Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၁၅။
ဆေးရုံသုံးပစ္စည်းတွေ၊ ဆေးဝါးတွေအရေးပေါ်လိုအပ်နေတာမို့ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ ရက္ခိုင်အမျ်ိုးသားအဖွဲ့ချုပ်က ဒီဇင်ဘာလ ၁၄ ရက်၊ မနေ့ကအကူအညီတောင်းခံထားပါတယ်။
အဲဒီမြောက်ဦးမြို့ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဆယ်သုံးဦးသေဆုံးပြီး ခုနှစ်ဆ ယ်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် မြောက်ဦးဆေးရုံကြီးရဲ့ ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ကုသဆောင်၊ ခွဲစိတ်ခန်းမ၊ အရိုးဆောင်၊ ဆေးဂိုဒေါင်၊ ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ယာတွေအပါအဝင် ဆေးရုံတခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။
စစ်ပွဲသုံးနှစ်တာကာလအတွင်း စစ်ကော်မရှင်နဲ့အာရက္ခတပ်တော်အကြား ထိန်းချုပ်ဧရိယာအပြောင်းအလဲတွေဖြစ်ပွားခဲ့ပြီး မြောက်ဦးဆေးရုံဟာ အာရက္ခတပြည်လုံးရဲ့အားကိုး၊ အားထားရာဆေးရုံ(Tertiary Hospital)ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် မြောက်ဦးပြည်သူ့ဆေးရုံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလုံးဝရပ်တန့်ခဲပြီး ဝေဒနာရှင်လူနာတွေအခက်အခဲများစွာရှိနေကြရသလို အချိန်မှီဆေးကုသခွင့်မရသေးတာကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုတွေကြုံတွေ့နေရတယ်လို့လည်းဆိုပါတယ်။
အဲဒီမြောက်ဦးပြည်သူ့ဆေးရုံဟာ စစ်ပွဲမစတင်ခင်က အရပ်ဖက်ဆေးရုံအဖြစ်ရှိနေခဲ့ပြီး အာရက္ခတပ်တော်မှမြောက်ဦးမြို့ကိုထိန်းချုပ်ပြီးနောက်မှာလည်း စစ်ဖက်ဆိုင်ရာဝန်ထမ်း၊ စစ်ဖက်ဆိုင်ရာလူနာတွေနဲ့ရောထွေးပတ်သက်မှုမရှိဘဲ အရပ်သားစေတနာ့ဆေးဝန်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဋ္ဌာနရဲ့ အုပ်ချုပ်မှုအောက်တွင်လည်ပတ်နေတဲ့ ပြည်သူ့အကျိုးပြုအရပ်ဖက်ဆေးရုံတခုသာ ဖြစ်တယ်လို့ဆိုပါတယ်။
အာရက္ခပြည်တွင်းသို့ ဆေးဝါးကိရိယာပို့ဆောင်တင်သွင်းခွင့်နဲ့ ပြည်မဖက်သို့ထွက်ခွာဆေးကုသတာတွေကို စစ်ကော်မရှင်တပ်ပိတ်ပင်ပြီးနောက် အာရက္ခပြည်သူရောဂါဝေဒနာရှင်တွေ အသက်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင်ချို့တဲ့တဲလူ့အရင်းအမြစ်၊ ပစ္စည်းကိရိယာ၊ ဆေးဝါး၊ အထောက်အပံ့တွေကြားမှ ဆေးဝန်ထမ်းတွေရဲ့သမားကောင်း စိတ်ဓာတ်၊ တာဝန်ကျေပွန်တဲ့ ပြည်သူ့ ဝန်ထမ်းစိတ်ဓာတ်တွေကို အရင်းခံကာရပ်တည်ခဲ့တဲ့ဆေးရုံဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်နစနာခဲ့ရသူတွေရဲ့တရားမျှ တမှုရရှိရေးအတွက် ဆက်ပူးပေါင်းကူညီပေးကြဖို့နဲ့ အရေးပေါ်လိုအပ်နေတဲ့ဆေးရုံသုံးပစ္စည်းတွေနဲ့ ဆေးဝါးတွေအတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ အကူအညီတောင်းဆိုထားပါတယ်။
ရက္ခိုင်အမျ်ိုးသားအဖွဲ့ချုပ်နဲ့ အဖွဲ့အစည်းအပါအဝင် ထိခိုက်နစ်နာခဲ့သူတွေအားလုံးနဲ့တသားတည်း ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ NUG အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေ၊ အာရက္ခဒေသအတွင်းရှိ မူဆလင်အဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။






