Border News Agency
ဖားအံ၊ ဇန်နဝါရီ ၁၄။
ဖားအံခရိုင်၊ KNLA တပ်မဟာ ၇ နယ်မြေထဲကို စစ်ကော်မရှင်ရဲ့ ခမရ – ၅၄၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၁၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ဖွဲ့တွေဖြစ်တဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် စည်သူဟိန်းနဲ့ အသက်နှစ်ဆယ့်လေးနှစ်အရွယ် တပ်သားမောင်မောင်စိုးတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။
သူတို့ဟာပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကတည်းက လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။
အဲဒီတပ်သားနှစ်ဦးဟာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မဖမ်းဆီးတာကိုခံရပြီးနောက် စစ်မှုထမ်းဖို့ခိုင်းစေခံနေရတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းနေရသူတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအလင်းဝင်ကြဖို့ KNU က တိုက်တွန်းထားပါတယ်။






