Border News Agency
စစ်တွေ၊ နိုင်ဝင်ဘာ ၁။
စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်လွှတ်တော်အတွက်ကိုယ်စားလှယ်ခြောက်ဆယ်ငါးဦးဝင်ပြိုင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
အဲဒီရခိုင်ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းတွေကို အချိုးကျကိုယ်စားပြုစနစ်နဲ့ မဲအများဆုံးရသူအနိုင်ယူစနစ်စတဲ့မဲစနစ်နှစ်ခုပြုလုပ်ပါမယ်။
ရခိုင်ပြည်နယ်လွှတ်တော်အချိုးကျကိုယ်စားပြုစနစ်မှာ ကိုယ်စားလှယ်လောင်းလေးဆယ်လေးဦးနဲ့ မဲအများဆုံးရသူအနိုင်ယူစနစ်မှာ နှစ်ဆယ့်တဦးဝင်ပြိုင်ပါမယ်။
အဲဒီအချိုးကျကိုယ်စားပြုမှာ မဲဆန္ဒနယ် ၁ နဲ့မဲဆန္ဒနယ် ၂ ဆိုပြီး ၂ ခုသတ်မှတ်ထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီရခိုင်တိုင်းရင်းသားများပါတီစတဲ့သုံးပါတီဝင်ပြိုင်မှာပါ။
အဲဒီမဲဆန္ဒနယ်အမှတ် ၁ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းဆယ်ဦး၊ ရခိုင့်ဦးဆောင်ပါတီက ကိုယ်စားလှယ်လောင်းဆယ်ဦး၊ ရခိုင်တိုင်းရင်းသားများပါတီကကိုယ်စားလှယ်လောင်းခြောက်ဦး၊စုစုပေါင်းနှစ်ဆယ်ခြောက်ဦးဝင်ပြိုင်ကြမှာပါ။
အဲဒီအပြင်မဲဆန္ဒနယ်အမှတ် ၂ မှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းခုနှစ်ဦး၊ ရခိုင့်ဦးဆောင်ပါတီက ကိုယ်စားလှယ်လောင်းခုနှစ်ဦး၊ ရခိုင်တိုင်းရင်းသားများပါတီကကိုယ်စားလှယ်လောင်းလေးဦး၊စုစုပေါင်းဆယ့်ရှစ်ဦးဝင်ပြိုင်ကြမှာပါ။
စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက် ပွဲအတွင်း ရခိုင်ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်မှာ နှစ်ဆယ်တဦးဝင်ပြိုင်ပါမယ်။
အဲဒီရခိုင်ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်ကို ကျောက်ဖြူ၊စစ်တွေ၊တောင်ကုတ်၊မာန်အောင်၊ဂွ၊သံတွဲ၊အမ်း စတဲ့မြို့နယ်တွေမှာ ပြုလုပ်မှာပါ။
အဲဒီခုနှစ်မြို့နယ်မှာ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီစတဲ့သုံးပါတီကသာ တမြို့နယ်ကိုယ်စားလှယ်တဦးဝင်ပြိုင်ကြမှာပါ။
အဲဲဒီရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာ လ ၂၈ ရက်နေ့ပြုလုပ်မှာဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွစတဲ့လေးမြို့နယ်မှာလည်း ပြုလုပ်မယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ထားပါတယ်။
ရခိုင်မှာတဆယ့်ခုနှစ်မြို့နယ်ရှိပြီး အာရက္ခတပ်တော်ကတဆယ့်လေးမြို့နယ်ကိုထိန်းချုပ်ထားသလို ခုနှစ်မြို့နယ်မှာသာရွေးကောက်ပွဲပြုလုပ်မှာမို့ဆယ်မြို့နယ်မှာရွေးကောက်ပွဲမလုပ်နိုင်တာပါ။
ရခိုင်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီ၊ရခိုင့်ရှေ့ဆောင်ပါတီ ရှိကြပါတယ်။






