Border News Agency
နေပြည်တော်၊ ဒီဇင်ဘာ ၁၀။
ဒီဇင်ဘာလ ၁၀ ရက်၊ ဒီနေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ သားဖြစ်သူကိုထိန်းလင်းကတောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်မှာ ခုအချိန်ထိလူ့ဂုဏ်သိက္ခာ၊ အမှန်တရား၊ တရားမျှတမှုတွေကို အကြမ်းဖက်အာဏာရှင်ကနေ့စဉ်ချိုးဖျက်နေတယ်လို့ဆိုပါတယ်။
ခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အထီးကျန်စွာမတရားချုပ်နှောင်ခံထားနေရဆဲဖြစ်ပြီး လူတိုင်းရရှိသင့်တဲ့အခြေခံအခွင့်အရေးတွေကန့်သတ်ခံနေရဆဲဖြစ်တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။
“ကျနော့်မေမေဒေါ်အောင်ဆန်းစုကြည်ဟာ အထီးကျန်စွာနဲ့မတရားချုပ်နှောင်ခံနေရဆဲ၊ လူတိုင်းရရှိသင့်တဲ့အခြေခံအခွင့်အရေးတွေ ကန့်သတ်ခံနေရဆဲဖြစ်ပါတယ်။”လို့ဆိုပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကျောင်းတက်နေတဲ့ကလေးတွေကိုလည်းသတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေဖမ်းဆီးနှိပ်စက်ခံနေရတာ၊ ကျောင်းတက်နေတဲ့ကလေးငယ်တွေ သတ်ဖြတ်ခံနေရတာ ပြည်သူတွေဟာကြောက်ရွံ့စွာနေထိုင်ရဆဲဖြစ်တဲ့အခြေအနေဖြစ်တယ်” ။လို့ ကိုထိန်လင်းက ဆိုပါတယ်။
စစ်အာဏာရှင်တွေဟာ မြန်မာပြည်သူတွေရဲ့စိတ်ဓာတ်တွေကို ချိုးနှိမ်လို့မရဘဲ နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့မျှော်လင့်ချက်တွေကို လွှတ်မချခဲ့ဘူးလို့လည်းဆိုပါတယ်။
အဲဒီအပြင် မိဘတွေကလည်းသူတို့ရဲ့ကလေးတွေကို ကာကွယ်နေဆဲဖြစ်ပြီး လူငယ်တွေဟာသူတို့ရဲ့အနာဂတ်ကောင်းတခုကို အိပ်မက်မက်နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မတရားဖမ်းဆီးခံထားရသူ စုစုပေါင်း ၃၀,၀၉၉ ဦးရှိပြီး ထိန်းသိမ်းခံနေရသူ ၂၂,၆၈၅ ဦး၊ မတရားထောင်ချခံထားရသူ ၁၁, ၄၁၉ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၉ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။






