Border News Agency
နေပြည်တော်၊ ဒီဇင်ဘာ ၁၃။
မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကို သွေးသစ်လောင်းဖို့အတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All – in – One Piece ကိုစတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။
အဲဒီ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All – in – One Piece ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်း (Kim Aris)က ဦးဆောင်ပြီးပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံတွင်းက သန်းပေါင်းများစွာသော ပြည်သူတွေဆက်လက်ရင်ဆိုင်ခံစားနေရတဲ့ အကြမ်းဖက်ခံရမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ဖိနှိပ်ခံရမှု စတဲ့ဒုက္ခတွေကို ထင်ဟပ်စေပါတယ်။
ဒါကြောင့် အခုလိုအရေးကြီးတဲ့အချိန်မှာ တက်ညီလက်ညီရှိဖို့ မရှိမဖြစ်လိုအပ်ပါတယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။
“ ဒီတိုက်ပွဲကအချိန်အတော်ကြာနေပါပြီ။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်ပေါင်းစည်းနိုင်ရင် ပိုပြီးမြန်မြန်အနိုင်ရ နိုင်မှာပါ။ အားလုံး အတူတကွရပ်တည်တဲ့အခါ ပြိုကွဲဖို့ခက်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ဒီတိုက်ပွဲရဲ့အစိတ်အပိုင်းလေးတွေပါ။ ” လို့ ကိုထိန်လင်းကဆိုပါတယ်။
နိုင်ငံတကာအစိုးရတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ သံတမန်ရေးအရ ဖိအားတိုးမြှင့်ပေးဖို့၊ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေအလေးထား ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းသောဖြေရှင်းနည်းတွေကို ထောက်ခံပေးဖို့လည်း တိုက်တွန်းထားပါတယ်။






