ အင်အားကြီးခဲ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသာမက နယ်စပ်နဲ့အာဆီယံဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးကိုလည်း အကြမ်းဖက်အန္တရာယ်နဲ့အတူ ခြိမ်းခြောက်လာနိုင်တယ်လို့ အာရက္ခတပ်တော်က ထပ်မံထောက်ပြထားပါတယ်။
အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအကြောင်းကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ထုတ်ပြန်ထားပါတယ်။
အဲဒီမှာအစွန်းရောက်စစ်သွေးကြွဝါဒ အားပေးအကျင့်ပျက်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အရာရှိတချို့နဲ့ စစ်သွေးကြွလှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြသူတချို့ကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ အမြန်ဆုံးဖော်ထုတ်အရေးယူသင့်တဲ့အချက်တွေကို နှစ်ဖက်ပြဿနာမဖြစ်အောင် အချိန်မီထိန်းသိမ်းသင့်တယ်လို့ အသိပေးထားပါတယ်။