Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၂၅။
အာရက္ခဒေသမှာ ဆောင်းခိုဌက်တွေထိန်းသိမ်းဖို့ စည်းကမ်းချက်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
အာရက္ခဒေသရှိမြို့၊ ကျေးရွာတွေမှာ ဆောင်းခိုငှက်တွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာတွေမလုပ်ဖို့ အာရက္ခပြည်သူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်တာဖြစ်ပါတယ်။
အဲဒီဆောင်းခိုငှက်တွေကို ဖမ်းဆီးတာ၊ ပစ်ခတ်တာ၊ သတ်ဖြတ်တာတွေမလုပ်ရ၊ ဆောင်းခိုငှက်တွေအသေဖြစ်စေ၊ အရှင်ဖြစ်စေ မရောင်းရ၊ ဆောင်းခိုငှက်တွေကို ချက်ပြုတ်စားသောက်တာ၊ စားသောက်ဆိုင်တွေမှာ ရောင်းချတာမလုပ်ရ ဆိုပြီးစည်းကမ်းချက်တွေ ထုတ်ပြန်ထားတာပါ။
အဲဒီအပြင် ဆောင်းခိုငှက်တွေရဲ့ ဥတွေကိုရောင်းချတာ၊ စားသောက်တာ၊ ဖျက်ဆီးတာတွေကိုလည်း တားမြစ်ထားပါတယ်။
နောက်ပြီး ဆောင်းခိုငှက်တွေရဲ့ နေထိုင်ရာအသိုက်အမြုံတွေ၊ သဘာဝနေရာတွေဖြစ်တဲ့ ရေကန်၊ မြစ်၊ ချောင်း၊ တောတောင်တွေကို ဖျက်ဆီးတာ၊ အနှောက်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေကို မလုပ်ရလို့ ဆိုပါတယ်။
ဆောင်းခိုငှက်တွေကို ဖမ်းဆီးရာမှာအသုံးပြုတဲ့ ကိရိယာတွေ၊ ထောင်ချောက်၊ ပိုက်ကွန်၊ လျှပ်စစ်ကိရိယာတွေ၊ ဆေးဝါးတွေကိုအသုံးမပြုရဆိုပြီး တားမြစ်ထားပါတယ်။
အဲဒီ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ရင် သက်ဆိုင်ရာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
အာရက္ခပြည်သူတွေအနေနဲ့လည်း အဲဒီစည်းကမ်းချက်တွေကို ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။






