Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၁၃။
စစ်ကော်မရှင်ပြုလုပ်နေတဲ့ ဒုတိယအဆင့် ရွေးကောက်ပွဲကျင်းပစဉ်အတွင်း နိုင်ငံအနှံ့မှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက မြို့နယ်အတော်များများမှာ ဒရုန်းဗုံးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပြီး အရပ်သားတဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာလည်း အုပ်ချုပ်ရေးမှူးနေအိမ်မီးလောင်ပျက်စီးခဲ့တာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ ဒီလုပ်ရပ်တွေဟာ ရွေးကောက်ပွဲပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ စွပ်စွဲပြောဆိုထားပါတယ်။
မြို့နယ်တရာမှာကျင်းပခဲ့တဲ့ ဒုတိယအဆင့်ရွေးကောက်ပွဲမဲရလဒ်တွေဟာ ကြံ့ခိုင်ရေးပါတီ (USDP) က အများဆုံးအနိုင်ရနေတယ်လို့လည်း စစ်ကော်မရှင်ကဆိုပါတယ်။






