Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ယာဥ်အန္တရာယ်ကင်းရှင်းရေးတွေပြုလုပ်နေသလို မော်တော်ယာဥ်ဥပဒေနဲ့ အရေးယူမှုတွေလည်း ပြုလုပ်နေပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် ဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တားတွေဖော်ဆောင်နေတာပါ။
သူတို့ထိန်းချုပ်မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS)က ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေပြုလုပ်နေသလိုယာဥ်ဥပဒေနဲ့ အရေးယူမှုတွေလည်းပြုလုပ်နေပါတယ်။
ပြည်သူတွေဘေးကင်းဖို့ ယာဉ်တွေကိုစစ်ဆေးနေပြီး ယာဥ်စည်းကမ်းတွေနဲ့ပတ်သက်လို့ လိုက်နာရမယ့်အချက်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေးထုတ်ပြန်ထားပါတယ်။
အဲဒီယာဥ်စည်းကမ်းတွေနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းဖို့နဲ့ မေးသိုင်းကြိုးသေချာတပ်ဖို့၊ ဆိုင်ကယ်တစီးမှာ လူနှစ်ဦးထက်ပိုမစီးဖို့၊ ယာဉ်တစီးမှာရှိသင့်ရှိထိုက်တဲ့အစိတ်အပိုင်းတွေပြည့်စုံဖို့ စတာတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။
အဲဒီစည်းကမ်းဖောက်ဖျက်သူတွေကို ချွေးထွက်ပြစ်ဒဏ်ပေးတာ၊ ဆိုင်ကယ်ကို တရက်သိမ်းပြီးခံဝန်နဲ့ ပြန်လွှတ်တာမျိုးတွေရှိခဲ့ပေမယ့် ပိုပြီးထိထိရောက်ရောက် အရေးယူနေတယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက် ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို မလိုက်နာသူတွေကို မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၈၇ နဲ့ အမှုဖွင့်အရေးယူနေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် လမ်းဆုံလမ်းခွတွေနဲ့ အဝေးပြေးလမ်းမကြီးတွေမှာလည်း သတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားသလို DLEPS တပ်ဖွဲ့ဝင်တွေကလမ်းဆုံတွေမှာ ကိုယ်တိုင်ကိုယ်ကျယာဉ်ကြော ရှင်းလင်းပေးတာမျိုးတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။






