Border News Agency
ပဲခူး၊ ဇန်နဝါရီ ၁၁။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်က ဆားဂွန်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်စခန်းကို ဇန်နဝါရီလ ၁၁ ရက်၊ ဒီနေ့မနက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်နေပြီး စစ်ကော်မရှင်တပ်ဘက်ကလည်း ဖြူးချောင်းတံတားပေါ်ကနေ စစ်ကူအင်အားအမြောက်အမြားနဲ့ ခုခံနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ စစ်ကားတွေပေါ်မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားရာ ဆားဂွန်းကျေးရွာဟာ ဇေယျဝတီအမြန်လမ်းအတက်အနီးမှာရှိပြီး တိုက်ပွဲတွေကြောင့် ကျေးရွာအတွင်းရှိဒေသခံပြည်သူတွေမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စစ်ကော်မရှင်တပ်လမ်းတွေကို ပိတ်ဆို့ထားပြီး ပြည်သူတွေကိုရွာပြင်ထွက်ခွင့်မပေးဘဲ တားမြစ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။






