Border News Agency
စစ်တွ၊ ဒီဇင်ဘာ ၁၅။
လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရတယ်လို့ အာဏာသိ မ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပါတယ်။
အဲဒီအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီဇင်ဘာလ ၁၅ ရက်၊ ဒီနေ့ကျရောက်တဲ့ ၅၁ နှစ်မြောက် ရခိုင် ပြည်နယ်နေ့သဝဏ်လွှာမှာပြောဆိုထားတာပါ။
အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ခေတ်အဆက်ဆက်လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာနိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားတဲ့အယူအဆတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြတယ်လို့ဆိုပါတယ်။
သူတို့အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ဖို့ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာရှေ့တန်းတင်လာကြတာကို တွေ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် လူငယ်လူရွယ်တွေကို မူးယစ်ဆေးဝါးနဲ့သိမ်းသွင်းမြှူဆွယ်ပြီးစစ်ပွဲအတွင်း အတင်းအဓမ္မရောက်ရှိစေခဲ့ကြတယ်လို့ဆိုပါတယ်။
လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာလမ်းကြောင်းမှန်ပေါ်ရောက်ဖို့လိုတယ်လို့ဆိုပါတယ်။
လက်နက်ကိုင်ပြဿနာတွေကြောင့်ထိခိုက်ဆုံးရှုံးမှုအများဆုံးဟာ ဖွံ့ဖြိုးမှုအားနည်းတဲ့ တိုင်းဒေသကြီးတွေနဲ့ပြည်နယ်တွေကိုသာတွေ့ရတယ်လို့ဆိုပါတယ်။
အဲဒီဒေသတွေကို လွတ်လပ်ရေးမရမီနဲ့ ရပြီးစကတည်းက အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတွေကြောင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် “လဲရာသူခိုးထောင်း” ဆိုသလို ပိုပြီးအခြေအနေဆိုးလာတယ်လို့ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေကို လေ့လာကြည့်ရင် နိုင်ငံရဲ့ဝေးလံလှတဲ့ ကျေးလက်ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှုရှိရင် ဖွံ့ဖြိုးတိုးတက်မှုရှိနေတာကို တွေ့ရတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတပေါကြွယ်ဝတဲ့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ရေခံ၊မြေခံတွေဖြစ်တာမို့ တည်ငြိမ်အေး ချမ်းမှု သာယာမှုရှိလာပါက ခေတ်အဆ က်ဆက်ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာကျေးလက်ဒေသတွေပါမကျန် ဖွံ့ဖြိုးတိုးတက်လာမှာလို့ဆိုပါတယ်။
အဲဒါကြောင့်အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဆင်းရဲဒုက္ခခံစားနေရပြီး ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသခံပြည်သူလူထုရဲ့မျက်နှာကို စာနာထောက်ထားတည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြဖို့လည်းဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေအပြင် လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်တွေကို ခုချိန်ထိ ဖြတ်တောက်ထားပါတယ်။






