Border News Agency
ရွာငံ၊ အောက်တိုဘာ ၁၆။
ရှမ်းပြည်တောင်ပိုင်း၊ သာစည်မြို့နယ်က ရှစ်နှစ်အရွယ်အမျိုးသမီးငယ်တဦးအပါအဝင်အရပ်သားငါးဦးကိုစစ်ကော်မရှင်တပ်ဖမ်းဆီးထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ အောက်တိုဘာ လ ၁၆ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ရဲ့ကလောအခြေစိုက်ခြေ မြန်တပ်မ ၅၅ နဲ့မိတ္ထီလာအခြေစိုက်ခြေမြန်တပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့ဝင်ငါးရာခန့်ဟာ ပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးအပတ်က ရွာငံမြို့နယ်နဲ့ သာစည်မြို့နယ်ကကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုနယ်မြေရှင်းလင်းရေးတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျောက်တောကျေးရွာအနီးရှိတောင်ကုန်းတွေနဲ့တောတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၅ ရ က်နေ့က သွားရောက်ခဲ့ပြီး အရပ်သားတွေပုန်းခိုနေတဲ့ဂူတခုကိုတွေ့ကာလူခြောက်ဥိီးကိုဖမ်းဆီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသာစည်မြို့နယ်၊ဖိုးသနိုင်ကျေးရွာမှ အသက်ရှစ်နှစ်အရွယ်မပွင့်ပွင့်၊ အသက်သုံးဆယ်ငါးနှစ်အရွယ်ဒေါ်တင်မိုးလှိုင်၊ အသက်ငါးဆယ်လေးနှစ်အရွယ်ဦးမောင်မြင့်နဲ့ ကျောက်တောကျေးရွာမှ အသက်ငါးဆယ်တနှစ်အရွယ်ဒေါ်ခင်ညိုမြင့်၊ အသက်ငါးဆယ်သုံးနှစ်အရွယ် ဦးသန်းလှိုင်ကို မိတ္ထီလာသို့ ဖမ်းခေါ်သွားတယ်လို့ဆိုပါတယ်။
အဲဒီညောင်ပင်သာနဲ့ကျောက်တောကျေးရွာမှရွာသားတွေခိုလှုံနေတဲ့တောထဲရှိ စစ်ဘေးရှောင်စခန်းမှာပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းလိုမြေပြိုမှုဖြစ်ပွားခဲ့ရာမှာ ကလေးသုံးဦးအပါအဝင်ဆယ်ဦးသေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ နောက်ဆုံးအပတ်မှာ တောထဲရှိနေရပ်စွန့် ခွာနေရတဲ့ ကျောက်တောရွာသားတွေရဲ့ယာယီတဲငါးလုံးကိုလည်းဖျက် ဆီးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ခုလက်ရှိမှာကျောက်တောနဲ့ညောင်ပင်သာကျေးရွာတွေမှာတပ်စွဲထားဆဲဖြစ်တာကြောင့် နေရပ်စွန့်ခွာအရပ်သားငါးရာနီးပါးဟာ နေရပ်ပြန်ဖို့စိုးရိမ်ကြောက်လန့်နေကြရတာမို့ တောတောင်တွေမှာ ဆက်ပြီးနေနေကြရတယ်လို့ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအတွက်လည်းအစားအသောက်နဲ့အမိုးအကာအပါအ ဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။






