Border News Agency
တအာင်းပြည်၊ နိုဝင်ဘာလ ၁။
တအာင်းပြည်မှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ အောက်တိုဘာလအတွင်း သံဃာတော်အပါအဝင် အရပ်သားလေးဆယ်ကိုးဦးသေဆုံးပြီး ခုနှစ်ဆယ်တဦး ဒဏ်ရာရခဲ့ပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့မှာထုတ်ပြန်တာပါ။
စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ သေဆုံးခဲ့သူလေးဆယ်ကိုးဦးထဲမှာ သံဃာတော်နှစ်ပါး၊ ကလေးသူငယ်ဆယ်ဦး၊ အမျိုးသားဆယ့်ခြောက်ဦးနဲ့ အမျိုးသမီးနှစ်ဆယ်တဦးပါဝင်ပါတယ်။
အဲဒီအပြင် ခုနှစ်ဆယ်တဦးဒဏ်ရာရခဲ့ကြပြီး သံဃာတော်ခြောက်ပါး၊ ကလေးသူငယ်နှစ်ဆယ်ခြောက်ဦး၊ အမျိုးသားနှစ်ဆယ်ဦးနဲ့ အမျိုးသမီးဆယ့်ကိုးဦး ပါဝင်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တရာခုနှစ်ဆယ်ငါးအိမ်၊ စာသင်ကျောင်းငါးကျောင်း၊ ဘုန်းကြီးကျောင်းခုနှစ်ကျောင်း၊ ကျောင်းဆောင်ကိုးဆောင်၊ အဆောက်အဦခြောက်ခု၊ မွေးမြူရေးခြံနှစ်ခြံ၊ ဆိုင်ခန်းငါးခန်း၊ လက်ဖက်စက်ရုံတရုံ၊ ဆိုင်ကယ်လေးစီးနဲ့ ကားဆယ်စီးပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီအထဲက နမ့်ဆန်မြို့နယ်မှာသေဆုံး၊ ဒဏ်ရာရရှိသူအများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုခြောက်ကြိမ်ရှိခဲ့လို့ ကလေးနှစ်ဦး၊ အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးကိုးဦးသေဆုံးခဲ့ပါတယ်။
အဲဒီအပြင်ကလေးကိုးဦး၊ အမျိုးသားခြောက်ဦးနဲ့အမျိုးသမီးလေးဦးဒဏ်ရာရခဲ့သလို နေအိမ်ခြောက်ဆယ်နှစ်အိမ်အပါအဝင် အများအပြားပျက်စီးခဲ့ပါတယ်။
မိုင်းလုံမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ရှိခဲ့လို့ သံဃာတော်နှစ်ပါး၊ ကလေးသုံးဦး၊ အမျိုးသားငါးဦးနဲ့အမျိုးသမီး ငါးဦး၊ စုစုပေါင်းဆယ့်ငါးဦး သေဆုံးခဲ့ပြီး သံဃာတော်လေးပါးအပါအဝင် ကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။
ကျောက်မဲ၊နမ္မတူ၊ မန်တုံ၊ သီပေါ၊ မိုင်းငေါ့၊ မိုးကုတ်၊ မိုးမိတ်စတဲ့မြို့နယ်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ၊ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။






