Border News Agency
ဖလမ်း၊ ဇန်နဝါရီ ၁၄။
ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဟားခါး-ဖလမ်း လမ်းပိုင်းရှိလဲန်သဲ (Lente) ကျေးရွာကို ဇန်နဝါရီလ ၁၄ ရက်၊ ဒီနေ့မနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလဲန်သဲကျေးရွာကို ဒီနေ့ မနက်အစော ၁ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် RC ခရစ်ယာန်ဘုရားကျောင်းနဲ့ Revival Baptist Church (RBC) ဘုရားကျောင်းတို့ ပျက်စီးသွားသလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလဲန်သဲရွာဟာ ဟားခါး-ဖလမ်းကြားမှာရှိပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက ဝေဘူလဘက်ကတက်လာတဲ့ စစ်ကော်ရှင််တပ်နဲ့ တော်လှန်ရေးတပ်တွေအပြန်အလှန် ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြတာကြာပြီဖြစ်လို့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူးလို့ဆိုကြပါတယ်။
အဲဒီအင်အားရာချီပါတဲ့ စစ်ကော်မရှင်စစ်တပ်ကြောင်းဟာ ဖလမ်းမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ လဲန်သဲရွာဘက်ကနေ ဖလမ်းမြို့ဘက်ကို စစ်ကြောင်းထိုးတက်လာနေတယ်လို့ သိရပါတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။






