Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂၇။
အာဆီယံထပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်လိုက်ပါတယ်။
မြန်မာ့နိုင်ငံအရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကော်မရှင်တပ်က အကောင်အထည်မဖော်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး အောက်တို
ဘာလ၂၆ ရက်နေ့ က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေသာမက အာဆီယံရဲ့နောက်ဆက်တွဲအစည်းအဝေးတွေမှာပါ တက်ရောက်ခွင့်မပြုဘဲ နိုင်ငံရေးမပါတဲ့ ကိုယ်စားလှယ်တွေကိုသာ တက်ခွင့်ပြုမယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို AHA Centre ကနေတဆင့် နယ်စပ်ဖြတ်ကျော်အစီအစဉ်တွေအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ခွဲခြားမှုမရှိဘဲထိရောက်စွာရောက်ရှိရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် သံတမန်ရေးရာကြိုးပမ်းမှုတွေအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ဟာ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေ၊ ကုလသမဂ္ဂတွေနဲ့လည်း ပိုပြီးနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။






