Border News Agency
မောင်တော၊ အောက်တိုဘာ ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေတဖက်ပြတ်သွားခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်က အသက်နှစ်ဆယ်ငါးနှစ်အရွယ် ကိုဇော်လာဟာ အောက်တိုဘာလ ၁၈ ရက်၊ ဒီနေ့ မနက် ၉ နာရီကျော်အချိန်ခန့်က မယူတောင်ထဲအနီးမှာ မြေမြုပ်မိုင်းနင်းမိခဲ့တာပါ။
အဲဒီမြေမြုပ်မိုင်းနင်းမိလို့ ကိုဇော်လာမှာ ညာဘက်ခြေထောက်ခြေချင်းဝတ်နားကမှ ပြတ်ထွက်သွားခဲ့ပြီး ဘယ်ခြေထောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုကြပါတယ်။
သူ့ကို ဆေးကုသမှုခံယူဖို့ ဆေးရုံကိုပို့ဆောင်ထားရတယ်လို့လည်း ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ဂြစ်ချောင်းကျေးရွာက အသက်နှစ်ဆယ့်တနှစ်အရွယ် မောင်ရွှေဟန်လည်း စက်တင်ဘာလ ၂၄ရက်နေ့က မယူတောင်အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ ညာခြေထောက်ခြေချင်းဝတ်က ပြတ်သွားခဲ့ပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာက အမျိုးသားတဦးလည်း မေလ ၁ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်တဖက်ပြတ်သွားခဲ့ပါတယ်။
နောက်ပြီး မောင်တောမြို့နယ်၊ ရေနောက်ငါးသားကျေးရွာက အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးဟာ မေလ ၁၀ ရက်နေ့က ကျေးရွာအနီးတောင်သို့ ဟင်းရှာရန်သွားချိန် မြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်တဖက်ပြတ်သွားခဲ့ပါတယ်။
အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့မြို့နယ်တွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ၊ တောတောင်တွေ၊ လမ်းဘေးနေရာတွေ၊ လူသူအရောက်နည်းပါးတဲ့နေရာတွေမှာ မိုင်းရှင်းလင်းတာတွေ၊ မိုင်းအသိပညာပေးတာတွေ၊ အသိပညာပေးဆိုင်းဘိုးတွေကပ်တာတွေ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ၊ မိုင်းအသိပညာပေးတွေ ဆက်တိုင်းပြုလုပ်နေပါတယ်။






