Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၁၇။
မြန်မာနိုင်ငံတဝှမ်း မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့လက်နက်ခဲယမ်း (ERW)အန္တရာယ်တွေကြောင့် နေ့စဉ်အရပ်သားနှစ်ဦးသေဆုံး၊ ဒဏ်ရာနေကြတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး(UNOCHA)က နိုဝင်ဘာလ ၁၇ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားနှစ်ဦးဟာ နေစဉ်မြေမြှုပ်မိုင်းသို့မဟုတ် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် ထိခိုက်ဒဏ်ရာရနေတာကို တွေ့ရတယ်လို့ဆိုပါတယ်။
အဲဒီအခြေနေဟာ စိုးရိမ်ဖွယ်ရာအဆင့်ရောက်နေပြီး ပြည်သူ့လုံခြုံရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေသလို လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အဆိုးဆုံးသက်ရောက်မှုဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီထိခိုက်မှုနှုန်းအန္တရာယ်လျှော့ချရေးတွေကို အရှိန်မြှင့်ဖို့လိုအပ်နေတာကို မီးမောင်းထိုးပြနေတယ်လို့ဆိုပါတယ်။
အန္တရာယ်ရှိတဲ့နေရာတွေမှာ သတိထားသွားလာနိုင်ဖို့အတွက် အသိပညာပေးတာ၊ မိုင်းရှင်းလင်းရေးတွေ၊ လုံခြုံရေးနဲ့လူသားချင်းစာနာမှု အကူအညီတွေပေး အပ်နိုင်ဖို့အတွက် မိုင်းထောင်ထားတဲ့နေရာတွေကို အမြန်ဆုံးရှင်းလင်းဖယ်ရှားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတဝှမ်းရှိ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူ သုံးဒသမခြောက်သန်းနီးပါးဟာ မိုင်းအန္တရာယ်ကိုပိုပြီး ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
သူတို့တွေဟာ မလုံခြုံတဲ့နေရာတွေ သို့မဟုတ် မိုင်းထောင်ထားနိုင်တဲ့နေရာတွေကတဆင့် ခရီးသွားလာရတာကြောင့် အန္တရာယ်ပိုများလာတာလို့လည်း ဆိုပါတယ်။
အဲဒီအပြင် ၂၀၂၅ ခုနှစ်၊ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ်အတွက် ရန်ပုံငွေဟာ လိုအပ်ချက်ရဲ့ဆယ့်ငါးရာခိုင်နှုန်းသာရရှိထားတာမို့ မိုင်းအန္တရာယ်လျှော့ချရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အဟန့်အတားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။






