Border News Agency
ဂမ်ဘီယာ၊ ဇန်နဝါရီ ၁၆။
မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေဆက်ပြီး ကျူးလွန်နေသလို ICJ ရဲ့ ကြားဖြတ်အမိန့်တွေကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ ဂမ်ဘီယာရှေ့နေတွေက ဇန်နဝါရီလ ၁၅ ရက်၊ မနေ့ကအထောက်အထားသစ်တွေနဲ့ လျှောက်လဲခဲ့ပါတယ်။
အဲဒီလူမျိုးတုန်းသတ်ဖြတ်မှာထဲမှာ ၂၀၂၅ ခုနှစ်အတွင်းရိုဟင်ဂျာ ငါးထောင်ကျော်ကိုအတင်းအဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းတိုက်ပွဲတွေမှာ လူသားဒိုင်းကာအဖြစ် အသုံးချခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို စစ်ကော်မရှင်ကအခုထိ ဆက်လုပ်နေတာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
စစ်ကော်မရှင်ဟာလူမျိုးတစုလုံး ပျက်စီးသွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး ၂၀၂၄ ခုနှစ်တုန်းကလည်း WFP ရဲ့ ရိက္ခာဂိုဒေါင်ကို မီးရှို့ဖျက်ဆီးကာ အငတ်ဘေးဆိုက်အောင် ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ဒုက္ခသည်စခန်းတွေမှာ ငတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေအထိရှိနေခဲတယ်လို့ ဂမ်ဘီယာကတရားရုံးမှာ တင်ပြခဲ့ပါတယ်။
အဲဒီအပြင်လူမှုကွန်ရက်တွေကနေတဆင့် ဘာသာရေးအမုန်းစကားတွေကို ဆက်တိုက်ဖြန့်ဝေပြီး လူမျိုးရေးရန်တိုက်ပေးနေသလို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူတွေကိုလည်း အရေးယူဖို့ ပျက်ကွက်နေတာကြောင့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ရိုဟင်ဂျာခြောက်သိန်းခန့်ဟာ စစ်ကော်မရှင်ရဲ့ ဖိနှိပ်မှုနဲ့လူမျိုးရေးခွဲခြားတဲ့ အုပ်ချုပ်မှုအောက်မှာ အဆိုးဝါးဆုံးဒုက္ခခံစားနေရတယ်လို့လည်းဆိုပါတယ်။





