Border News Agency
တက္ကနပ်၊ ဇန်နဝါရီ ၁၄။
အာရက္ခတပ်တော် (AA) တိုက်ခိုက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးလာတဲ့ အကြမ်းဖက်သမားငါးဆယ့်နှစ်ဦးကို တရားမဝင်ကျူးကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုလိုက်ပြီး အကျဉ်းထောင်သို့ ပို့လိုက်ပါတယ်။
အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းသမားတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုလှုံဖို့ပြေးဝင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီထဲက ဒဏ်ရာရထားသူတဦးကလွဲပြီး ကျန်တဲ့ငါးဆယ့်နှစ်ဦးကို တက္ကနပ်ရဲစခန်းက အမှုဖွင့်ကာတရားစွဲဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းအရင်းအမြစ်က ဆိုပါတယ်။
အာရက္ခ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် ဇန်နဝါရီလ ၁၃ ရက်၊ နေ့က နှစ်နိုင်ငံနယ်စပ်၊ တက္ကနာ့ဖ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခအစိုးရ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်မှာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတဲ့ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေအရေး ၊ နှစ်နိုင်ငံပြည်သူတွေ ဘေးကင်းလုံခြုံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရနေကြသလို မလုံခြုံမှုတွေကိုခံစားနေကြရတာမို့ ဆန္ဒပြတောင်းဆိုတာတွေလည်း ပြုလုပ်နေကြပါတယ်။
အဲဒါကြောင့်အာရက္ခတပ်တော်ဟာ အာရက္ခ – ဘင်္ဂလားနယ်စပ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး အကြမ်းဖက်နှိမ်နင်းရေးတွေပြုလုပ်နေပါတယ်။







