Border News Agency
တနင်္သာရီ၊ အောက်တိုဘာ ၃၀။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက အောက်တိုဘာလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနကွပ်ကဲမှူအောက်ရှိ နည်းဗျူဟာ ၃၃ ၊ ဒေါနတပ်ရင်းတပ်ခွဲ – ၄(KBDF)၊ ဒေါနတပ်ရင်းတပ်ခွဲ – ၇ (LPF)နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ထားဝယ်ခရိုင်တပ်ပေါင်းစု၊ D.N.L.A ဓူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ်တပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်နှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားသလို တချို့လည်းစခန်းထွက်ခွာထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှ Uzi အမျိုးအစားသေနတ်ခြောက်လက်၊G3 အမျိုးအစားသေနတ် ခုနှစ်လက်၊ Shot Gun/Smoke gunနှစ်လက်၊ကွန်မန်ဒိုစိန်ပြောင်းနှစ်လက်၊ ခြောက်လုံးပြူးလေးလက်၊ စုစုပေါင်းလက်နက်မျိုးစုံနှစ်ဆယ့်တလက်၊ jampar စက်နှစ်လုံးနဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ မောင်းမကန်ရဲစခန်းအားအောက်တိုဘာလ ၂၆ ရက်၊ မနက် ၅ နာရီ ၃၀ မိနစ်မှာ စတင်တိုက် ခိုက်ခဲ့ပြီး ၉ နာရီ ၃၀ မိနစ်မှာ အပြီး သတ်သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ဆိုပါတယ်။






