Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဒီဇင်ဘာ ၁၄။
မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ရှုတ်ချတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ရခိုင်ရှိဆေးရုံကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်ကရှုတ်ချပြီး အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေချိုးဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာကို စိုးရိမ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်းနဲ့ထိခိုက်ခဲ့ရသူတွေအတွက်လည်း စာနာတယ်လို့ဆိုပါတယ်။
အဲဒီအပြင် အရပ်သားတွေနဲ့အရပ်ဘက်အဆောက်အအုံတွေကို အကာအကွယ်ပေးဖို့အရေးကြီးတယ်လို့လည်းဆိုပါတယ်။
ရိုဟင်ဂျာနဲ့ ရခိုင်အပါအဝင် လူမျိုးစုအားလုံးကို အကြမ်းဖက်မှုတွေမှကင်းလွတ်စေရမယ်လို့လည်းဆိုပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဆယ်သုံးဦးသေဆုံးပြီး ခုနှစ်ဆယ်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နေမြေရှိ အရပ်သားပြည်သူတွေကို စစ်ကော်မရှင်တပ်နေ့စဉ်ရက်ဆက်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုကြပါတယ်။
အာရက္ခဒေသအပါအဝင် မြန်မာတနိုင်ငံလုံးရှိအရပ်သားပြည်သူတွေအပေါ် စစ်ကော်မရှင်တပ်က အကြမ်းဖက်မှုတွေကျူးလွန်နေတာကို နိုင်ငံတကာနဲ့ကမ္ဘာ့နိုင်ငံကြီးတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေက အရေးယူပေးဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်တောင်းဆိုထားပါတယ်။
အဲဒီမြောက်ဦးဆေးရုံကို စစ်ကော်မရှင်တပ်လေကြောင့်တိုက်ခိုက်ခဲ့လို့ ပြည်သူတွေသေဆုံးဒဏ်ရာရခဲ့ကြတာမို့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်ရှုပ်ချနေကြပါတယ်။






