Border News Agency
မောင်တော၊ ဇန်နဝါရီ ၁၁။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဖရဲစိုက်တောင်သူတွေဟာ လမ်းပိတ်ဆို့မှုနဲ့ ကုန်သွယ်ရေးရပ်တန့်မှုတွေကြောင့် ထွက်ရှိလာတဲ့သီးနှံတွေကို ရောင်းချဖို့ဈေးကွက်လိုအပ်နေကြတယ်လို့ တောင်သူတွေကဆိုကြပါတယ်။
အဲဒီဖရဲစိုက်တောင်သူတွေဟာ ဒေသတွင်းဝယ်လိုအားကျဆင်းနေတာကြောင့် ထွက်လာတဲ့ဖရဲသီးတွေဟာ ထိုက်တန်တဲ့ဈေးနှုန်းမရပဲ ဈေးနှိမ်ခံနေရတယ်လို့ ဖရဲစိုက်တောင်သူတွေကဆိုကြပါတယ်။
”ဖရဲသီးအကြီးတလုံးကို လေးထောင်ပဲရပါတယ်။ ကျနော်တို့က တသောင်းကျော်မှန်းထားတာ။ ကားတစီးငှားရင် ငါးသိန်း၊ခြောက်သိန်းပေးရတော့ဒီဈေးနဲ့ဆို ဘယ်လိုမှစီးပွားမဖြစ်ပါဘူး။”လို့ မောင်တောမြို့နယ်ရှိ ဖရဲစိုက်တောင်သူတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီလို ဈေးကွက်မရှိတာအပြင် ပြည်ပမှတင်သွင်းရတဲ့ မျိုးစေ့ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာမို့ စိုက်ပျိုးစရိတ်အတွက်ရင်းနှီးမြှုပ်နှံမှုအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုကြပါတယ်။
”ခုကနိုင်ငံခြားမျိုးစေ့ပဲသုံးနေရတယ်။ မျိုးစေ့ကအရမ်းဈေးကြီးတယ်။ ကိုယ့်ဒေသမျိုးစေ့ကိုဘယ်လိုပြန်အသုံးပြုလို့ရမလဲဆိုတာပဲ ကျနော်တို့လိုချင်တာပါ။”လို့ ဖရဲစိုက်တောင်သူတဦးက ပြောပါတယ်။
အာရက္ခဒေသမှာ စားသုံးသူထက် အထွက်နှုန်းပိုများနေတာမို့ လက်လီရောင်းချဖို့ခက်ခဲနေပြီး ကုန်သည်ကြီးတွေဆီတင်ပို့နိုင်မှသာ အဆင်ပြေမယ်လို့လည်း တောင်သူတွေကဆိုကြပါတယ်။
အဲဒီအပြင် ရေရှည်အတွက်ဒေသတွင်း ကုန်ထုတ်လုပ်မှုစက်ရုံတွေလိုအပ်နေတယ်လို့ စိုက်တောင်သူတွေကဆိုကြပါတယ်။
”ကိုယ့်ဒေသမှာ အဖျော်ရည်စက်ရုံတွေရှိရင် ကျနော်တို့အတွက် ပိုအဆင်ပြေမယ်။ ဈေးကွက်ရှိရင်သုံးထောင်နဲ့ဆိုရင်တောင် ရောင်းနိုင်ပါတယ်။ အဓိကကတော့ စက်မှုဇုန်ရှိရင်တောင်သူတွေအတွက် ဝင်ငွေပိုသေချာလာမှာပါ။”လို့ ဖရဲစိုက်တောင်သူတဦး ကပြောပါတယ်။
အာရက္ခဒေသမှာ စစ်ရေးပဋိပက္ခတွေ၊ လမ်းပိတ်ဆို့မှုဒဏ်တွေကြောင့် ဒေသခံတောင်သူတွေရဲ့လူမှုစီးပွားဘဝမှာ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။
အဲဒီလိုအခက်အခဲတွေထဲ စိုက်ပျိုးစရိတ်၊ လုပ်အားခတွေရင်းနှီးမြှုပ်နှံထားတဲ့ ဖရဲစိုက်တောင်သူတွေမှာ ထွက်ရှိလာတဲ့သီးနှံတွေကိုရောင်းချဖို့ ဈေးကွက်ပျောက်ဆုံးနေကြတယ်လို့ ဖရဲစိုက်တောင်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် ဒေသတွင်းထွက်ကုန်တွေအတွက် စျေးကွက်၊ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ပြောင်းလဲနိုင်မယ့် စက်မှုလုပ်ငန်းတွေနဲ့ ခိုင်မာတဲ့ဈေးကွက်ချိတ်ဆက်မှုတွေလိုအပ်နေတယ်လို့ တောင်သူတွေကဆိုကြပါတယ်။






