Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၁၃။
စစ်ကော်မရှင်တပ်လေကြောင်းကပစ်ခတ်တိုက်ခိုက်လို့ သုံးရက်အတွင်း အရပ်သားလေးဆယ့်တဦးသေဆုံးပြီး ရှစ်ဆယ့်ခြောက်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃၃ ဦးသေဆုံးပြီး ၇၆ ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် အမျိုးသား ဆယ့်ခြောက်ယောက်နဲ့အမျိုးသမီး ဆယ့်ခုနှစ်ယောက်သေဆုံးသွားခဲ့ပြီး စုစုပေါင်း ခုနှစ်ဆယ့်ခြောက်ဦးပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲ့ဒီစစ်ကော်မရှင်တပ်ဟာ မြောက်ဦးမြို့ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ရည်ရွယ်ချက်ရှိရှိလေကြောင်းကနေ ပေါင်ငါးရာဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီအပြင် ကျောက်ဖြူမြို့နယ်၊ င/လုံးစုရွာအတွင်းကိုလည်း ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ည ၇နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ကျား၊ မ စုစုပေါင်း ရှစ်ယောက်သေဆုံးသွားခဲ့ပြီး ကျား၊ မ စုစုပေါင်း ဆယ်ယောက်ဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော်ကထုတ်ပြန်တယ်။
နောက်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောသုံးမြို့နယ်ကိုလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညက စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ကထုတ်ပြန်ပါတယ်။
အဲ့ဒီမြောက်ဦးမြို့နယ်ရှိ အမှတ် ၃၁ ရဲတပ်ရင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာဝန်းကျင်၊ ပေါက်တောမြို့နယ်၊ သဲခုံရွာဝန်းကျင်ကို လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နေမြေမှ အရပ်သားပြည်သူတွေကို နေ့စဉ်ရက်ဆက်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဟာ အာရက္ခဒေသအပါအဝင် မြန်မာတနိုင်ငံလုံးမှာအရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတာကို နိုင်ငံတကာနဲ့ကမ္ဘာ့နိုင်ငံကြီးတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေက အရေးယူပေးဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ကတောင်းဆိုထားပါတယ်။





